(လျှပ်နှယ် တချို့၊ စို့နှယ် တတန်)
အနောတတ်မည်၊ သဲသဲစည်သား
လှည့်လည် လကျာ်၊ ဆဲ့နှစ်ခါလျှင်
ခွေကာ ရစ်ဆင်း၊ တပြွင်းပြွင်းတိ
ခံတွင်းထွက်ဝှန်၊ လေလုံပြွန်က
ကျသွန် ဖြိုးဖြိုး၊ ဆင့်ဆင့်တိုးလျက်
တပိုးပစ်လွဲ၊ လှိုင်းဝဲဆစ်ဆစ်
ကိုယ်စီဖြစ်သား၊ ထိုမြစ်ဖျားနှင့်
အလား အတူ၊ ကြည့်လိုက်မူကား
မြင်သူ မူးယစ်၊ အံ့ဖွယ်ဖြစ်သည်
ဘယ်မြစ် နဒီ ရေတို့နည်း။ ။ (ပိုဒ်- ၄၄)
ဇမ္ဗူဒီပါ၊ တို့ကျွန်းသာဝယ်
အံ့အာ ကျယ်ပြော၊ အရောရောတည့်
ဝှမ်းကော နိမ့်ချိုင်း၊ တောင်ရှိတိုင်းလည်း
ခိုင်းနှိုင်း မဖက်၊ တတောင်ထက်လျှင်
ဆထက် ဆင့်ဆင့်၊ တတောင်မြင့်၍
ရှုတင့် စသီး၊ ကြည့် မငြီးတည့်
အကြီး အငယ်၊
အံ့ဖွယ် မဆုံး၊ တောင်အားလုံးကို
မြဖုံးသလို။ တိမ်ရိပ်ခိုလျက်
မိုးညို မည့်နှယ်၊ အသွယ်သွယ်တည့်
အံ့ဖွယ်ရှိအောင်၊ အဆောင်ဆောင်သည်
ဘယ်တောင် ဘယ်ကမ်း ပေတို့နည်း။ ။ (ပိုဒ်-၄၅)
တောင်ကြီး ရံပတ်၊ တောင်လတ် တသွယ်
တောင်ငယ် ခွေရစ်၊ အဆစ်ဆစ်တည့်
ထိုမြစ် ထိုတောင်၊ အလယ်ခေါင်ဝယ်
တိမ်ပြောင်ရဲရဲ၊ တိမ်ကိုခွဲ၍
သွန်ကြဲ ရတနာ၊ မိုးကြီးရွာသို့
စိမ်းဝါ ညိုလွင်၊ ထွေထွေမြင်လျက်
သက်တင် နီးစပ်၊ အထပ်ထပ်ဝယ်
လျှပ်နှယ် တချို့၊ စို့နှယ် တတန်
ဖာန်နှယ် အငွေ့
ရွှေ့နှယ် အရောင်၊ အဆောင်ဆောင်နှင့်
တိမ်ပြောင် ပြိုးပြက်၊ တောင်မြင့်ထက်ဝယ်
နှိုင်းဘက်စရာ၊ မရှိသာအောင်
ဝေဆာ စွင့်စွင့်၊ မားမားမြင့်သည်
ဘယ်မင်း့ ဘုံရွှေ မြေတို့နည်း။ ။ (ပိုဒ်-၄၆)
(လက်ဝဲသုန္ဒရ)
ရှေးစာကဗျာများ
ဒေါက်တာတင့်ဆွေ
Comments
Post a Comment