မတွေ့တာကြာသူတွေကိုလည်း လွမ်းကြတယ်။ မရှိတော့တဲ့ မိဘဆွေမျိုးသားချင်း သူငယ်ချင်းတွေကို အောက်မေ့ကြ လွမ်းဆွတ်ကြတယ်။ ကျွန်တော်လို ကိုယ်တိုင်းပြည်ကနေထွက်နေထိုင်ရသူတွေကိုမေးရင် ကိုယ့်တိုင်းပြည်ကိုယ် လွမ်းတယ်လို့ ပြောကြပါတယ်။
ကျွန်တော့်မှာ အဲတာတွေအကုန်ရှိတယ်။ နိုင်ငံရေးထဲမှာပါနေသူဖြစ်လို့ မတူတဲ့လွမ်းစရာလည်း ရှိသေးတယ်။ ဆရာဝန်ဖြစ်လို့ လူနာတွေကို လွမ်းတာလည်းပါသေးတာ။ လွမ်းစရာ အဆန်းတွေပါ ရှိတယ်။
အသက်အရွယ်က အိုမင်းတဲ့သူဖြစ်တော့ မျက်စိအောက်မှာတင် ပြောင်းသွားတဲ့ ခေတ်တွေကိုပါ သတိရတယ်။ သတိရတာနဲ့ လွမ်းတာ မတူပါ။ ဘုရင်ခေတ်ကို ရာဇဝင်မှာသင်ရတယ်။ ကိုလိုနီခေတ်ကို သမိုင်းမှာ ဖတ်ရတယ်။ ဂျပန့်ခေတ်အကြောင်း ပြောတဲ့လူကြီးတွေနဲ့ နေခဲ့ရတယ်။ လွတ်လပ်ရေးရတဲ့နှစ်မှာ မွေးလို့ ကနေ့ခေတ်အထိ အကုန် သိတယ်။ ကြုံရဆုံရတာနဲ့ လွမ်းတာနဲ့ မတူပါ။
မုံ့ဖိုး ၅ ပြားခေတ်မှာ ကျောင်းနေရတယ်။ ရွှေတကျပ်သား ၂ဝဝ ကျပ်ခေတ်၊ ဆီတပုံး အစိတ်ခေတ်မှာ အထက်တန်း ကျောင်းသား။ ဖဆပလ ခေတ်မှာ မဲပေးကြတာလည်း ကြုံရဖူးတယ်။ စစ်တပ်ကအာဏာသိမ်းတော့ ၁၄ နှစ်သား။ ကောလိပ်ကျောင်းသားဖြစ်လို့သာ မွှေးဆပ်ပြာဝယ်ခွင့်ရတဲ့ခေတ်မှာ ဆေးကျောင်းသားဖြစ်တယ်။ အရက်ပြန်ရှားတဲ့ ခေတ်မှာ တိုက်နယ်ဆရာဝန်။ မြို့နယ်ဆရာဝန်ဖြစ်တော့ ဆန်ရှားတယ်။ တိုင်းပြည်ကနေထွက်ပြေးချိန်မှာ ရွှေတကျပ်သား တသောင်းခွဲ။
ငယ်ငယ်က စာတွေဖတ်တာ ကာတွန်း၊ မဂ္ဂဇင်း၊ ဝတ္ထု၊ ဘာသာပြန် စုံတယ်။ ပြည်ပနိုင်ငံရေးထဲမှာ ဖတ်ရတဲ့စာတွေကတော့ မြန်မာလိုက နည်းတယ်။ ပြည်တွင်းကနေ စာအုပ်ဟောင်းတွေကို မှာယူစုဆောင်းသူတွေ ကျေးဇူးနဲ့တော့ တချို့စာအုပ်တွေ ဖတ်ရတယ်။
ယူအက်စ်အေရောက်ချိန်မှာတော့ အစစအရာရာပြောင်းပြီ။ တခုတည်းသာ တင်ပြပါရစေ။ ပေါလိုက် များလိုက်တဲ့ စာတွေ။ စာအုပ်တွေရော၊ အွန်လိုင်းမှာပါ။ နေမကောင်းလို့ မေးတာတွေကိုဖြေတော့ မေးခွန်းတွေ ဖတ်ရတယ်။ ဖေ့စ်ဘွတ် ပေါ်လာတော့ တင်တာတွေ ဖတ်ရတယ်။ အဲဒီမှာ ဒုက္ခရောက်တော့တာပဲ။
ဟာ ဘယ်လို သတ်ပုံတွေပါလိမ့်။
ဒီစာကိုရေးစဉ်က ၂၀၁၈ နှစ်ဦးမှာ ရွှေတကျပ်သား ၉ သိန်းခွဲဖြစ်တာ မအံ့သြပါ။ မြန်မာစာအရေးအသား အဲလိုပြောင်းသွားတာကိုတော့ စိတ်နာတယ်။ တကျပ်သား ၂၀၀ ကျပ် ပေးရတာကို ရွှေလို့မထင်ကြ။ စာအုပ်သမုဒ္ဒရာထဲမှာ သောက်ရေတခွက်စာ ရှာရသလို။ ရွှေဈေးတက်ပြီး မြန်မာစာဈေး ကျနေပြီ။ ကျွန်တော် တကယ်လွမ်းတာက မြန်မာစာကို တန်ဖိုးထားတဲ့ခေတ် ဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment