(တိုင်းပြည်ထွက်ပြေး နိုင်ငံရေးလုပ်သူတယောက် ဟိုရောက်ဒီရောက်)
ကျွန်တော်တို့က အစည်းအဝေးထဲမှာ မဟုတ်လည်း အပြင်မှာပါ ဝန်ကြီးချုပ်လို့သာ အခေါ်များပါတယ်။
ကျွန်တော် နယူးဒေလီရုံးမှာ တာဝန်ကျစဉ်က အစည်းအဝေးအတွက် ဝါရှင်တန်ဒီစီ မှာရှိတဲ့ NCGUB ရုံးကို ၅ ခေါက်တိတိ လာခဲ့ရတယ်။
(၁)
ဝန်ကြီးချုပ်ရဲ့မိသားစု (ဇနီးနဲ့ သမီး) တို့ ယူအက်စ်အေကို ရောက်မလာခင် ကျွန်တော်က ဝန်ကြီးချုပ်အိမ်မှာဘဲ တည်းပါတယ်။ အိမ်ဆိုတာ မေရီလန်းမှာရှိတဲ့ တိုက်ခန်းသာဖြစ်ပါတယ်။ ကျွန်တော်က ဆိုဖါရှည် ပေါ်ဖြစ်ဖြစ် ကြမ်းပြင်မှာဖြစ်ဖြစ် အိပ်တယ်။
သူ့မိသားစုရောက်လာပြီးနောက် အတော်ကြာမှသာ အိမ်လေးတလုံး ဝယ်နိုင်တယ်။ အဲဒီအချိန်မှာ ဝန်ကြီးချုပ်တာဝန်လည်း မရှိတော့ပါ။ အိမ်ကလည်း ပကာသန အလှအပတွေ မရှိပါ။ ဆိုဖါ မရှိ။ တီဗွီ မရှိ။ အိုင်ဖုန်း ကွယ်လွန်တဲ့အထိ မသုံးပါ။ စောစောပိုင်းနှစ်တွေမှာ အီးမေးလ်ကိုသာ သုံးတယ်။ သူ့မှာ လက်ပတော့ အဟောင်းလေးတလုံးရှိတယ်။
တခါတော့ ဝန်ကြီးချုပ်က ပြောပါတယ်။
“အေးဗျာ ( - ) မှာ အိမ်ကြီးအိမ်ကောင်းနဲ့နေတဲ့ ( - ) ဆိုသူက NCGUB အကြောင်း အကောင်းမပြောဘူးဗျ။”
(၂)
ရုံးအားရက်ဆိုရင် ဝန်ကြီးချုပ်နေတဲ့တိုက်ခန်းကနေ ကျွန်တော်နဲ့အတူ လမ်းလျှောက်ထွက်ကြတယ်။ အိမ်မှာ ဘာမှမစားခဲ့ရတော့ လက်ဖက်ရည်ဆိုင် (အမှန်က ကော်ဖီဆိုင်) ထိုင်ကြတယ်။ အိမ်ရှင်ဖြစ်တဲ့ ဝန်ကြီးချုပ်က ကျွေးရမှာ။ သူက တခါတခါရယ်စရာပြောပါတယ်။ ကျွန်တော့ကိုလည်း ဆရာလို့ခေါ်လေ့ရှိတယ်။
“ဆရာ ကြိုက်တာမှာစား။ ၃ ကျပ်ထက်မပိုစေနဲ့။”
ဝါရှင်တန်ဒီစီထဲ ရုံးတက်တဲ့အခါမှာလည်း အများအားဖြင့် အိမ်ကနေယူလာတဲ့ ထမင်းဗူးကို မိုက်ခရိုဝေ့ဖ်မှာ နွှေးပြီး ဝိုင်းထိုင်ပြီးစားကြပါတယ်။ နေ့လယ်စာစားပြီးတိုင်း ဝန်ကြီးချုပ်က လမ်းလျှောက်ခေါ်တယ်။ ကျန်းမာရေး။
NGUB ရုံးနဲ့ အမေရိကန်သမတ အိမ်ဖြူတော်၊ လွတ်လပ်ရေးကျောက်တိုင် နီးလို့ တပတ်လျှောက်ကြတယ်။ စကားတွေ ပြောကြတယ်။
သူက ရိုးစင်းတယ်။ မာနမရှိ။ အကြွားအဝါကင်းကယ်။
(၃)
ကျွန်တော်တို့ အစိုးရသက်တမ်း ၂၂ နှစ်မှာ ရုံးလည်ပတ်စရိတ်၊ ဝန်ကြီးအဖွဲ့အထောက်အပံ့အတွက် နော်ဝေအစိုးရနဲ့ အမေရိကန် NED အဖွဲ့ (အခု အဲဒီအဖွဲ့ကြီးကို ထရမ့်က ဖျက်လိုက်ပြီ) ကနေ အကူအညီ ရပါတယ်။ တနှစ်တခါ ပရပိုဇယ်တ င်ရတယ်။ တနှစ်တခါ စာရင်းစစ်ထားပြီး ဘဏ္ဍာရေးအစီရင်ခံစာနဲ့ လုပ်ငန်းအစီရင်ခံစာ တင်ရတယ်။ တင်တာကို စစ်ဆေး၊ အသစ်တင်တာကို စိစစ်၊ မေးလိုတာမေးမြန်းပြီး ကျေနပ်မှသာ နောက်တနှစ်စာရပါတယ်။
စာရင်းစစ်ဆိုတာ သူတို့ဥပဒေနဲ့ အတိအကျကိုက်ညီတယ်။ ဘဏ္ဍာရေးနဲ့ စာရင်းစစ်ကိုလည်း ရုံးကနေလစာပေး ခန့်ထားရတယ်။
တရက်တော့ ဝန်ကြီးချုပ်က မကျေနပ်သံနဲ့ ပြောပြပါတယ်။
“ပိုက်ဆံလည်း တပြားမှမကူတဲ့သူက စာရင်းစစ်ချင်တယ်တဲ့ဗျာ။”
ကျွန်တော်တို့ခေတ်မှာ အများပြည်သူဆီကနေ ငွေကြေးအကူအညီ တပြားမှ မရပါ။ မတောင်းခဲ့ပါ။
(၄)
ကျွန်တော်တို့ မကြာမကြာ အိမ်နဲ့ မဝေးလှတဲ့ Barnes & Noble စာအုပ်ဆိုင်ကို လမ်းလျှောက်ပြီး သွားလေ့ရှိကြတယ်။
တခါမှာတော့ ဝန်ကြီးချုပ်က ပေါ့ကက် ဒေရှင်နရီ ဆင်တူ ၂ အုပ်ဝယ်ပါတယ်။ သူနဲ့ ကျွန်တော့ကြား အရေးပါတဲ့ သတင်းစကားအတွက် လျို့ဝှက်ဆက်သွယ်ရေးစနစ်အတွက်။
အိမ်ရောက်တော့ သူက သင်ပေးပါတယ်။ စာမျက်နှာနံပတ်၊ စာကြောင်းရေ၊ စာလုံး စတာတွေ။ အေ၊ ဘီ၊ စီ စသည်။
ဆရာ့အေကြာင်း ပြောစရာလေးတွေ ရှိပါတယ်။
NCGUB Meeting in Dublin 2000
ဒေါက်တာတင့်ဆွေ

Comments
Post a Comment