ကြောက်ရွံ့ခြင်းမှ လွတ်မြောက်သော လွတ်လပ်မှုကို
အို… ငါ၏ မိခင်မြေပြည်အတွက်
ငါ တောင်းဆိုပါသည်။
ခေတ်အဆက်ဆက်၏ အလေးချိန်အောက်တွင်
ခေါင်းငုံ့ရင်း
ကျောကို ချိုးဖဲ့ခံရင်း
အနာဂတ်၏ ခေါ်သံကို
မျက်စိမမြင်နိုင်အောင် ပိတ်ဆို့ထားရခြင်းမှ
လွတ်မြောက်သော လွတ်လပ်မှုကို—
ည၏ တိတ်ဆိတ်မှုအတွင်း
အိပ်မောခြင်း၏ ချုပ်ကိုင်မှုဖြင့်
ကိုယ်တိုင် ကိုယ်ကိုယ်
ချည်နှောင်ထားပြီး
အမှန်တရား၏ စွန့်စားခရီးကို ပြောပြသော
ကြယ်ကို မယုံကြည်တော့သော အခြေအနေမှ
လွတ်မြောက်သော လွတ်လပ်မှုကို—
ကံကြမ္မာ၏ အလှည့်အပြောင်းအောက်တွင်
လှေရွက်များကို မျက်စိမမြင်သော
မသေချာသည့် လေတိုက်သံများသို့
အားနည်းစွာ လွှဲပေးထားရပြီး
လှေဦးကိုလည်း
သေခြင်းကဲ့သို့ တင်းမာအေးစက်သော
လက်တစုံထံ အပ်နှံထားရခြင်းမှ
လွတ်မြောက်သော လွတ်လပ်မှုကို—
ရုပ်ပုံအရုပ်များ၏ ကမ္ဘာထဲတွင်
နေထိုင်ရခြင်းဆိုသော
အရှက်ခွဲမှုမှ
လွတ်မြောက်သော လွတ်လပ်မှုကို—
ဉာဏ်မဲ့သော ကြိုးများဖြင့်
လှုပ်ရှားစေခံရသော အပြုအမူများ၊
အတွေးမပါသော အလေ့အကျင့်များဖြင့်
ထပ်ခါထပ်ခါ ပြုလုပ်ရသော လှုပ်ရှားမှုများ၊
ပြပွဲ၏ အရှင် အမိန့်ကို
စိတ်ရှည်စွာ၊ နာခံစွာ စောင့်နေကြသော
ရုပ်ပုံများက
အသက်ရှိသကဲ့သို့
အတုအယောင် လှုပ်ရှားလာရသည့်
ဘဝအတုအယောင်မှ
လွတ်မြောက်သော လွတ်လပ်မှုကို—
အို… ငါ၏ မိခင်မြေပြည်အတွက်
ငါ တောင်းဆိုပါသည်။ ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment