Skip to main content

မိဘမေတ္တာ - ကိုးခန်းပျို့

လက်ဦးဆရာ၊ မည်ထိုက်စွာသား

ပုဗ္ဗာစရိယ၊ မိနှင့်ဖအား

မွေးသည့်သားတို့၊

လိုက်သားသိမှတ်၊ ကျင့်မြဲဝတ်ကား

ရိုညွတ်လေးဖင်၊ ကျေးဇူးရှင်ဟု

ပန်းတင်ဦးထက်၊ ရွှေပန်းခက်သို့

အသက်မြင့်ရှည်၊ တည်သရွေ့လျှင်

ချောသွေ့စကား၊ 

နားမထောင်လျှင်း၊ လုပ်ကျွေးခြင်းနှင့်

လယ်ခင်းကစ၊ မိဘတို့ဝယ်

ပြုဖွယ်ဖွယ်၌၊ မတွယ် မငြိ

မိမိမှုများ၊ ပစ်စွန့်ထား၍

စီးပွားရှာရှာ၊ နောင်လာမပျက်

နွယ်ဆက်မျိုးညွန့်၊ ပြန့်စိမ့်သောကြောင်း

ကောင်းသားစာရိတ်၊ မဖိတ် မယို

ထိုမှတထွေ၊ မိဘမွေကို

ခံပေထိုက်အောင်၊ ဆောင်သားခြင်းရာ

ခန္ဓာဂတိ၊ တည်မရှိလည်း

ငါ့မိ ငါ့ဖ၊ ရပလေစေ

ဖို့ဝေဒါန၊ 

ဤမျှငါးပါး၊ အတိတ်ကြားသည်၊

တရား ရှေးထုံး စဉ်လာတည်း။ ။ (ပိုဒ်-၄၆)

(ရှင်မဟာရဋ္ဌသာရ)

ရှေးစာကဗျာများ


ခေတ်အခြေအနေ မကောင်းသမျှ 

ကွန်မင့်တခု (စ) ဆရာကြီးမောင်( - )က တစ်-တ နှစ်-နှ ရှစ်-ရှ တို့နှင့်ပတ်သက်ပြီးပညာရှင်အဆင့်ရှင်းပြထားပါတယ် ဦးနေဝင်းလက်ထက်ကျမှ မြန်မာစာအဖွဲ့ကို ဖွဲ့စည်းခန့်အပ်ပြီး သတ်ပုံကျမ်းအသစ်ထုတ်ခဲ့ကြသလား ရှေးဘုရင်တွေလက်ထက်မှာမြန်မာစာကို သူ့ခေတ်နှင့်အညီမပြုပြင်မသမှတ်ခဲ့ကြဘူးလား ဦးနေဝင်းမုန်းတီးစိတ်ရယ် အခြားသူတွေကိုလည်းအာဏာရှင်တွေကပြင်သွားလို့မုန်းတီးစိတ်ဝင်သွားအောင် တွန်းပို့ချင်တဲ့စိတ်ကများနေသလား ဆရာကြီး မောင်( - )ပို့စ်အောက်မှာ အကျိုးသင့်အကြောင်းသင့် ပညာရှင်ဆန်ဆန် ဆွေးနွေးသင့်ပါတယ် (ဆုံး)

ကျွန်တော်က လူအမည်တွေကို အတတ်နိုင်ဆုံး မထည့်ပါ။

ချွတ်မရတော့မည့် ဂိုဏ်း ချုပ် ဖြစ်နေပါတယ်။ သူအရင်က ရေးတဲ့ သတ်ပုံမှန်စာအုပ် လက်ထဲမှာ ရှိတယ်။ ကွန်မင့်လိုနေရာကနေ အခါတထောင်ရေးလည်း ပြင်မည်မဟုတ်ပါ။

အကျိုးသင့်အကြောင်းသင့် ပညာရှင်ဆန်ဆန် ရေးတာတခုကို တွေ့မိပါသလား။ တရားခံက ပြန်ပြီးလျှောက်လဲချက် မရေးသေးဘူး ထင်တယ်။

မြန်မာစာအဖွဲ့သမိုင်းကြောင်း၊ စာပေစိစစ်ရေးအကြောင်း၊ ဘုရင်လက်ထက်ကတည်းကရှိနေခဲ့တဲ့ စာလုံးပေါင်းသတ်ပုံကျမ်းများအကြောင်း၊ စာကို ဘာ့ကြောင့် မှန်အောင်မရေးကြသနည်း စတာတွေ ပုဒ်ရေ ထောင်ဂဏန်းရှိပါပြီ။ ကွန်မင့်ဆိုတာ ခုမြင် ခုပျောက်။

မြန်မာစာသတ်ပုံတွေ ပြင်ရာကနေ စ ပျက်ခဲ့တာ မှန်တယ်။ ဗိုလ်နေဝင်းက လက်ညှိုးတချောင်းသာဖြစ်ကြောင်း အကြိမ်အခါပေါင်းများစွာ အထောက်အထာတွေနဲ့ တင်ပြထားပြီးပြီ။ 

ကနေ့ကာလမှာ စာကိုမှန်အောင်ရေးသူတွေ ရာထူးနေရာ ကုလားထိုင် ရမည်မဟုတ်။ စာအုပ်ဆုရမည်မဟုတ်။ ဖေ့စ်ဘွတ်မှာတော့ လိုက်ခ်တွေ ဗုံးပေါလအော ရမည်။

ဖေ့စ်ဘွတ်မှာတော့ စာကိုမှန်အောင်ရေးသားသူဦးရေ များများလာနေတယ်။ အခုစာတင်ပြီးလည်း ပိုများလာမယ်လို့ မျှော်မှန်ထားသေးတယ်။

ခေတ်အခြေအနေ မကောင်းသမျှ မြန်မာစာလည်း ပြန်မကောင်းနိုင်။ 

ကျွန်တော်ကတော့ ဆက်ရေးနေပါမည်။

ဒေါက်တာတင့်ဆွေ

Comments