Skip to main content

မြင်တာနဲ့သိ

အကြောင်းအရာတခုမှာ အလေ့အကျင့်များနေသူတွေက မဟုတ်လောက်တာကို မြင်တာနဲ့ သိကြလေ့ရှိတယ်။

ပညာရပ်တခုခုကို ကျွမ်းကျင်တတ်မြောက်သူတွေကလည်း အချက်အလက်တခုခုကို ဖတ်တာနဲ့ မဟုတ်လောက်တာကို သိလေ့ရှိတယ်။

ဆယ်တန်းကျောင်းသားဟာ လေးတန်းကျောင်းသား စာမှားရေးတာသိတယ်။ အင်ဂျင်နီယာတွေ၊ ဥပဒေပညာရှင်တွေ၊ ဓမ္မကထိကတွေ၊ မီဒီယာ အယ်ဒီတာတွေ၊ အချက်အပြုတ် ကျွမ်းကျင်သူတွေ၊ အလှအပပညာရှင်တွေ စသဖြင့်။ ဘာသာပညာရပ်တိုင်းမှာ အဲဒီသဘောဆောင်ပါတယ်။ 

ဆရာဝန်တွေကလည်း လူနာကို မြင်တာနဲ့ ဖြစ်လောက်တဲ့ရောဂါတွေကို ခေါင်းထဲမှာ တန်းစီပြီး ပေါ်လာတယ်။

ကျွန်တော့ကို စောစောက တရားသဘောတခု မေးပါတယ်။ သုညအကြောင်းလေး ပေးပါဦး။ မဟာယနမှာ လက်မခံပဲ ထေရဝဒါကပဲ လက်ခံတဲ့ သုညအကြောင်းလေး။

မဖြေတတ်ပါ။ အရာအားလုံးကို သိသူရယ်လို့တော့ မရှိပါ။

ဆရာဝန်သာဖြစ်တဲ့ကျွန်တော် မြန်မာစာအကြောင်း အတိုအထွာလေးတွေ ရေးနေတာ ၁၀ နှစ်ထဲဝင်လာပြီ။ ကျမ်းမာရေး မေးတာတွေကိုဖြေနေတာလည်း ၁၅ နှစ်ရှိပြီ။ သူများတွေရေးတဲ့စာတွေ ထောင်သောင်း ဖတ်ထားရသူ။ မျက်စိက ကျင့်သားရနေပြီ။ သတ်ပုံတလွဲဖြစ်နေတာကို တန်းသိတာမျိုး ရှိတတ်ပါတယ်။ အားလုံးကိုတော့ မသိပါ။ အကိုးအကားတွေလိုက်ရှာပြီးသာ ဖြေရတယ်။

မနေ့ကပါဘဲ ညီလိုခင်မင်သူတယောက်က ပဲသုပ်နည်းတခု မေးတယ်။ သူများရေးထားတာကို လိုက်ရှာပြီး ဖြေရတယ်။ ကျွန်တော်က စားတာဘဲ တတ်တဲ့သူ။

အသက်ကလည်း အိုမင်းသူဖြစ်တော့ ဖတ်ခဲ့တဲ့စာတွေကလည်း များပြီ။ ရွှေဥဒေါင်းရေးတဲ့ တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များစာအုပ်ပြန်ထုတ်တော့ အဖုံးကတည်းက စာလုံးပေါင်း မှားနေတာကို တန်းသိပါတယ်။ အဲဒီစာအုပ် မုံရွာကိုရောက်တော့ နေ့ချင်း အိမ်ကိုရောက်တာလည်း အမှတ်ရတယ်။ ၁၉၆၁ ခုနှစ်က။

တက္ကသိုလ်ဘုန်းနိုင်ရေးတဲ့ သူငယ်ချင်းလို့ဘဲ ဆက်၍ခေါ်မည်ခိုင် စာအုပ်ထွက်တော့ ဆေးကျောင်းတက်နေပြီ။ နယူးဒေလီက မိတ်ဆွေကြီး ဦးမောသီရိက ဟင်ဒီလိုဘာသာပြန်တယ်။ ‘ဘဲ’ လို့ရေးထာတာကို ‘ပဲ’ ပြင်တောတွေ တွေ့တိုင်း မျက်စိထဲ အတော်ကသိကအောင့် ဖြစ်တယ်။ မူရင်းစာအုပ်အစစ်ကို မမြင်ဘူးသူတွေတော့ အဟုတ်ထင်နေကြလေရဲ့။

အရှင်ဇနကာဘိဝံသရေးသားတဲ့ တဘဝ သာသနာစာအုပ်ဖတ်ရချိန်မှာ ဆရာဝန်ဖြစ်ပြီ။ ‘တဘဝ’ ကို ‘တစ်ဘဝ’ လို့ ပြင်ထုတ်တာတွေ့တော့ သြော် သံသရာတစ်ရေးထင်ရဲ့လို့ အောက်မေ့မိပါတယ်။

မြန်မာစာအပါအဝင် စာ၊ ပညာကို အောက်ခြေကစပြီး စနစ်တကျသင်ယူလာသူတိုင်းဟာ ပညာကို တန်ဖိုးမထားတဲ့ခေတ်မှ ပညာသင်ယူရသူတွေရဲ့ အရေးအသားနဲ့ အသံထွက်ကို ဖတ်တာ၊ နားထောင်ရတာနဲ့ အဆီအငေါ်မတည့်တာကို မြင်မိနိုင်ကြပါတယ်။ ကျွန်တော်တဦးတည်းကသာ အဲလိုမြင်တာ မဟုတ်ပါ။

စာရေးမှားတာတွေကို ထောက်ပြရတာ တကယ်ကိုအားနာပါတယ်။ ထောက်ပြသူတွေရဲ့ ငြိုငြင်မှုကို ခံရပေမဲ့ ဆယ်စုနှစ်တခုအတွင်းမှာ အကျိုးတစုံတရာလည်း ရလာပါတယ်။ အချိန်တော့ ယူတယ်။ အမုန်းလည်း ခံနိုင်ရမယ်။ ပညာတန်ဖိုး နှိမ်ချခံထားရတာက ဆယ်စုနှစ် ၃-၄ ခုလောက်ကြာနေပြီ။ 

တိုင်းပြည်ညံ့ရခြင်းအကြောင်းတရားတွေထဲမှာ အသိပညာ၊ အတတ်ပညာ၊ မိခင်ဘာသာစာ ပါတယ်။

ကျွန်တော်တို့ အများကြီးကြိုးစားကြရပါမယ်။

4 Ways to Read a Book: How to Get the Most out of Reading - 2024 - MasterClass

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ