Skip to main content

တပေါင်းလပြည့်နေ့

တပေါင်းလပြည့်နေ့ကို ပြည်တော်ဝင်အခါတော်နေ့လို့လည်း ခေါ်ကြပြီး တချို့က ပြည်တော်ပြန်နေ့လို့လည်း ခေါ်ကြပါတယ်။ ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်းတော်မှာ မြတ်စွာဘုရားသီတင်းသုံးနေ့စဉ် အင်္ဂတိုင်းနဲ့ မဂဓတိုင်းသားတွေကို အမြိုက်တရားဟောကြားတော်မူတယ်။ အဲဒီအကြောင်းကို ကြားသိတဲ့ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးဟာ ဘုရားရှင်ကို ပင့်ဆောင်ဖို့ အမတ် ၁ဝ ဦးကို စေလွှတ်ခဲ့တယ်။ ဒါပေမယ့် ဘုရားရဲ့တရားတော်ကို နာကြားပြီး ရဟန္တာအရှင်မြတ်တွေ ဖြစ်တော်မူသွားကြတယ်။ အမတ်ကြီးကနေ ရဟန္တာဖြစ်သွားတဲ့ ကာဠုဒါယီမထေရ်က တပေါင်းလရဲ့ သာယာကြည်နူးဖွယ်ကောင်းပုံကို ဂါထာနဲ့ သီကုံးဖွဲ့ဆိုကာ ကပိလဝတ်ကို ပြန်လည်ကြွမြန်းဖို့ လျှောက်တင်ခဲ့ပါတယ်။ အဲဒီလျှောက်ထားချက်ကြောင့် ဘုရားရှင်ဟာ ရဟန္တာပေါင်း နှစ်သောင်း ခြံရံပြီး ဇာတိမြေကို ကြွချီတော်မူခဲ့ပါတယ်။ အဲဒီနေ့ကား တပေါင်းလပြည့်ကျော် ၁ ရက်နေ့ဖြစ်ပါတယ်။ ရာဇဂြိုလ်ကနေ ကပိလဝတ်ကို ရက်ပေါင်း ၆ဝ ကြာ ကြွချီခဲ့ရတယ်လို့ ဆိုပါတယ်။ ဘုရှားရှင်ဟာ ကပိလဝတ်ပြည်ကို ပြန်လည်ရောက်ရှိပြီးနောက် မဟာဓမ္မပါလဇာတ်တော်ကို ဟောကြားခဲ့ပြီး အဲဒီနောက်မှာ ခမည်းတော် သုဒေါ္ဒဒနမင်းကြီးက အရိယာဘောင်ဝင်ပါတယ်။ မိထွေးတော်ဂေါတမီကလည်း သောတာပန်တည်ရုံမက ဘိက္ခုနီသာသနာထူထောင်ခွင့်ရခဲ့တယ်။ သားတော်ရာဟုလာ အမွေတောင်းရာကနေ ရှင်သာမဏေအဖြစ် ရောက်တယ်။ 
ဂါထာခြောက်ဆယ်ပျို့ ရှင်အုန်းညို ရေးဖွဲ့ခဲ့သည်။ ကာဠုဒါယီမဟာထေရ်အရှင် လျှောက်တင်သော ဂါထာခြောက်ဆယ်ကို စီရင်ရေးဖွဲ့ထားခြင်း ဖြစ်သည်။
(၁) နေပြည်ဌာန သားဗုဒ္ဓကြွစေလိုကြောင်း မင်းသုဒ္ဓေါ် ပင့်စေခန်း
၁။ မဟာဗုဒ္ဓဟေ၊ ဦးထိပ်ဗွေဟု၊ မြုတေထွတ်ခေါင်၊ မြရိပ်ဆောင်သား၊ ရွှေညောင်ပင်မင်း၊ ဗောဓိရင်းနှိုက်၊ စင်လင်းမိုဃ်းလ၊ ပြည့်ဝန်းပသို့၊ ပုဏ္ဏမာသီ၊ ခါကောင်းပြီဟု၊ အညီကြိုက်ကုန်၊ ကဆုန်ဆန်းတက်။ ဆဲ့ငါးရက်ဝယ်၊ မွန်းချက်နေ့သွင်၊ ပေါက်လက်ကျင်သား၊ ပလ္လင်မြတ်စွာ၊ ရတနာထက်၊ သစ္စာညီးညီး၊ ပွင့်လတ်ပြီးသော်၊ ရောင်ကြီးခြောက်သွယ်၊ ဘဝဂ်ကယ်မျှ၊ ပြိုင်ဆွယ်မဲ့လျှင်း၊ တုလွတ်ကင်းသား၊ အောင်ခြင်းငါးပါး၊ သုံးလူ့ဖျားကား၊ ဘုရားအဖြစ်၊ တိုင်တုံလစ်က၊ ခုနစ်ဌာန၊ ဒေသဆန်းကြယ်၊ ထိုရပ်ဝယ်နှိုက်၊ လေးဆယ်ကိုးရက်၊ လွန်ခဲ့လျက်တည့်၊ မိန့်ပွက်မကြား၊ လူနတ်ဖျားကား၊ တရားထုံမွှန်း၊ နိဗ္ဗာန်ပန်းကို၊ စွန်းစွန်းမငှ၊ မုနိန္ဒလျှင်၊ ဓမ္မရသံ၊ သပ္ပါယ်စံရှင့်၊ သဟံပတိ၊ ဗြဟ္မာသိ၍၊ မဏိရတနာ၊ ထွန်းဝါလျံဖုံး၊ မြင့်မိုရ်လုံးရှိ၊ ရွှေကုံးပူဇော်၊ တောင်းပန်သော်မှ၊ ခြေတော်စက်တိ၊ ကြွလတ်ဘိ၍၊ ဣသိပတန၊ တောရပ်မဝယ်၊ မဉ္စဝဂ္ဂီ၊ ငါးယောက်ပြီတွင်၊ အညီညာတင်၊ ကောဏ္ဍည်းရှင်အား၊ မဂ္ဂင်ရှေးဖျား၊ ချွတ်ပေကြားသည်။ ။ တရားဟောဦး − အစတည်း။
-
အဘန်အဘန်၊ တမန်ကိုးခေါက်၊ ကိုးကြိမ်မြောက်လျှင်၊ တယောက်တထောင်၊ နောက်လိုက်ဆောင်လျက်၊ ယခေါင်ငါက၊ ပင့်လှာရလည်း၊ ငါ့ဘဘုရား၊ ငါ့ထွတ်ဖျားမှာ၊ မကြားခြင်းရာ၊ မြင့်မြဲကြာခဲ့၊ မြော်ရာမြောရှု၊ ငါ့ဘမှုကို၊ ကာဠုဒါယီ၊ အလျင်ချီ၍၊ အင်္ဂီရသော်၊ တုမဲ့ကျော်သား၊ ဗုဒ္ဓေါ်ဝီရ၊ သားချစ်ဘနှင့်၊ ဖူးရလွယ်အောင်၊ ရှေးရိုးဆောင်လျက်၊ တထောင်လည်းကောင်း၊ ခေါ်လေရှောင်းသော်၊ အကြောင်းမကျန်၊ လွမ်းခြင်းဝှန်ကို၊ မတ်မွန်ပညာ၊ လိမ္မာသောလျောက်၊ နားတော်လျှောက်လျက်၊ နှောင်းခေါက်ငါက၊ မထပ်ရအောင်၊ ဌာနတို့မြေ၊ ရောက်ပါစေလော့၊ သွားချေမတ်ရင်း၊ ဘွားဘက်ချင်းဟု၊ အခြင်းရောပြွမ်း၊ ကိုယ်နှင့်ကျွမ်း၏၊ စူးစမ်းဆင့်လှောက်၊ ဆယ်ထောင်မြောက်လျှင်၊ ဆယ်ခေါက်သံတော်၊ ပင့်ရခေါ်သည်။ ။ သုဒ္ဓေါ်သုံးလူ − မွေးဘတည်း။ (ဂါထာခြောက်ဆယ်ပျို့ -ရှင်အုန်းညို)
ဂါထာခြောက်ဆယ်ပျို့ https://dr-tint-swe.blogspot.com/2021/05/blog-post_114.html
ဟံသာဝတီတိုင်ထုတ်စာအုပ်မှာ အပိုဒ် ၈၄ အထိပါတယ်။ မြန်မာစာသတ်ပုံတွေ အကုန်မှန်တယ်။ အခုခေတ်မှာ တဝမ်းပူတွေကို စသတ်နေကြလို့ မကြာခင်မှာ "တစ်ပေါင်းလပြည့်နေ့" လို့ ရေးလာကြတော့မလား မပြောနိုင်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ပြုတ် နှင် ပြုပ်

ဆရာခင်ဗျ ဒုတိယတန်းမြန်မာဖတ်စာမှာ ပြုတ်နဲ့ ပြုပ် ဘယ်ဟာကမှန်ပါသလဲ တရုတ်စံကားပင် နွားတင်းကုပ်နားမှာရှိသည်။ အပွင့်ကိုပြုတ်ပါ။ လက်သုပ် သုပ်စားရအောင်။ အဲ့ဒီမှာ ပြုတ်လို့ရေးထားပါတယ် ပြုပ်မဟုတ်ဘူးလားခင်ဗျ။ ကျေးဇူးပြု၍ရှင်းပြပေးပါခင်ဗျ ပြုတ်က မှန်တယ်။ ပြုတ် ချက်ပြုတ်၊ ပြုတ်ဆန်၊ ပြုတ်တူ၊ ပြုတ်ဖတ်၊ ပြုတ်ပြုတ်ပြုန်း၊ ပြုတ်ရှပ်ရှပ်၊ ပြုတ်လုတဲတဲ၊ ပြုတ်ကြွေ၊ ပြုတ်ကြော်ဟင်း၊ ဖြုတ်၍ပြုတ်၊ အစပြုပ်၊ အပြုတ်တိုက်။ ပြုပ် ပြုပ်ထ၊ ပြုပ်ရှပ်ရှပ် ပြုပ်ဆတ်ဆတ် (မနူးမနပ်) ဖါးပြုပ် အရေတွန့်ရှုပ်၊ ဖါးပြုပ်ကိုယ်နှယ်။ ဝမ်းမှာ ပိုက်ထုပ်၊ ခေါ် ဖါးပြုပ်၊ ရစ်အုပ် ပ ကိုသတ်။ ဒေါက်တာတင့်ဆွေ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟု...