Skip to main content

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ
ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။
နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။
ဝိဘတ် (၂) မျိုး ရှိသည်။
၁။ နာမ်ဝိဘတ်
၂။ ကြိယာဝိဘတ်
နာမ်ဝိဘတ်
နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။
နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။
1. ကတ္တားဝိဘတ်
2. ကံဝိဘတ်
3. ထွက်ခွာရာပြဝိဘတ်
4. ရှေးရှုရာပြဝိဘတ်
5. ဆိုက်ရောက်ပြဝိဘတ်
6. အသုံးခံပြဝိဘတ်
7. အကြောင်းပြဝိဘတ်
8. လက်ခံပြဝိဘတ်
9. နေရာပြဝိဘတ်
10. အချိန်ပြဝိဘတ်
11. ပိုင်ဆိုင်ခြင်းပြဝိဘတ်
12. လိုက်လျောပြဝိဘတ်
13. ယှဉ်တွဲပြဝိဘတ်
14. ခွဲထုတ်ရာပြဝိဘတ်
15. ရည်စူးချက်ပြဝိဘတ်
16. နေရာဆက်တိုက်ပြဝိဘတ်
17. အချိန်ဆက်တိုက်ပြဝိဘတ်
ကတ္တားဝိဘတ်
ပြုသူ၊ ဖြစ်သူ၊ ရှိသူ၊ သို့မဟုတ် ပြုတတ်၊ ဖြစ်တတ်၊ ရှိတတ်သော အရာကို ပြသည့် ဝိဘတ်ကို ကတ္တားဝိဘတ်ဟု ခေါ်သည်။
သည် က မှာ
သဘာပတိကြီးက မိန့်ခွန်း ပြောသည်။ ဤဝါကျ၌ သဘာပတိကြီးသည် မိန့်ခွန်းပြောသူ ဖြစ်သည်။
သဘာပတိကြီးသည် မိန့်ခွန်းပြောသူ ဖြစ်ကြောင်းကို သဘာပတိကြီးဟူသော နာမ်နောက်ရှိ က ဝိဘတ်က ပြသည်။ ထို့ကြောင့် က ဝိဘတ်သည် ပြုသူကို ပြသော ကတ္တားဝိဘတ် ဖြစ်သည်။
ဦးဘမှာ စံပြလုပ်သားကြီး ဖြစ်သည်။ ဤဝါကျ၌ စံပြလုပ်သားကြီးဖြစ်သူမှာ ဦးဘဖြစ်သည်။
ဦးဘသည် စံပြလုပ်သားကြီးဖြစ်ကြောင်းကို ဦးဘဟူသော နာမ်နောက်ရှိ မှာ ဝိဘတ်က ပြသည်။
ထို့ကြောင့် မှာ ဝိဘတ်သည် ဖြစ်သူကို ပြသော ကတ္တားဝိဘတ် ဖြစ်သည်။
မောင်မျိုးသည် စာကြည့်ခန်းထဲ၌ ရှိသည်။ ဤဝါကျ၌ စာကြည့်ခန်းထဲ၌ ရှိသူမှာ မောင်မျိုး ဖြစ်သည်။
မောင်မျိုးသည် စာကြည့်ခန်းထဲ၌ရှိကြောင်းကို မောင်မျိုး ဟူသော နာမ်နောက်ရှိ သည် ဝိဘတ်က ပြသည်။ ထို့ကြောင့် သည် ဝိဘတ်သည် ရှိသူကို ပြသော ကတ္တားဝိဘတ် ဖြစ်သည်။
ကံဝိဘတ်
ပြုလုပ်ခြင်းခံရသောသူ၊ ပြုလုပ်ခြင်းခံရသောအရာကို ပြသည့် ဝိဘတ်ကို ကံဝိဘတ်ဟု ခေါ်သည်။
ကို
ဆရာက မောင်မျိုးကို ချီးမွမ်းသည်။ ဤဝါကျ၌ အချီးမွမ်းခံရသူမှာ မောင်မျိုး ဖြစ်သည်။ မောင်မျိုး အချီးမွမ်းခံရသူ ဖြစ်ကြောင်းကို မောင်မျိုး ဟူသော နာမ်နောက်ရှိ ကို ဝိဘတ်က ပြသည်။ ထို့ကြောင့် ကို ဝိဘတ်သည် အပြုခံရသူ ကို ပြသော ကံဝိဘတ် ဖြစ်သည်။
ထွက်ခွာရာပြဝိဘတ်
ထွက်ခွာရာ နေရာကို ပြသည့် ဝိဘတ်ကို ထွက်ခွာရာပြဝိဘတ်ဟု ခေါ်သည်။
မှ က
မောင်မျိုးသည် မန္တလေးမှ ပြန်လာသည်။ ဤဝါကျ၌ မောင်မျိုး ထွက်ခွာရာနေရာမှာ မန္တလေး ဖြစ်သည်။
မန္တလေးသည် မောင်မျိုး ထွက်ခွာရာနေရာ ဖြစ်ကြောင်းကို မန္တလေး ဟူသော နာမ်နောက်ရှိ မှ ဝိဘတ်က ပြသည်။ ထို့ကြောင့် မှ ဝိဘတ်သည် ထွက်ခွာရာပြဝိဘတ် ဖြစ်သည်။
မောင်မျိုးသည် မန္တလေးက ပြန်လာသည်။ ဤဝါကျ၌ မောင်မျိုး ထွက်ခွာရာနေရာမှာ မန္တလေး ဖြစ်သည်။
မန္တလေးသည် မောင်မျိုး ထွက်ခွာရာနေရာ ဖြစ်ကြောင်းကို မန္တလေး ဟူသော နာမ်နောက်ရှိ က ဝိဘတ်က ပြသည်။ ထို့ကြောင့် က ဝိဘတ်သည် ထွက်ခွာရာပြဝိဘတ် ဖြစ်သည်။
ရှေးရှုရာပြဝိဘတ်
ရှေးရှုရာနေရာကို ပြသည့် ဝိဘတ်ကို ရှေးရှုရာပြဝိဘတ်ဟု ခေါ်သည်။
သို့
မောင်မျိုးသည် ကျောင်းသို့ သွားသည်။ ဤဝါကျ၌ မောင်မျိုး ရှေးရှုသွားသော နေရာမှာ ကျောင်း ဖြစ်သည်။ ကျောင်းသားသည် မောင်မျိုး ရှေးရှုသွားသော နေရာဖြစ်ကြောင်းကို ကျောင်းဟူသော နာမ်နောက်ရှိ သို့ ဝိဘတ်က ပြသည်။ ထို့ကြောင့် သို့ ဝိဘတ်သည် ရှေးရှုရာပြဝိဘတ် ဖြစ်သည်။
ဆိုက်ရောက်ရာပြဝိဘတ်
ဆိုက်ရောက်ရာနေရာနှင့် အချိန်ကိုပြသည့် ဝိဘတ်ကို ဆိုက်ရောက်ရာပြဝိဘတ်ဟု ခေါ်သည်။
သို့ ထိ အထိ ထိအောင် တိုင်အောင်
မောင်မျိုးသည် ညနေ (၅)နာရီတွင် အိမ်သို့ ပြန်ရောက်သည်။ ဤဝါကျ၌ မောင်မျိုး ပြန်ရောက်သော နေရာမှာ အိမ် ဖြစ်သည်။ အိမ်သည် မောင်မျိုး ရောက်ရှိရာ နေရာ ဖြစ်ကြောင်းကို အိမ် ဟူသော နာမ်နောက်ရှိ သို့ ဝိဘတ်က ပြသည်။ ထို့ကြောင့် သို့ သည် ဆိုက်ရောက်ရာပြဝိဘတ် ဖြစ်သည်။
မောင်မျိုးသည် ည(၇)နာရီမှ ည(၁၂)နာရီအထိ စာဖတ်သည်။ ဤဝါကျ၌ မောင်မျိုး မည့်သည့် အချိန်ထိ စာဖတ်ကြောင်းကို ဖော်ပြထားသည်။ မောင်မျိုး ည(၁၂)နာရီ တိုင်အောင် စာဖတ်လေ့ရှိကြောင်း ကို (၁၂)နာရီ ဟူသော နာမ်နောက်ရှိ အထိ ဝိဘတ်ကပြသည်။ ထို့ကြောင့် အထိ သည် ဆိုက်ရောက်ပြဝိဘတ် ဖြစ်သည်။
အသုံးခံပြဝိဘတ်
အသုံးပြုခံရသော အရာကိုပြသည့် ဝိဘတ်ကို အသုံးခံပြဝိဘတ်ဟု ခေါ်သည်။
ဖြင့် နှင့်
မောင်ဘသည် ခွေးကို တုတ်ဖြင့် ရိုက်သည်။ ဤဝါကျ၌ တုတ် သည် ခွေးကို ရိုက်ရာ၌ အသုံးပြုသော အရာဖြစ်သည်။ တုတ် သည် မောင်ဘ အသုံးပြုခံရသော အရာဖြစ်ကြောင်းကို တုတ် ဟူသော နာမ်နောက်ရှိ ဖြင့် ဝိဘတ်က ပြသည်။ ထို့ကြောင့် ဖြင့် ဝိဘတ်သည် အသုံးပြုခံရသောအရာကို ပြသော အသုံးခံပြဝိဘတ် ဖြစ်သည်။
မောင်မျိုးသည် ခွေးကို တုတ်နှင့် ရိုက်သည်။ ဤဝါကျ၌ တုတ် သည် ခွေးကို ရိုက်ရာ၌ အသုံးပြုသော အရာ ဖြစ်သည်။ တုတ် သည် မောင်မျိုး အသုံးပြုခံရသော အရာဖြစ်ကြောင်းကို တုတ် ဟူသော နာမ်နောက်ရှိ နှင့် ဝိဘတ်က ပြသည်။ ထို့ကြောင့် နှင့် ဝိဘတ်သည် အသုံးပြုခံရသော အရာကိုပြသော အသုံးခံပြဝိဘတ် ဖြစ်သည်။
အကြောင်းပြဝိဘတ်
တစုံတရာဖြစ်စေသော အကြောင်းကို ပြသည့် ဝိဘတ်ကို အကြောင်းပြဝိဘတ်ဟု ခေါ်သည်။
ကြောင့် ဖြင့်
စပါးပင်တို့သည် ပိုးကြောင့် ပျက်၏။ ဤဝါကျ၌ စပါးပင်ပျက်ရသည့် အကြောင်းရင်းကို ဖော်ပြထားသည်။ စပါးပင်တို့ ပျက်ရသည့် အကြောင်းရင်းမှာ ပိုး ဖြစ်သည်။
ပိုး သည် စပါးပင်တို့ ပျက်ရသည့် အကြောင်းရင်း ဖြစ်သည်ကို ယင်း ပိုး ဟူသော နာမ်နောက်ရှိ ကြောင့် ဝိဘတ်က ပြသည်။ သို့ဖြစ်၍ ကြောင့်သည် အကြောင်းပြဝိဘတ် ဖြစ်သည်။
လက်ခံပြဝိဘတ်
လက်ခံသူကိုပြသည့်ဝိဘတ်ကို လက်ခံပြဝိဘတ်ဟု ခေါ်သည်။
အား
မောင်မျိုးသည် စာအုပ်ကို ဆရာအား ပေးသည်။ ဤဝါကျ၌ မောင်မျိုး ပေးသော စာအုပ်ကို လက်ခံသူမှာ ဆရာ ဖြစ် သည်။ ဆရာသည် စာအုပ်လက်ခံသူဖြစ်ကြောင်းကို ဆရာ ဟူသော နာမ် နောက်ရှိ အား ဝိဘတ်က ပြသည်။ ထို့ကြောင့် အား ဝိဘတ်သည် လက်ခံသူကို ပြသော လက်ခံပြဝိဘတ် ဖြစ်သည်။ 
အမောင်ပြောက်ကျား၊ ချစ်သူအားကို
ဘာများ မှာခဲ့လိုသနည်း။
ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။ (သူ့မှာတမ်း)
နေရာပြဝိဘတ်
နေရာကိုပြသည့် ဝိဘတ်ကို နေရာပြဝိဘတ်ဟု ခေါ်သည်။
၌ မှာ တွင် ဝယ် က
မောင်မျိုး၏ နေအိမ်သည်ရန်ကုန်မြို့၌ ရှိသည်။ ဤဝါကျ၌ မောင်မျိုး၏အိမ် တည်ရှိသော နေရာမှာ ရန်ကုန်မြို့ ဖြစ်သည်။ ရန်ကုန်မြို့သည် မောင်မျိုး၏အိမ် တည်ရှိသောနေရာဖြစ်ကြောင်း ကို ရန်ကုန်မြို့ ဟူသော နာမ်နောက်ရှိ ၌ ဝိဘတ်က ပြသည်။ ထို့ကြောင့် ၌ ဝိဘတ်သည် နေရာပြဝိဘတ် ဖြစ်သည်။
အချိန်ပြဝိဘတ်
အချိန်ကိုပြသည့် ဝိဘတ်ကို အချိန်ပြဝိဘတ်ဟု ခေါ်သည်။
၌ မှာ တွင် ဝယ် က
သစ်ရွက်များသည် တပေါင်းလ၌ ကြွေသည်။ ဤဝါကျ၌ သစ်ရွက်များကြွေချိန်မှာ တပေါင်းလ ဖြစ်သည်။
တပေါင်းလသည် သစ်ရွက်ကြွေချိန် ဖြစ်ကြောင်းကို တပေါင်းလ ဟူသော နာမ်နောက်ရှိ ၌ ဝိဘတ်က ပြသည်။
ထို့ကြောင့် ၌ ဝိဘတ်သည် အချိန်ပြဝိဘတ် ဖြစ်သည်။
ပိုင်ဆိုင်ခြင်းပြဝိဘတ်
ပိုင်ဆိုင်ကြောင်းပြသည့် ဝိဘတ်ကို ပိုင်ဆိုင်ခြင်းပြဝိဘတ်ဟု ခေါ်သည်။
ဤစက်ဘီးသည် မောင်မျိုး၏ စက်ဘီးဖြစ်သည်။ ဤဝါကျ၌ စက်ဘီးသည် မောင်မျိုး ပိုင်ဆိုင်သော အရာ ဖြစ်သည်။ စက်ဘီးသည် မောင်မျိုး ပိုင်ဆိုင်သော အရာ ဖြစ်ကြောင်းကို မောင်မျိုး ဟူသော နာမ်နောက်ရှိ ၏ ဝိဘတ်က ပြသည်။ ထို့ကြောင့် ၏ ဝိဘတ်သည် ပိုင်ခြင်းပြဝိဘတ် ဖြစ်သည်။
လိုက်လျောပြဝိဘတ်
အဖြစ်အပျက်၊ သဘောတရား၊ လူပုဂ္ဂိုလ်၊ ပမာဏ စသည်တို့နှင့် ဆန့်ကျင်ခြင်းမရှိဘဲ လိုက်လျောညီညွတ်ကြောင်း ပြသည့် ဝိဘတ်ကို လိုက်လျောပြဝိဘတ်ဟု ခေါ်သည်။
အလိုက်အရ အတိုင်း အလျောက်အားလျော်စွာ
တောင်သူကြီးများသည် သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးကြသည်။ ဤဝါကျ တောင်သူကြီးများ သီးနှံမျိုးစုံကို မည့်သို့ စိုက်ပျိုးကြောင်း ဖော်ပြထားသည်။ တောင်သူကြီးများသည် သီးနှံမျိုးစုံကို အချိန်ရာသီနှင့် လိုက်လျောအောင် စိုက်ပျိုးကြောင်းကို ရာသီ ဟူသော နာမ်နောက်ရှိ အလိုက် ဝိဘတ်က ပြသည်။
ထို့ကြောင့် အလိုက် သည် လိုက်လျောပြဝိဘတ် ဖြစ်သည်။
ယှဉ်တွဲပြဝိဘတ်
ယှဉ်တွဲခြင်း၊ ပေါင်းစည်းခြင်းကိုပြသည့် ဝိဘတ်ကို ယှဉ်တွဲပြဝိဘတ်ဟု ခေါ်သည်။
နှင့် နှင့်အတူ နှင့်အညီ နှင့်အမျှ
ဤဝါကျ၌ တော်လှန်ရေးသမားများသည် ပြည်သူ့တို့နှင့်အတူ စစ်ဆင်းရေးတွင် ပါဝင်ဆင်နွှဲကြောင်း ဖော်ပြထားသည်။ လယ်သမားများနှင့်အတူ ပါဝင်ဆင်နွှဲကြသူများမှာ တော်လှန်ရေးသမားများ ဖြစ်ကြောင်းကို လယ်သမားများ ဟူသော နာမ်နောက်ရှိ နှင့်အတူ ဝိဘတ်က ယှဉ်တွဲဖော်ပြသည်။ ထို့ကြောင့် နှင့်အတူ သည် ယှဉ်တွဲပြဝိဘတ် ဖြစ်သည်။
ခွဲထုတ်ရာပြဝိဘတ်
အစုအပေါင်းမှ တစုံတရာ၊ တစုံတခု၊ တစုံတယောက် စသည့် တစိတ်တဒေသကို ပြသည့် ဝိဘတ်ကို ခွဲထုတ်ရာပြဝိဘတ်ဟု ခေါ်သည်။
တွင် အနက် အထဲမှ အထဲမှာ
ရေသတ္တဝါများအနက် ဝေလငါးသည် အကြီးဆုံး ဖြစ်၏။ ဤဝါကျ၌အကြီးဆုံးရေသတ္တဝါသည် ဝေလငါး ဖြစ်ကြောင်း ဖော်ပြထားသည်။ ဝေလငါးသည် ရေသတ္တဝါများအနက် အကြီးဆုံးဖြစ်ကြောင်းကို ရေသတ္တဝါများ ဟူသော နာမ်နောက်ရှိ အနက် ဟူသော ဝိဘတ်က ပြသည်။ ထို့ကြောင့် အနက် သည် ခွဲထုတ်ရာပြဝိဘတ် ဖြစ်သည်။
ရည်စူးချက်ပြဝိဘတ်
တစုံတရာ၊ တစုံတဦးကို ရည်စူးကြောင်းပြသည့် ဝိဘတ်ကို ရည်စူးချက်ပြဝိဘတ်ဟု ခေါ်သည်။
ငှာ အလို့ငှာ ဖို့ အဖို့အတွက်
တော်လှန်ရေးသမားတို့သည် နိုင်ငံတော်အတွက် အသက်ကို ပေးလှူထားသူများ ဖြစ်ကြသည်။ ဤဝါကျ၌ တော်လှန်ရေးသမားတို့သည် မည်သူ့အတွက် ရည်စူး၍ အသက်ပေးလှူထားသူများ ဖြစ်ကြောင်းကို ဖော်ပြထားသည်။ တော်လှန်ရေးသမားတို့သည် နိုင်ငံအတွက် အသက်ပေးလှူထားကြသူများ ဖြစ်ကြောင်းကို နိုင်ငံ ဟူသော နာမ်နောက်ရှိအတွက် ဝိဘတ်က ရည်စူးဖော်ပြသည်။ ထို့ကြောင့် အတွက် သည် ရည်စူးချက်ပြဝိဘတ် ဖြစ်သည်။
နေရာဆက်တိုက်ပြဝိဘတ်
နေရာ အဆက်မပြတ်ဖြစ်ခြင်းကို ပြသည့် ဝိဘတ်ကို နေရာဆက်တိုက်ပြဝိဘတ်ဟု ခေါ်သည်။
တိုင်တိုင် တိုင်အောင်
ဤဝါကျ၌ လူငယ်များသည် မည့်သည့်နေရာမှ မည့်သည့် နောရာထိ ဆက်တိုက် လမ်းဖို့လုပ်အားအေးကြကြောင့် ဖော်ပြထားသည်။ လူငယ်များသည် ရွာလယ်မှ ရွာဦးကျောင်း အထိ ဆက်တိုက် လမ်းဖို့လုပ်အားပေး ကြကြောင်းကို ရွာဦးကျောင်း ဟူသော နာမ်နောက်ရှိ တိုင်အောင် ဝိဘတ်က ပြသည်။ ထို့ကြောင့် တိုင်အောင် သည် နေရာဆက်တိုက်ပြဝိဘတ် ဖြစ်သည်။
အချိန်ဆက်တိုက်ပြဝိဘတ်
အချိန် အဆက်မပြတ်ဖြစ်ခြင်းကို ပြသည့် ဝိဘတ်ကို အချိန်ဆက်တိုက်ပြဝိဘတ်ဟု ခေါ်သည်။
တိုင် တိုင်တိုင်အောင် ပတ်လုံးလုံးလုံး
ဆရာတော်ဦးဝိစာရသည် နယ်ချဲ့ကို ရက်ပေါင်း (၂၁၀)တိုင်တိုင် အစာငတ်ခံဆန္ဒပြခဲ့သည်။ ဤဝါကျ၌ ဆရာတော်ဦးဝိစာရသည် ရက်ပေါင်း မည်မျှကြာအောင် အစာငတ် ခံဆန္ဒပြကြောင်းကို ဖော်ပြထားသည်။
ဆရာတော်သည် ရက်ပေါင်း (၂၁၀)တိုင်တိုင် အဆက်မပြတ် အစာငတ်ခံဆန္ဒပြကြောင်းကို ရက်ပေါင်း(၂၁၀) ဟူသော နာမ်နောက်ရှိ တိုင်တိုင် ဝိဘတ် ပြသည်။ ထို့ကြောင့် တိုင်တိုင် သည် အချိန်ဆက်တိုက်ပြဝိဘတ် ဖြစ်သည်။
ကြိယာဝိဘတ်
ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို ကြိယာဝိဘတ်ဟု ခေါ်သည်။
ကြိယာဝိဘတ် (၂) မျိုး ရှိသည်။
၁။ ကာလပြကြိယာဝိဘတ်
၂။ အမျိုးအစားပြကြိယာဝိဘတ်
၁။ ကာလပြကြိယာဝိဘတ်
ကြိယာ၏ ပြုခြင်း၊ ဖြစ်ခြင်း၊ ရှိခြင်းနှင့် စပ်ဆိုင်သည့် အချိန်ကိုပြသော ဝိဘတ်ကို ကာလပြကြိယာဝိဘတ်ဟု ခေါ်သည်။
ကာလပြကြိယာဝိဘတ် (၃) မျိုး ရှိသည်။
(၁) ပစ္စုပ္ပန်ကာလပြကြိယာဝိဘတ်
(၂) အတိတ်ကာလပြကြိယာဝိဘတ်
(၃) အနာဂတ်ကာလပြကြိယာဝိဘတ်
ပစ္စုပ္ပန်ကာလပြကြိယာဝိဘတ်
ကြိယာ၏ ပြုဆဲ၊ ဖြစ်ဆဲ၊ ရှိဆဲ ကာလကို ပြသော ဝိဘတ်ကို ပစ္စုပ္ပန်ကာလပြကြိယာဝိဘတ်ဟု ခေါ်သည်။
သည် ၏ ပြီ
ဆရာသည် မြန်မာသဒ္ဒါကို ယခုသင်ကြားသည်။ ဆိုလိုသည့် အဓိပ္ပာယ်မှာ ပစ္စုပ္ပန်ကာလ၌ ဆရာသည် မြန်မာသဒ္ဒါကို သင်ကြားနေကြောင်းပင် ဖြစ်သည်။ ဤဝါကျ၌ သင်ကြား ကြိယာ၏ ပြုဆဲကာလကိုပြသည် ယခု ဟူသော အချိန်ပြပုဒ်လည်း ပါဝင်သည်။ ထို့ကြောင့် သည် တို့သည် ပစ္စုပ္ပန်ကာလကို ပြသည့် ကြိယာဝိဘတ်များ ဖြစ်ကြသည်။
ယနေ့ရာ သီဥတု သာယာ၏။ ဆိုလိုသည့် အဓိပ္ပာယ်မှာ ပစ္စုပ္ပန်ကာလ၌ ရာသီဥတု သာယာကြောင်းပင် ဖြစ်သည်။ ဤဝါကျ၌ သာယာ ကြိယာ၏ဖြစ်ဆဲကာလကို ပြသည့် ယနေ့ဟူသော အချိန်ပြပုဒ်လည်း ပါဝင်သည်။
ထို့ကြောင့် ၏ တို့သည် ပစ္စုပ္ပန်ကာလကိုပြသည့် ကြိယာဝိဘတ်များ ဖြစ်ကြသည်။
မီးရထားသည် ဘူတာရုံထဲသို့ ဝင်လာပြီ။ ဆိုလိုသည့် အဓိပ္ပာယ်မှာ ပစ္စုပ္ပန်ကာလ၌ မီးရထားသည် ဘူတာရုံထဲသို့ ဝင်လာကြောင်းပင် ဖြစ်သည်။ ဤဝါကျ၌ ပစ္စုပ္ပန်ကာလကို ပြသည် အချိန်ပြပုဒ်မပါဝင်သော်လည်း ယင်းဝါကျ၏ ဆိုလိုသည့် အဓိပ္ပာယ်အရ ပြီ သည် ပစ္စုပ္ပန်ကာလကို ပြသည့် ကြိယာဝိဘတ်များပင် ဖြစ်သည်။
အတိတ်ကာလပြကြိယာဝိဘတ်
ကြိယာ၏ ပြုပြီး၊ ဖြစ်ပြီး၊ ရှိပြီး ကာလကို ပြသော ဝိဘတ်ကို အတိတ်ကာလပြကြိယာဝိဘတ်ဟု ခေါ်သည်။
သည် ၏ ပြီ
အလောင်းမင်းတရားကြီးသည် သံလျင်မြို့ကို တိုက်ခိုက်သည်။ ဆိုလိုသည့် အဓိပ္ပာယ်မှာ အတိတ်ကာလ၌ အလောင်းမင်းတရားကြီး သံလျင်မြို့ကို တိုက်ခိုက်ကြောင်း ပင်ဖြစ်သည်။ ဤဝါကျ၌ အတိတ်ကာလကို ပြသည့် အချိန်ပြပုဒ် မပါဝင် သော်လည်း ယင်းဝါကျ၏ ဆိုလိုသည့် အဓိပ္ပာယ်အရ သည်၊ ၏ တို့သည် အတိတ်ကာလကို ပြသည့် ကြိယာဝိဘတ်များ ဖြစ်ကြသည်။
(၁၉၇၃) ခုနှစ်တွင် မြန်မာနိုင်ငံ၌ လူဦးရေ (၅၃) သန်းကျော် ရှိ၏။ ဆိုလိုသည့် အဓိပ္ပာယ်မှာ အတိတ်ကာလတွင် မြန်မာနိုင်ငံ၌ လူဦးရေ (၅၃)သန်း ကျော် ရှိကြောင်းပင် ဖြစ်သည်။ ဤဝါကျ၌ ရှိ ကြိယာ၏ ရှိပြီး ကာလကိုပြသည်။ (၁၉၇၃)ခုနှစ်တွင် ဟူသော အချိန်ပြပုဒ်လည်း ပါဝင်သည်။ ထို့ကြောင့် သည်၊ ၏ တို့သည် အတိတ်ကာလကို ပြသည့် ကြိယာဝိဘတ်များ ဖြစ်ကြသည်။
သူသွားပြီ။ ဆိုလိုသည့် အဓိပ္ပာယ်မှာ အတိတ်ကာလတွင် သူသွားကြောင်းပင်ဖြစ်သည်။ ဤဝါကျ၌ လွန်ခဲ့သော အတိတ်ကာလကိုပြသည့် အချိန်ပြပုဒ် မပါဝင်သော်လည်း ယင်းဝါကျ၏ ဆိုလိုသည့် အဓိပ္ပာယ်အရ ပြီ သည် အတိတ်ကာလကို ပြသည့် ကြိယာဝိဘတ်များ ဖြစ်သည်။
အနာဂတ်ကာလပြကြိယာဝိဘတ်
ကြိယာ၏ ပြုလတ္တံ့၊ ဖြစ်လတ္တံ့၊ ဖြစ်လတ္တံ့၊ ရှိလတ္တံ့ ကာလကိုပြသော ဝိဘတ်ကို အနာဂတ်ကာလပြကြိယာဝိဘတ်ဟု ခေါ်သည်။
မည် လိမ့်မည် အံ့ လတ္တံ့
သူနက်ဖြန် ပြန်လာမည်။
ကျွန်ုပ်တို့သည် အများအကျိုးဆောင်လျှင် ကိုယ့်အကျိုးအောင်လိမ့်မည်။
မိုးမှန်မှန် ရွာသဖြင့် စပါး ကောင်းစွာ ထွက်အံ့။
(၂၀ဝ၀ဝ)ပြည့်နှစ်တွင် ကမ္ဘာ့၌ လူဦးရေ သန်းပေါင်း (၆၅၀ဝ) ရှိလတ္တံ့။
အမျိုးအစားပြကြိယာဝိဘတ်
ကြိယာ၏ အမျိုးအစားကို ပြသော ဝိဘတ်ကို အမျိုးအစားပြကြိယာဝိဘတ်ဟု ခေါ်သည်။
အမျိုးအစားပြကြိယာဝိဘတ် (၄) မျိုး ရှိသည်။
စေခိုင်းဝိဘတ်
ညှိနှိုင်းဝိဘတ်
ဆန္ဒညွှန်ဝိဘတ်
အမိန့်ချဝိဘတ်
စေခိုင်းဝိဘတ်
စေခိုင်းခြင်းကို ပြသည့် ဝိဘတ်ကို စေခိုင်းဝိဘတ်ဟု ခေါ်သည်။
လော့
ဆရာ့စကားကို နားထောင်လော့။
ညီညွတ်ကြလော့။
ညှိနှိုင်းဝိဘတ်
ဆောင်ရွက်သူအချင်းချင်း ညှိနှိုင်းခြင်းကို ပြသည့် ဝိဘတ်ကို ညှိနှိုင်းဝိဘတ်ဟု ခေါ်သည်။
စို့ရအောင်
အိမ်ပြန်စို့။
ကျောင်းပိတ်ရက်မှာ လုပ်အားပေးရအောင်။
ဆန္ဒညွှန်ဝိဘတ်
ခွင့်တောင်းခြင်း၊ ပန်ကြားခြင်း၊ ဆုတောင်းခြင်း မေတ္တာပို့သခြင်း၊ ကျိန်ဆဲခြင်း အလိုဆန္ဒတို့ကို ဖော်ပြသည့် ဝိဘတ်ကို ဆန္ဒညွှန်ဝိဘတ်ဟု ခေါ်သည်။
ပါစေပါရစေ။
ဤစာအုပ်ကို ကြည့်ပါရစေ။
သတ္တဝါအပေါင်းတို့ ကျန်းမာကြပါစေ။
အနိုင်ကျင့်တတ်သူတိုင်း ဘေးတွေ့ပါစေ။
အမိန့်ချဝိဘတ်
အမိန့်ပေးခြင်းကို ဖော်ပြသည့် ဝိဘတ်ကို အမိန့်ချဝိဘတ်ဟု ခေါ်သည်။
စေ
အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးနှစ် ကျခံစေ။
ဤအမှုမှ တရားသေလွတ်စေ။
• ၇၄ ကြိမ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုခြင်
• Gazebo Bar ဆိုင်ကနေ နွေးထွေးစွာ ကြိုဆိုပါတယ်
• မိတ်ဆွေကောင်းကို ကြိုဆိုပါသည် 
• နေပြည်တော်ကကြိုဆိုပါ၏ 
• Magic Myanmar မိသားစုကကြိုဆိုပါတယ် 
• Dj ကမ္ဘာက ကြိုဆိုပါ၏
• ဒို့အသံက ကြိုဆိုပါတယ် 
• ရန်ကုန်မြို့က ကြိုဆိုပါ၏
• ရန်ကုန်မြို့မှ ထွက်ခွာပါတော့မည်
မှတ်ချက် -
၁။ ကနေ့ကာလ ရ အစား က သုံးနေကြခြင်းဟာ သွက်သွက်ခါအောင် မှားတယ်။
၂။ ဝိဘတ်တွေကို စာသင်ကြားတဲ့ထဲမှာ ထည့်သွင်းထားပေမဲ့ စကားပြောရာမှာ အလွယ်သူသုံးတာမျိုးလည်း ရှိနိုင်တယ်။ ဥပမာ “ဟာဆိုတဲ့ စကားလုံးဟာ အသုံးများတယ်။” 
၃။ မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၈၀) ထဲမှာ တစုံတရာကို စသတ်တွေနဲ့ မရေးပါ။ တဝမ်းပူတွေကို မလိုအပ်ဘဲ စသတ်နဲ့ရေးနေကြမှာ မမှန်ပါ။ ကျွန်တော် အဲလိုရေးတာတွေကို စတွေ့တော့ “ဟာ မြန်မာစာ ဘယ်လိုဖြစ်ကုန်ပြီလဲ” လို့ အာမေဋိတ်ပြုမိခဲ့တာ အမှန်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ