ပဲစောင်းလျားသီးနဲ့ တမာရွက်။ ခေါင်းရွက်သယ်ဆီက ဝယ်လာမဟုတ်။ ဈေးထွက်လည် ဝယ်ရတာလည်းမဟုတ်။ အိမ်တိုင်ရာရောက် လာပို့တာ။ ကျေးဇူး။ အမှတ်ရလို့ မင်းယုဝေကဗျာကိုပါ တင်ပါရစေ။
အလွမ်း
အခါတပါးမှာလ
တိုင်းခြားကို ရောက်ခဲ့တယ်။
ကိုယ့်ဝတ်စုံ အသာချွတ်ကာပ
သူ့ဝတ်စုံ အသာစွပ်လို့ရယ် ဝတ်ဆင်ရတယ်။
သူ့စကားကိုလည်း
နှုတ်ဖျား တလှိုင်လှိုင်နဲ့
မမောနိုင် စာဆိုပြောကာပ
ရောနှောလို့ ဟန်ရေးကြွယ်
သူတို့နှယ် ထင်ယောင်မှား။
သို့ပေမယ့်လျှင် သူ့အသွင် အစာစားပြန်တော့
သူ့အစား ဘယ်လိုမြိုင်လည်း
မမြိန်နိုင် လျှာမတွေ့လေဘု
ကိုယ့်ဓလေ့ ကိုယ့်ဘာသာထင့်
တို့စရာ ဆန်ထမင်းရယ်နဲ့
ငပိကြော် ချဉ်ပေါင်းဟင်းကိုလ
ချက်ချင်းပင် စားလိုက်ချင်ရဲ့
စာဆိုရှင် မျှော်ယောင်တပါလို့
အမိမြေ ကိုယ့်ဒေသကိုကွယ်
လွမ်းရသည် တကား။
မင်းယုဝေ အမေရိကကိုရောက်စဉ်ကရေးတဲ့ ၁၀-၁၁-၁၉၇၆ နေ့စွဲနဲ့ ကဗျာတဲ့။ ကျွန်တော်လဲ အဲဒီမှာရောက်နေတာ။ အဲလို တို့စရာတွေပေါတဲ့တိုင်းပြည်နဲ့ မြန်မာစာကို သတ်ပုံမှန်နဲ့သာရေးခဲ့တဲ့ခေတ်ကို လွမ်းတယ်။ အခါတစ်ပါးတွေ တစ်လှိုင်လှိုင်တွေနဲ့ ရေးကြတဲ့စာ မျိုမကျပါ။
ဒေါက်တာတင့်ဆွေ
၂၅-၄-၂၀၁၉
Comments
Post a Comment