ကာတွန်းထဲက အရှေ့ဖက်နဲ့ အနောက်ရပ်စာလုံးတွေကို တင်ပြပါတယ်။ ဟိုအရင်က ကာတွန်းတွေဟာ ပညာ၊ ဟာသတွေသာမက သတ်ပုံလည်း သင်ပေးသလို မှန်ခဲ့တယ်။ ကြာပါပြီ။ အခုတော့ -
- အရမ်းလှနေလို့ အရှေ့က(ရှေ့က) ကလေးတွေကလည်းလိုက်မယ်ဆိုတာချည့်
- ဆရာရှင့် အနောက် နဲ့ နောက် ဘယ်လိုကွာခြားလဲဆိုတာ ရှင်းပြပေးပါရှင့်။
- အနောက်က(နောက်က) ဆင်ထိန်းသခင်က ဆင်ကြီးကို သူ မတွန်းတင်နိုင်မှန်းသိတယ်။ တကယ်တော့ သူတွန်းတင်ဖို့ ကြိုးစားနေတာလဲ မဟုတ်ဘူး။ လက်ကလေးတင်ပြီး "မင်းဘာမှအားမငယ်နဲ့ မင်းနောက်မှာ ငါရှိတယ်" ဆိုပြီး အားပေးနေတာ။
- မြားတစင်းဟာ အနောက်ကိုဆွဲမှသာ အရှေ့ကို ပစ်နိုင်တာလေ။ အဲ့လိုပဲ ဘဝက အခက်အခဲတွေနဲ့ အနောက်ကို ဆွဲငင် ခေါ်ယူခံလိုက်ရတယ်ဆိုရင်လို့ ရေးထားတယ်။ မှားနေတယ်။ နောက်ကိုဆွဲမှသာ၊ ရှေ့ကိုပစ်နိုင်နဲ့ နောက်ကိုဆွဲငင်လို့ ရေးသင့်တယ်။ နောက်ဆိုတာ နောက်ဖက်မျက်နှာကို အလွယ်ပြောတာ။ အရပ်မျက်နှာ မဟုတ်ပါ။ ရှေ့ဆိုတာလည်း ရှေ့ဖက်အရပ်ကို ပြောတာ။
အရပ်မျက်နှာလေးခု = အရှေ့-အနောက်-တောင်-မြောက်။
ညွှန်းရာအရပ်လေးခု = ရှေ့-နောက်-ဝဲ-ယာ။
အင်္ဂလိပ်စာလုံးနဲ့တွဲပြောရင် ပိုရှင်းမယ်။
East = အရှေ့အရပ်၊
Front = ရှေ့ဖက်၊ ရှေ့မျက်နှာ။
ဆေးစာမှာ Anterior = ရှေ့ဖက်။
West = အနောက်အရပ်၊
Back = နောက်ဖက်၊ ကျောဖက်။
ဆေးစာမှာ Posterior = နောက်ကျောဖက်။
မြန်မာစာမှာ ကြိယာစာလုံးကို အ ထည့်ရင် နာမ်ဖြစ်တဲ့စာလုံးတွေ များတယ်။ အစားအစာ၊ အသွားအလာ၊ အက၊ အလှ စသည်။
နောက်ကလူ = နာမဝိသေသန။
နောက်ကသွား = ကြိယာဝိသေသန။
အနောက် = နာမ်။
နောက်ကိုဆွဲ = ကြိယာဝိသေသန။
ရှေ့ကိုပစ် = ကြိယာဝိသေသန။
ခင်ဗျားက အရှေ့အရပ်ကို ကျွန်တော့်ရှေ့က သွားနှင့်ပါ။ ကျွန်တော် နောက်လိုက်ပါမယ်။ အနောက်အရပ်ကိုတော့ ကျွန်တော်တို့ မသွားသင့်ကြပါ။
• အနောက်က မမှန်။ ဆင်က အရှေ့-အနောက်-တောင်-မြောက် ဘယ်အရပ်မျက်နှာကို လှည့်နေတယ်ဆိုတာ မသိ။ ဘယ်အရပ်မျက်နှာဘက်ကိုလှည့်လှည့် နောက်က ဆင်ထိန်းလို့ ရေးရမယ်။ ဆင်၏နောက်မှာ လူရှိ၏။ ဆင်၏ရှေ့မှာ ကားရှိ၏။
• ဒီစာအုပ်ပြီးလျှင် နောက်တအုပ်ဖတ်ပါ။
• နေ့ပြော နောက်ကြည့်။
• နောက်ကျာခွဲ အကျႌဝတ်ထားသည်။
• နောက်ကျောဘက်က နာနေသည်။
• နောက်ကြောင်းတွေကို ပြန်စဉ်းစားနေ၏။
• နောက်ခါ လာလည်ပါဦး။
• နောက်စိမှာ ဒဏ်ရာရထားသည်။
• နောက်ဆေးကို တလနေလျှင် ထိုးပါ။
• နောက်တချီ ဒီတလုံး ဖုံးလိုက်ပြန်ပါ။
• နောက်တယောက်ကို အလှည့်ပေးပါ။
• နောက်နေ့အတွက် အလုပ်တွေချန်ထားသည်။
• မြစ်အနောက်ဖက်ကမ်း။
• သင့်နောက်မှာ လူရှိတယ်။
• သင့်နောက်လူသည် အနောက်ဖက်ကို မျက်နှာမူနေ၏။
• အနောက်တိုင်း ယဉ်ကျေးမှု။
• အနောက်နိုင်ငံတွေမှာ အရှေ့တိုင်းသားတွေလည်း နေထိုင်ကြပါသည်။
• အနောက်ဖက်အိမ်က သူငယ်ချင်း။
• အနောက်အရပ်မှာ နေဝင်သည်။
• အိန္ဒိယနိုင်ငံသည် မြန်မာပြည်၏ အနောက်ဖက်မှာတည်ရှိသည်။
ဒေါက်တာတင့်ဆွေ

ဖတ်ရှု မှတ်သားပါတယ် ဆရာကြီး
ReplyDelete