တနွေညှိုးပြီမို့၊
ရွှေမိုး ရွာမလိုနဲ့၊
ပြာသိုညို ပိုခင်တန်းမှာဖြင့်
စိန်ပန်းပွင့်တနီနီ။
ကိုယ်မမေ့ပါဘု
ဟိုတကွေ့ ရွာအဝင်က
ဝါကျင်ကျင် အပင်အောက်မှာပေါ့၊
ပိတောက်ကျန် မပန်လောက်တယ်လို့
စိတ်ကောက်ခဲ့သည်။
အော်.... မနွဲ့ချင်စမ်းပါနဲ့၊
စိန်ပန်း ဝေလွင်လွင်မို့၊
မကြွေခင် အရင်ခူးကာပ၊
တနေဝင် အပင်ကူးပါလို့
ချစ်ဦးရဲ့ ဆံကေသီ
ပန်လေမည်ကွဲ့ တပင်လုံး။
အလို.... ချော့ကာမှ
ငိုတော့သည် "ဘယ်လိုပါလိမ့်" -
"ဆိုစမ်းပါ" ကိုယ်ကမေးလေတော့
အတွေး သီသီခေါင်၍
"အနီရောင် ပူလောင်တတ်တာမို့၊
ဆံမြိတ်မှာ သူ မပန်" တဲ့
တယူသန် တဖန်ကြောင့်တယ်
မောင့်အနွဲ့ဆုံး။ (တက္ကသိုလ် - မင်းမော်)
သွေးသောက်မဂ္ဂဇင်း၊ ၁၉၆၀ စက်တင်ဘာလ
LH အသံစာအုပ် ကျေးဇူး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment