(တိုင်းပြည်ထွက်ပြေး နိုင်ငံရေးလုပ်သူတယောက် ဟိုရောက်ဒီရောက်)
ညတုန်းက Hospice အကြောင်းစာ တင်သေးတယ်။ အခုမနက်မှာ ဒေါက်တာစိန်ဝင်း ကွယ်လွန်တဲ့သတင်း ရောက်လာတယ်။
ကျွန်တော် ယူအက်စ်အေကို ရောက်လာပြီးနောက်မှာ ဆရာစိန်ဝင်းက တခါတခါ ဖုန်းခေါ်လေ့ရှိပါတယ်။ ရှေးဟောင်းနှောင်းဖြစ်တွေ အပြန်အလှန်ပြောကြတယ်။
၂၀၂၁ စစ်အာဏာသိမ်းတော့ တပတ်တခါ ခေါ်တယ်။ သူက နိုင်ငံရေးအကြောင်းတွေကို ပြောလေ့ရှိတယ်။ သူ့သုံးသပ်ချက်တွေကို ပြောပြတယ်။
ရယ်စရာမောစရာလည်း ပြောပါတယ်။
ကျွန်တော် နယူးဒေလီမှာနေစဉ်က ဝါရှင်တန်ဒီစီကို အစည်းအဝေးလာတက်ရတယ်။ ၅ ကြိမ်။
ဒေါက်တာစိန်ဝင်းမိသားစု မရောက်ခင်ကက ကျွန်တော်က သူ့အိမ်မှာသာတည်းတယ်။
တခြားလူမရှိရင် ကျွန်တော်က ညစာချက်ရတယ်။
ရုံးဒါရိုက်တာ အလှည့်ကျလာလုပ်တဲ့ ဦးနွယ်အောင် (ဂျာမဏီ) နဲ့ ကိုမြင့်ဆွေ (ဂျိမ်း မြင့်ဆွေ) တို့ကလည်း ဝန်ကြီးချုပ်အိမ်မှာ အတူတူ။ သူတို့အရင် ဘင်ဂျမင်ကြာဥ (ကချင်) ရှိရင်တော့ ဘင်ဂျမင်ကသာ ချက်တယ်။ ဟင်းချက်ကောင်းသူ။ NCGUB နဲ့ UWSA (ဝ) နဲ့ ဆက်သွယ်ရေးတာဝန်ယူတယ်။
ဦးဝင်းခက် (ကွယ်လွန်) ကလည်း ယူအက်စ်အေကိုလာတိုင်း ဝန်ကြီးချုပ်အိမ်မှာသာ တည်းခိုတယ်။
၁၉၉၀ ခုနှစ်ရွေးကောက်ပွဲအပြီး စင်ပြိုင်အစိုးရဖွဲ့ရေး ကြိုးပမ်းကြတော့ ဝန်ကြီးချုပ်နေရာကို ဘယ်သူ့ကို ထားသင့်သလဲ အဆုံးအဖြတ်ကနေ ဒေါက်တာစိန်ဝင်းကို ရွေးကြတယ်။ အဲဒီအစည်းအဝေးမှာ ကျွန်တော် မပါခဲ့ပါ။
ဒါပေမဲ့ ဒေါက်တာစိန်ဝင်းကို ဝန်ကြီးချုပ်လုပ်ဖို့ သွားပြောတော့ ဦးဘိုလှတင့်၊ ကျွန်တော်နဲ့ ကိုရန်အောင်။
ဆရာစိန်ဝင်းနဲ့အတူ နိုင်ငံတကာ အစည်းအဝေးတွေကို အတူတူသွားခဲ့ရတာ မနည်းပါ။ ဥရောပသွားရင် ဂျာမဏီက ဦးနွယ်အောင်(ကွယ်လွန်) က ကားမောင်းတယ်။ အဲဒီကာလမှာတော့ ဒေါက်တာစိန်ဝင်းမှာ နှလုံးရောဂါ မရှိသေးပါ။ နောက်တော့ ရောဂါရှိလာတယ်။
၂၀၁၄ ကျွန်တော် ယူအက်အေကို ရောက်လာပြီး မကြာခင် မေရီလန်းနဲ့ ဝါရှင်တန်ဒီစီကို အလည်သွားတော့ ဆရာစိန်ဝင်းဆီရောက်ပါတယ်။ ရှေးဟောင်းနှောင်းဖြစ်တွေနဲ့ ရယ်စရာမောစရာတွေ ပြောကြတယ်။
ကနေဒါမှာနေတဲ့ ဂျိမ်းမြင့်ဆွေရေးတဲ့
Cannon Soldiers of Burma: A Part of Burmese History Largely Unknown to Its Modern Peoples & the World Book by James Myint Swe စာအုပ်ကို ဒေါက်တာစိန်ဝင်းက ပေးလိုက်တယ်။
၂၀၂၅ ခုနှစ် မကုန်ခင်က ဒေါက်တာစိန်ဝင်းဆီသွားလည်တော့ စာအုပ်တွေအကြောင်းသာ ပြောတယ်။ စာအုပ်ကောင်း စာအုပ်ဟောင်းတွေ။ သူ့အိမ်မှာ စာအုပ်စင်တွေ ထားတယ်။ သူ့ဆီက ကျွန်တော်လိုချင်တဲ့ စာအုပ် ၄-၅-၆ အုပ်ကို ဒေါ်စီစီက ပေးလို့ယူလာခဲ့တယ်။
ဆရာစိန်ဝင်းက စာအုပ်သမား။ စာမျိုးစုံကို ဖတ်တယ်။
သူ့စာအုပ်စင်မှာ ဟစ်တလာစာအုပ်ကို တွေ့လို့ သူ့သား လရောင်က မေးပါသတဲ့။
ဆရာက ပြန်ပြောတယ်။
“ငါက ဟစ်တာလာအကြောင်းလည်း ဖတ်တယ်။ ဂန္ဓီစာအုပ်လည်း ဖတ်တယ်။”
ကျွန်တော် မာနယ်ပလောကို ၁၉၉၃ ခုနှစ်မှာ ပဌမဆုံးအကြိမ်ရောက်တော့ ဒေါက်တာစိန်ဝင်းနဲ့အဖွဲ့က ဘန်ကောက်ရောက်နေကြတယ်။ ယူအင်လော်ဘီ ထွက်မလို့။
ဒေါက်တာစိန်ဝင်းက မာနယ်ပလောရောက်လာကြတဲ့ ကချင်အမတ်တွေကို NCGUB နဲ့ သူ့ကိုယ်စား ကျွန်တော့်ကို ကြိုဆိုစကား ပြောခိုင်းပါတယ်။
ကချင်အမတ် ၅ ဦးနဲ့ ခင်မင်ရင်းနှီးရတယ်။ သူတို့လည်း KIA လက်နက်နဲ့ငြိမ်းချမ်းရေးလဲမဲ့ အစီအစဉ် မတိုင်ခင်လေးမှာ မာနယ်ပလောကနေ ပြန်လည်ထွက်ခွါမဲ့အကြောင်းကို ကျွန်တော်တဦးတည်းကို ရှင်းပြကြပါတယ်။ သူတို့ထွက်ခွါတော့မှ NCGUB ကို တင်ပြခဲ့တယ်။
အဲဒီကတည်းက ဒေါက်တာစိန်ဝင်းကို ထိုင်းက ပြန်ဝင်ခွင့် မပေးတော့ပါ။ နှစ်တွေကြာတော့ တခြားသူတွေကို ဗီဇာပြန်ပေးတယ်။ ဆရာစိန်ဝင်းကတော့ ထိုင်းကို ပြန်မလာ။
ထိုင်းကိုပြန်မလာရတဲ့အတွက် ဝါရှင်တန်ဒီစီမြို့တော် ၁၅ လမ်းမှာ NCGUB ရုံးရယ်လို့ ဖြစ်လာပါတယ်။
ဆရာစိန်ဝင်းက သွားနှင့်ပြီ။ သူဦးဆောင်ခဲ့တဲ့ NCGUB နဲ့ သူ့သမိုင်း ကျန်ရစ်ပါတယ်။
NCGUB ကို စနစ်ကျဖွဲ့စည်း၊ တတ်စွမ်းသလောက်လုပ်ဆောင်ပြီးနောက်မှာ ကိုယ်တိုင်နိုင်ငံရေးဆုံးဖြတ်ချက်နဲ့ ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီလို တရားဝင်ဖျက်သိမ်းခြင်းအဆုံးအဖြတ်ဟာ ဒေါက်တာစိန်ဝင်းဆီကလာတာ။ ပြီးတော့ NCGUB/MPU အစည်းအဝေးတွေ အနည်းဆုံး ၃ ကြိမ်လုပ်ပြီးမှ ဖျက်သိမ်းကြောင်းစာ ထုတ်ပါတယ်။ အဲဒီစာကို တာဝန်ကျသူတွေက ရေးသားကြပြီး ပြန်ကြားရေးတာဝန်ရှိတဲ့ ကျွန်တော်က စာကို အချောသတ်ပြီး ထုတ်ပြန်ပါတယ်။ ၁၄-၉-၂၀၁၂ နေ့။ စဖွဲ့ကြတာက ၁၈-၁၂-၁၉၉၀။
အသင်းအဖွဲ့တိုင်းမှာ အစ၊ အလယ်၊ အဆုံး ရှိရပါတယ်။
ကျွန်တော်က ဆရာစိန်ဝင်း ကျန်းမာရေးအခြေအနေကို မနက်တခါ ညတခါ ဦးခင်ကျော်ဟန်ဆီ လှမ်းမေးရတယ်။
ဒေါ်မြမြအေးက ဒေါ်စီစီနဲ့ စကားပြောရတယ်။ ညတုန်းကတော့ ဆရာစိန်ဝင်းကို ရည်မှန်ပြီး ပရိတ်ရွတ်ပါသတဲ့။ ကိုယ်တတ်နိုင်တာ။
ကျွန်တော်က ဒေါက်တာစိန်ဝင်းရဲ့ ကျန်းမာရေးကို MPU ကိုလည်း အသိပေးပါတယ်။
MPU ဆိုတာ NCGUB အစိုးရရဲ့လွှတ်တော်။ ၄ နှစ်တကြိမ် ညီလာခံ ကျင်းပပြီး မဲနဲ့ ဝန်ကြီးချုပ်ကို ရွေးခဲ့ကြပါတယ်။ နောက်ဆုံးညီလာခံမှာတော့ ဝန်ကြီးအဖွဲ့ကိုပါ မဲပေးရွေးပါတယ်။
ဓါတ်ပုံ = ၁၄-၁၂-၁၉၉၉ ဆွီဒင်နိုင်ငံ၊ Bommersvik ဗွန်မားစဗစ်တွင် ကျင်းပသည့် ပြည်ပရောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်ကြသူများ
လက်တန်းရေးလိုက်ပါတယ်။ ရေးစရာတွေ အများကြီးရှိသေးတယ်။
ဒေါက်တာစိန်ဝင်းက သွားနှင့်ပြီ။ သူဦးဆောင်ခဲ့တဲ့ NCGUB နဲ့ သူ့သမိုင်း ကျန်ရစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment