အမေ့ကျောင်း
နေလုံးနီနီ ညနေစောင်းတော့
အမေ့ကျောင်းကို သွားရမယ်။
ငွေဗျိုင်းဖြူရယ် ကျွန်တော်သွားတော့
လိုက်မှာလားကွဲ့ ပျော်လှတယ်။
သင့်မှာတောင်စုံ လေဟုန်စီးရင်
ဒုံးပျံကြီးထက် မြန်လိမ့်မယ်။
ဖိုးလဝါဝါ ပြူကာထွက်တော့
ကျောင်းတက်ချိန်လို့ မှတ်ရတယ်။
အမေ့ရင်ခွင် ထိုင်ခုံလုပ်လို့
ငုတ်တုပ်ကလေး ထိုင်ပါ့မယ်။
ကောင်းကင်ကြီးဟာ ကျောက်သင်ပုန်းပေါ့
ကြယ်ဝလုံးတွေ ရေးရတယ်။
ကမာ္ဘ့မြေပုံ တိမ်တွေရှိပေါ့
အလွယ်ကြည့်ရင် သိနိုင်တယ်။
အမေ့နှုတ်သံ တအေးအေးနဲ့
ကဗျာတေးတွေ သင်ပေးတယ်။
ကျောင်းအားချိန်မှာ အမေကျွေးလို့
ချိုချိုမွှေးကို စို့ပေါ့ကွယ်။
ရွှေကျားရွှေယုန် ပုံပြင်ခင်းတော့
အင်း …. အင်းလိုက်ကာ နားထောင်မယ်။
အမေ့ကြာနွယ် လက်သွယ်ပျောင်းမှာ
မျက်တောင်ညောင်းတော့ အိပ်ရောကွယ်။
သူငယ်အိပ်ချိန် ကြက်သံညောင်းမှ
အမေ့ကျောင်းလည်း ဆင်းတော့တယ်။
သွားမယ် သွားမယ်။ ။ (တင်မိုး)
မှတ်ချက် - အမေ့နှုတ်သံ 'တအေးအေး' သည် အမေ့နှုတ်သံ 'တစ်အေးအေး' မဟုတ်ပါ။
https://www.facebook.com/watch/?v=412664599913584
ဒေါက်တာတင့်ဆွေ
Comments
Post a Comment