Skip to main content

"မိမိကိုယ်ကို မဲဇာသို့ ပို့ခြင်း"

မိမိကိုယ်ကို နဲ့ မိမိကိုယ်ကိုယ် ဘယ်ဟာအမှန်လဲဆရာ

"မိမိကိုယ်ကို မဲဇာသို့ ပို့ခြင်း"

(ဒဂုန်တာရာ)

တရံရောခါ

ရာဇာသေနင်း၊ ရွှေစိတ်တော်နှင့်

ခန့်မသင့်၍၊ ဘုရင့်အာဏာစက်

လက်ဝဲသုန္ဒရ၊ မင်းခ ကဗျာဆရာ

မဲဇာသို့ ပို့လိုက်သတည်း။

ငါ တမူကား

မည်သူကမျှ၊ အမိန့်မချ

မိမိဆန္ဒဖြင့်၊ မြို့ပြမှ ခွာ

မဲဇာသို့ သွားနေလိုက်သည်။

ခေတ်သစ်မဲဇာ

ထိုနေရာကား၊ ကတ္တရာလမ်းမှ

ဝေးကွားလှလျက်၊ လယ်ကွင်းတဘက်

တဘက်မှာတော၊ တောင်တကြောနှင့်

အပြောကျယ်စွာ၊ ကောင်းကင်ပြာနှင့်

ဘယ်မှာကြည့်လေ၊ စိမ်းမြကြွေနှင့်

ရေကန်အတွင်း၊ နေနှစ်စင်းတည်း

ထွက်စပုလဲ၊ ဝင်ကရွှေဝါ

နေစကြာ၊ လစကြာ၊ ရေကန်သာတွင်

ဖန်လွှာ မှန်လွှာ၊ ရေကန်သာတွင်

စကြာမှန်ပြောင်း လှည့်လည်လျက်။

ကြယ်၊ လ၊ နေနှင့်

ရေမြေကောင်းကင်၊ သစ်ပင်တောတောင်

အမှောင် အလင်း၊ နဂိုရင်းဖြင့်

ဖုံးခြင်းမရှိ၊ ကွယ်ခြင်းမရှိ

ပကတိအဖြစ်၊ ရိုးဖြောင့်လှစ်ပြ

အစစ်အမှန်၊ အရိုးခံလျှင်

သဘာဝ၏ ဟန်အတိုင်း။

တနေရာတွင်

ရှေ့မှာလယ်ကွင်း၊ ရေဆင်းချောင်းစပ်

ကွေ့ပတ်ခွေရစ်၊ လှိုင်မြစ်သို့ထွက်

လယ်ကွက် ကန်သင်းကြား၊ ဖြတ်သန်းသွားရာ

ငါးများခုန်ထွက်၊ ဂဏန်းတက်ကြ

ရေစအိုင်နား၊ ချဉ်ပေါင်ခါးပြင်

လယ်ကန်စွန်းပင်၊ စားချင် ခူးသွား

ဖထီးစကား၊ ကြားရလေပြန်

သူ့ ဆီးခြံအပေါက်ဝ၊ တခေါ်လောက်ဝေး

ရွှံ့စေးလမ်းမှ၊ လျှောက်ခဲ့ရသည်

အေးချမ်းပေစွ။

မိုးသက်လေဆင်

ရေပြင်လယ်ကွင်း၊ ရွှေရောင် ငွေရောင်

မြရောင် စိန်ရောင်၊ တိမ်တောင် ရိပ်ထင်

စိမ်းမျှင်စန၊ မြတုံးမျှောတင်

နေ့တွင် ဖိတ်လက်၊ ညတွင် မှိုင်းမြ

လမှုန်၊ ကြယ်မှုန်၊ စံပယ်စုံ ကန်စွန်းငုံ

ဖြူငုံလူးလွန့်

ရေတွင်ကူးခပ်၊ တဖျတ်ဖျတ်တည့်

ရေစပ်လယ်ခင်း၊ ဖြူဖွေးကြွ။

ကောက်စိုက်ချိန်တွင်

ရေပြင်ဖွေးဖွေး၊ မိုးရိပ်ပြေးလွှား

နေ့စားလုပ်သား၊ ကောက်စိုက်သမများ

လှုပ်လှုပ်ရွရွ၊ ထဘီတိုမ

ဂဒူးဆောင်းကြ၊ ခမောက်ဆောင်းကြ

ကားချပ်ခြယ်သ၊ ဘဝရသ

လှပပေစွ။

နေ့အခါတွင်၊ ဟင်းလင်းပြင်မို့

လေထန်းပြင်းပြင်း၊ ရိုက်ခတ်ထုတ်ချင်း

နှုတ်သီးကောက်စွ၊ မြေမွခြစ်ကာ

အစာရှာကြ၊ အော်မြည်ကြနှင့်

ဘဲတမလည်း၊ ရေစချောင်းတိမ်

မြည်ကျူးသံယှက်၊ ကြက်သံ ဘဲသံ

ညယံတွင်ကား၊ ဖားအော်သံကား

ပိုးမွှားပုစဉ်းသံ၊ ပရစ်သံတို့

တယံမဆိတ်၊ တောသံခိပ်မှာ

သာယာပေစွ။

ဤမဲဇာကျွန်း

စခန်းသာမော၊ ကျေးလက်တောတွင်

ငါလျှင် မွေ့ပျော်၊ တကိုယ်တော်တည့်

ရေးဖော် မရှိ၊ ဖတ်ဖော် မရှိ

ဝေဖန်သူ မရှိ၊ တိုက်ခိုက်သူ မရှိ

အမိန့် မရှိ၊ လျှောက်လွှာ မရှိ

ငါ့ကို မသိ၊ ငါ့စာ မသိ

အမုန်း မရှိ၊ စစ်ပွဲ မရှိ

ပကတိထင်ဟပ်၊ စိမ်းရိုင်းလတ်ဆတ်

လွတ်လပ်နယ်မြေ၊ ငြိမ်းချမ်းမြေ။ ။ (ဒဂုန်တာရာ)

(မိုးဝေ၊ ဩဂုတ်၊ ၁၉၈၆)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ