တန်ခူးမိဿ ၊ စိတြ၊ လနှင့်ယှဉ်ပြိုင်ထွန်း။
ရင်ခတ်ကံကော်၊ ထုံသင်းပျော်၊ ပွဲတော်အတာညွှန်း။
ကဆုန်လဖွဲ့
ကဆုန်ပြိဿ ၊ ကောင်းကင်ဝ၊ ထွန်းပဝိသာခါ။
စကားပွင့်ဆဲ၊ ညောင်ရွှေပွဲ၊ သွန်းမြဲအချိန်သာ။
နယုန်လဖွဲ့
နယုန်မာသ၊ မေထုန်ကျ၊ ဇေဋ္ဌရောင်စုံခင်း။
စံပယ်မြတ်လေး၊ ရနံ့မွှေး၊ စာမေးသဘင်ခင်း။
ဝါဆိုလဖွဲ့
ဝါဆိုကရကဋ်၊ လပြာသာဒ်၊ တည့်မှတ်အာသဠ္ဋီ။
ပုံးညက်ငုံကင်း၊ စမ္ပီသင်း၊ ပဉ္စင်းခါတော်မှီ။
ဝါခေါင်လဖွဲ့
ဝါခေါင်သိဟ်မွန်၊ အာကာစွန်၊ သရဝဏ်ရောင်စွေးစွေး။
ခတ္တာဖူးလျှံ၊ စာရေးတံ၊ သုံးတန်ဆောင်ဖွေးဖွေး။
တော်သလင်းလဖွဲ့
တော်သလင်းဆီ၊ ကန်ရာသီ၊ ထွန်းချီအဒြ။
ရင်းမာလှိုင်မြဲ၊ ခိုင်လုံးတွဲ၊ လှေပွဲသဘင်ပ။
သီတင်းကျွတ်လဖွဲ့
သီတင်းကျွတ်ပြီ၊ တူရာသီ၊ အဿဝဏီရှိန်ဝါရွှန်း။
ကြာမျိုးလည်းစို၊ မီးမြင်းမိုရ်၊ ဗဟိုအချာထွန်း။
တန်ဆောင်မုန်းလဖွဲ့
တန်ဆောင်မုန်းဗြိစ္ဆာ၊ ကြတ္တိကာ၊ ရောင်ဝါရှိန်လို့ဖြိုး။
ခဝဲပွင့်ချိန်၊ ခင်းကထိန်၊ ရွှေအိမ်ပိုင်လည်စိုး။
နတ်တော်လဖွဲ့
နတ်တော်ခါမှီ၊ ဓနုချီ၊ မိဂသီရောင်တဆန်း။
သဇင်ဖူးယဉ်၊ ဂမုန်းအင်၊ သဘင်ဆင်တော်ပန်း။
ပြာသိုလဖွဲ့
ပြာသိုမကာရ၊ ကြယ်ဖုသျှ၊ ယှဉ်ထတူနှစ်ဖော်။
ခွါညိုနွယ်ရင်း၊ ဝတ်မှုံကင်း၊ မြင်းခင်းသဘင်တော်။
တပို့တွဲလဖွဲ့
တပို့တွဲလ၊ ကုံသို့ကျ၊ မာဃထွန်းစမြဲ။
ပေါက်လဲပွင့်တုံ၊ ဆူးပန်းငုံ၊ မီးပုံယာဂုပွဲ။
တပေါင်းလဖွဲ့
တပေါင်းခါချိန်၊ ရာသီမိန်၊ တောက်ထိန်ဖဂ္ဂုဏ။
သရဖီဖူးဆဲ၊ ပိတောက်ပွဲ၊ သဲပုံစေတီပ။
ရှေးစာကဗျာများ ကျေးဇူး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment