ပြက္ခဒိန်တွေက အတော်အဆင်မပြေပါ။ တိုင်းရင်းသားလူမျိုးစုနေ့တွေ မစုံ။ တရုပ်နဲ့ ဟိန္ဒူနေ့တွေတော့ပါတယ်။ ဗုဒ္ဓဘာသာရေးနေ့တွေကလည်း အရင်ကမကြားဖူးတဲ့နေ့သစ်တွေပါနေတယ်။ ပြက္ခဒိန်တွေက အတော်အဆင်မပြေပါ။
ကျွန်တော်ငယ်ငယ်လေးကတည်းက မုံရွာမြို့မှာ အိမ်နီးချင်း ယောသူ ဒေါ်ချစ်ရဲ့ ခင်ပွန်းက ကရင်လူမျိုး ဆင်ဦးစီးလို့ သိခဲ့တယ်။ သူတို့ဆီကနေ ကဇွန်းရွက်ကို အစိမ်းစားတဲ့အကျင့်ရလာတယ်။ သူ့သားသမီးတွေနဲ့လည်း သူငယ်ချင်းတွေ။
ငယ်ငယ်က ကရင်သူပုန်အကြောင်းတွေ၊ အင်းစိန်တိုက်ပွဲအကြောင်းတွေ ဖတ်ဖူးထားတယ်။ နိုင်ငံရေးရောက်မှ တကယ့်ကရင်တောထဲ ရောက်ပါတယ်။ မာနယ်ပလောကို သုံးခေါက်ရောက်တယ်။ မျှစ်စိမ်း လတ်လတ်ဆတ်ဆတ် စားရတာ တသက်မှာ ပဌမဆုံး။ တာလဘောဟင်းလည်း အဲဒီရောက်မှသာ စားဖူးတယ်။ ဒုက္ခသည်စခန်းတွေကိုလည်း ရောက်ပါတယ်။ မာနယ်ပလော ကျသွားတော့လည်း တခြားကရင့်နယ်မြေတွေကို ရောက်တယ်။ ဟိုတနေ့ကတင်တဲ့ ပို့စ်ထဲက စွပ်ကျယ်အကျႌနဲ့ပုံဟာ ကရင်နယ်မြေတခုမှာ ကရင်ရေချိုးပြီစမှာ ရိုက်ထားတယ်။
ကရင်တောတွင်းနဲ့ နယ်စပ်ဆေးရုံတွေမှာ လူနာတွေကို ခွဲစိတ်ကုသပေးခဲ့ဖူးတယ်။ ကရင်တွေမှာဖြစ်တဲ့ရောဂါတွေက ဗမာတွေမှာဖြစ်တာနဲ့ အတူတူ။ သွေးအရောင်လည်း အတူတူဆိုတာ ဆရာဝန်ကျွန်တော်က ပိုသိတယ်။
ပုံ (၁) မာနယ်ပလောသို့ ဒုတိယအခေါက်သွားစဉ်က
ပုံ (၂) ၉-၂-၂ဝဝ၈ ထိုင်း-မြန်မာနယ်စပ် နောက်ဆုံးရောက်ခဲ့တဲ့ခရီး၊ အစည်းအဝေးနားချိန်၊ နောက်ကျောဖက်မှာက မြန်မာပြည်။
ပုံ (၃) ကရင့်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ တောစခန်းတခုမှာ NLD/LA ဗဟိုကော်မတီအစည်းအဝေးတက်စဉ်က၊ ခုနှစ် မမှတ်မိပါ။
ပုံ (၄) ၁၉၉၃ ခုနှစ်ကစပြီး ထိုင်း-မြန်မာနယ်စပ်ကို အကြိမ်ပေါင်းများစွာ သွားလာခဲ့ရတယ်။ ၁၉၉၅ ခုနှစ်အထိ ထိုင်းနယ်စပ်သွားတိုင်း မာနယ်ပလောကို ရောက်ပါတယ်။ မာနယ်ပလောမကျခင်အထိ ၃ ကြိမ်။ သောင်ရင်းမြစ်ထဲ စက်လှေနဲ့သွားရတယ်။
ပုံ (၅) ၁၉၉၃ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ယိုဇိုယိုကိုတာနဲ့သွားတွေ့စဉ်က ကရင်ဒုက္ခသည် လူနာတွေကို ဆေးဝါးကုသပေးခဲ့ပုံ။
ကရင်တွေ နေကောင်းကြပါစေ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment