ပင်ပန်းနေချိန် ကဗျာတပုဒ်ဖတ်ရတာလောက် အရသာရှိတာ မရှိပြီလို့ ရေးရတယ်။
အခုခေတ်မှာ မြန်မာစာကို ဓါတုဗေဒလို ဖေါ်မြူလာတွေနဲ့ သင်နေတယ်။ သိသလောက် ပုံသေနည်း ၄-၅ ခု ရှိတယ်။ ချွင်းချက်တွေပါနေတယ်။ ဖေါ်မြူလာဆိုတာ အမြဲ မှန်ရတယ်။ အောက်စီဂျင် ၂ လုံးနဲ့ ဟိုက်ဒဂိုဂျင် ၁ လုံး ပေါင်းမှသာ ရေ ဖြစ်တယ်။
ကျွန်တော်တို့ဆရာ ဘုတလင်ချစ်လေးက သတ်ပုံအတွက် အသေမှတ်စရာ တခုသာ သင်ပါတယ်။ ပင်ပန်း ပန်းပင် တဲ့။
ပြီ
တန်ပြီ၊ တော်ပြီ၊ တတ်ပြီ၊ မှန်ပြီ၊ ဟုတ်လှပြီ၊ မွဲး (မွဲ) ပြီ၊ ချမ်းသာပြီ၊ များလေပြီ၊ အချိန်သင့်ပြီ၊ ပြီးပါပြီ၊ ကောင်းပြီ၊ သွားလေပြီ၊ စကားပြီပြီသသ။
ပြီး
ပြီးစီးသည်၊ ပြီးဆုံးသည်၊ ပြီးပါပြီ၊ ပြီးငြိမ်း၊ ပြီးပြတ်၊ ပြီးမြောက်၊ ဓါးလှံသေနပ် (သေနတ်) ပြီးသည်၊ အပြီးအစီး၊ အပြီးတိုင်အောင်၊ ပြီးပြီးပျောက်ပျောက်၊ ထိုသို့တပြီးကား၊ မပြီးမခြင်း၊ ပြီးအောင်လုပ်၊ ပြီးပြည့်စုံသည်။
ပီ
ပီလောပင်၊ ပလောပီနံ၊ ပီသသည်၊ ပီပီသသ၊ ပီပြင်သည်၊ ပီပီပြင်ပြင်၊ ယောက်ျားပီသသည်၊ မိန်းမပီပီ။
ကျွန်တော်တို့ ငယ်ငယ်က မုံရွာမှာ ရုပ်ရှင်ခဏခဏကြည့်တယ်။ ရုပ်ရှင်အစမှာ နိုင်ငံတော်အလံတော်ကို မတ်တတ်ရပ် အလေးပြုရပြီး ဇာတ်ကားအဆုံး ပြီးပါပြီစာတန်းထိုးမှ ကြမ်းပိုးကိုက်ခံထားရတဲ့ ထိုင်ခုံကနေ ထပြန်တယ်။ ပြီးပါပြီသတ်ပုံကို အလွတ်ရနေတယ်။ ဒဏ်ဇာတ်ကားကြည့်ပြီး ဒဏ်ရေးတာ ဘယ်တော့မှ ရေးချမပါ။
တယ်လီဗီးရှင်းပေါ်စကာ ၁၄ လက္မ၊ ကာလာတီဗွီလေးတလုံးကို အင်တာနာအစုံနဲ့ ဝယ်လာတယ်။ ပိုက်လုံးထိပ်မှာ အင်တာနာဆင်ပြီး ဖွင့်ပါတယ်။ လိုင်းက တော်တော်နဲ့ ရှာမရပါ။ ဟိုလှည့် သည်လှည့်။ ပျားအုံကို တုတ်ထိုးသလို ရွစိရွစိတွေသာမြင်ရတယ်။ တနာရီလောက်ကြာတော့မှ ထင်ထင်ရှားရှား ပေါ်လာပါတော့တယ်။ ပြန်မာ့ရုပ်မြင်သံကြားအစီအစဉ် ပြီးပါပြီတဲ့။
သံဝေဂရစရာ ပုံလေးတခုမှာ တဘဝပြီးပြီ တဲ့။ အလွန်ကောင်း၊ အလွန်မှန်တယ်။ မြန်မာစာ သတ်ပုံမှန်ခေတ် တဘဝပြီးပြီလော။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment