စောစောက သနပ်ရွက်အကြောင်းစာတပုဒ် တင်လိုက်တယ်။
သနပ်ပင်ကိုယ်တွေ့လေး ရေးဦးမယ်။
မွေးဇာတိ၊ ပုလဲမြို့နယ်၊ မင်းရွာက မိဘတွေအိမ်ဝင်းထဲမှာ သနပ်ပင်ကြီးတပင်ရှိတယ်။ ခြံစည်းရိုးနားမှာ။ စပါးကျီနဲ့လည်း နီးတယ်။ ငယ်ငယ်က အဖေါ်တွေနဲ့ ဆော့ကြတယ်။ ကျည်းသားရိုက်တယ်။
ပုန်းမကြည်နေ့ညဆိုရင် သနပ်ပင်အောက်မှာ အရီး (အဒေါ်၊ အန်တီ မခေါ်တတ်ပါ) တို့က မုံ့ဖြူ၊ မုံ့နီ (မုန့်လို့ မရေးပါ) ကြော်ကြတယ်။ အနားလာဝိုင်းတဲ့ ကလေးတွေအတွက် အရုပ်မုံလေးတွေ လုပ်ပေးပါတယ်။ နွားရုပ်။
နိုင်ငံရေးလုပ်လို့ တိုင်းပြည်ကနေထွက်ပြေးရတော့ တဖက်နိုင်ငံရောက်တယ်။
မီဇိုရမ်မှာ ပဌမဆုံးနှစ်။ အဲဒီမှာ လက်ပံပင်တွေ လှမ်းမြင်ခဲ့ရသေးတယ်။
နောက် နယူးဒေလီမှာ ၂၃ နှစ်ကြာတယ်။
ဗစ်ကပ်စ်ပူရီ အရပ်မှာ အိမ်ငှားနဲ့ အနေများပါတယ်။
တခါက ဆိုနီယာရုပ်ရှင်ရုံအနားက ပန်းခြံ (ပတ်ခ် လို့ခေါ်ပေမဲ့ ပန်းပင်မရှိပါ) ထဲမှာ သနပ်ပင်တပင်ကို အတူနေသူတယောက် ရှာဖွေတွေ့ရှိလာတယ်။ မကြာမကြာ တက်ခူးပြီး ဆီးချဉ်သီးတော့ မရှိ၊ ရှိတာနဲ့ ချက်စားကြပါတယ်။ ကောင်းတယ်။
ကျွန်တော်က တောမှာမွေးပေမဲ့ တောသားအရည်အချင် မပြည့်ဝပါ။ သိတဲ့သူတွေက ပြောမှသာ သနပ်ပင်ရယ်လို့ သိတာ။
ဒေလီမှာ အခုလိုရာသီဆိုရင် တမာရွက်၊ ညောင်ရွက် ထွက်ရှာခူးကြတယ်။ စားကောင်းတယ်။
ဥသျှစ်ပင်လေးကတော့ ယမုန်နာဆေးခန်းလေးနာမှာ။ ညဆိုရင် မွေးလူနာစောင့်မွေးပေးရင် ဆရာဝန်က ဥသျှစ်ရွက်ခူးပါတယ်။
ဆေးခဏခဏသွားဝယ်တဲ့ ဆေးဆိုင်နားမှာ ကြောင်ပန်းပင်တပင်ရှိတယ်။ ဒေါ်မြမြအေးပြောလို့သာ သိတာ။ နို့ထွက်နည်းတဲ့ မိခင်တွေကို လမ်းညွှန်တယ်။ သိပ်မကြာခင် အဲဒီအပင်လေးကို ခုတ်ရှင်းသွားပါရောလား။ အင်ဒီယန်းတွေက အပင်ရဲ့ဆေးဘက်ဝင်မှု မသိကြရှာ။
မြေးအကြီးဆုံး (မြစ် အမရာ အမေ) ကျောင်းကို သွားသွားကြိုရလေ့ရှိတယ်။ ကျောင်းအဆင်းစောင့်နေရင်း ခြံစည်းရိုးက ကင်ပုံရွက် ခူးပါတယ်။
အဲဒီအပင်ကိုလည်း နောက်တော့ အင်ဒီယန်းတွေက ရှင်းသွားကြပြန်ရော။
ဒေလီမှာ နေရစ်ကြသူတွေ နေကောင်းကြပါစေ။
ဗုဒ္ဓဂါယာဘက်သွားရင်လည်း ထန်းပင်တွေ့ပါတယ်။
တခါက ထန်းပင်မြစ်ကိုတော့ မုံရွာမှာနေတဲ့ ညီလိုရင်းနှီးတဲ့ ဆရာဝန်တယောက်က ဒေလီအထိ ရောက်အောင်ပို့ပေးတယ်။ ကျေးဇူး။
ပြည်တွင်းမှာနေကြသူတွေ နေကောင်းကြပါစေ။
ရာသီစာတွေ စားရသူတွေ နေကောင်းကြပါစေ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment