ဒီစကားဟာ မြန်မာ့ရိုးရာ အလှူအတန်း၊ မင်္ဂလာပွဲတွေကနေ ဆင်းသက်လာတာပါ။ ရှေးက ပွဲလမ်းသဘင်တွေ လုပ်တော့မယ်ဆိုရင် လူတွေသိအောင် ဆိုင်းဗုံတီးပြီး အချက်ပေးလေ့ရှိပါတယ်။
အဓိပ္ပာယ် ဖွင့်ဆိုချက်
"ဆိုင်းမဆင့် ဗုံမဆင့်" ဆိုသည်မှာ ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ၊ သတင်းမပေးဘဲ ရုတ်တရက် ဖြစ်ပေါ်လာခြင်း သို့မဟုတ် လုပ်ဆောင်ခြင်း ကို ဆိုလိုပါတယ်။
လူမှုပတ်ဝန်းကျင်မှာ ဒီလိုအခြေအနေမျိုးတွေမှာ သုံးနှုန်းလေ့ရှိပါတယ် -
ဧည့်သည်ရောက်လာခြင်း: "ဒီနေ့တော့ ကိုမြတ်တို့ ဇနီးမောင်နှံက ဆိုင်းမဆင့် ဗုံမဆင့် အိမ်ကို ရောက်လာကြတယ်" (ကြိုတင် မပြောထားဘဲ ရုတ်တရက် ရောက်လာတာကို ဆိုလိုခြင်းဖြစ်ပါတယ်။)
ရာသီဥတု: "နေသာနေရင်းကနေ ဆိုင်းမဆင့် ဗုံမဆင့် မိုးတွေ ရွာချလိုက်တာပဲ"
ကိစ္စရပ်များ: "ဘာအစီအစဉ်မှ မရှိဘဲ ဆိုင်းမဆင့် ဗုံမဆင့် ခရီးထွက်ဖို့ ဖြစ်လာတယ်"
ရိုးရိုးရှင်းရှင်း ပြောရရင် "ရုတ်တရက်" သို့မဟုတ် "မမျှော်လင့်ဘဲ" ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အသံဗလံပေးပြီး အသိမပေးဘဲ ချက်ချင်းဖြစ်လာတဲ့ အခြေအနေတွေကို တင်စားပြောဆိုတာ ဖြစ်ပါတယ်။
ဇာတ်ကပြနေသူက ဆိုင်းဆရာကို ဆီလျော်ရာတီးကွက်တီးပေး ရန်ဆော်ဩသည်။
ဝန်ကြီးများထွက်မလာမီ ဆိုင်းဆင့်ရပေသေးသည်။ ပြည်အက။ ၂၆။
"ဆိုင်းဆင့် ဆိုတာ ပတ်ဝိုင်းထဲက ဆိုင်းဆရာ တီးလို့ကောင်းအောင် ဆိုင်းနောက်ထ လူရွှင်တော်က ဆင့်ခေါ်ပေးရတဲ့ နဘေလင်္ကာတမျိုးပါပဲ။
ဥပမာ
ပတ် နဲ့ နှဲ အချိန်ညီအောင်
မပြတ်လှည့်ဝဲပြီး ကိန္နရီဆောင်သလို
သိင်္ဂီအရောင် အရှိန်ချီလို့
တိန်တီ တိန်တီနဲ့
ရွာစား …
စိန်စီတဲ့ လက်ဆိုတာ ပြ။
၁။ အခမ်းအနား အစီအစဉ် (Sequence)
ဇာတ်သဘင်မှာ ဇာတ်ကောင်တဦး (သို့မဟုတ်) အရာရှိကြီးတဦး မထွက်လာခင်မှာ သူ့ရဲ့ ဂုဏ်ဒြပ်နဲ့ လျော်ညီတဲ့ တီးကွက်ကို အရင်တီးရပါတယ်။ ဥပမာ - ဝန်ကြီးတွေ ထွက်လာတော့မယ်ဆိုရင် "ဘုန်းတော်ဘွဲ့" သို့မဟုတ် "နန်းတွင်းတီးကွက်" မျိုးနဲ့ ဆိုင်းဆင့်ပေးရပါတယ်။ ဒါမှ ကြည့်ရှုသူ ပရိသတ်က "ဪ... အခု ဝန်ကြီးတွေ ထွက်လာတော့မှာပဲ" လို့ ကြိုတင် သိရှိပြင်ဆင်နိုင်တာ ဖြစ်ပါတယ်။
၂။ ဇာတ်ကောင်ကို အချက်ပေးခြင်း
ကပြသူ (မင်းသား၊ ဝန်ကြီး) ကလည်း ဆိုင်းဆရာက ဆိုင်းဆင့်လိုက်တဲ့ တီးလုံးကို ကြားမှသာ စင်ပေါ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ထွက်လာရတာပါ။ ဆိုင်းမဆင့်ဘဲ ထွက်လာရင် ပွဲမစည်သလို၊ စနစ်မကျသလို ဖြစ်တတ်ပါတယ်။
၃။ ပရိသတ်ကို အာရုံစိုက်စေခြင်း
"ပြည်အက" စာအုပ်ထဲကအတိုင်း ဝန်ကြီးတွေ မထွက်ခင် ဆိုင်းဆင့်တယ်ဆိုတာ ပရိသတ်ရဲ့ အာရုံကို စင်ပေါ်ကို ဆွဲခေါ်လိုက်တာ ဖြစ်ပါတယ်။ "တ" ဆိတ်နေတဲ့ အခြေအနေကနေ ဆိုင်းသံနဲ့ အချက်ပေးလိုက်ခြင်းအားဖြင့် အခမ်းအနား စတင်ကြောင်း အသိပေးတာပါ။
အနှစ်ချုပ်
သင်ပြထားတဲ့ ဥပမာအရ ဆိုင်းဆင့်ခြင်း ဆိုတာ -
တ စုံတ ခု မစတင်မီ စနစ်တကျ အချက်ပေးခြင်း။
လာမယ့် အစီအစဉ်အတွက် အသိပေး နှိုးဆော်ခြင်း။
အခမ်းအနားရဲ့ အဆင့်အတန်းကို ဖော်ဆောင်ခြင်း လို့ နားလည်နိုင်ပါတယ်။
ဒါကြောင့် "ဆိုင်းမဆင့် ဗုံမဆင့်" ဆိုတာက ဒီလို စနစ်တကျ အချက်ပေးမှုတွေ လုံးဝမရှိဘဲ ဝုန်းဒိုင်းကြဲ ရောက်လာတာကို တင်စားသုံးနှုန်းတာ ဖြစ်ကြောင်း ပိုပြီး ထင်ရှားသွားပါတယ်။
မင်းသမီးကိုတွေ့ခိုက် ဘီလူးဆိုင်းဆင့် (ဦးပုည)
အလို… မကြုံစဖူး
ကြုံချက်ကယ် ထူးတော့တယ်
ဘီလူးမင်း ငယ်ကြိုက်
ပါးစောင်မှာ သရေစီးအောင်
မျက်ဖြူကြီး ဆိုက်ခဲ့ပြီ
မြင်လိုက်မိရုံလေးမှာ
ဇောပီတိ ဖရဏာနှင့်
ဆိုင်ရာက နွေးသတဲ့
သေးသေးတစ်ကလေးပါလား
သည်တခါမှ မင်္ဂလာဦး
ကိုဘီလူးမှာ ကံထူးပါပေ့
နလံထ မင်း ဆွမ်းအကြွင်းနှင့်
ပက်ပင်းပါ တွေ့သည့်နှယ်
သည်ကနေ့ ဆက်ကပ်
မောင်ယက္ခောမှာတော့
သရောကြီးတက်ကရော့မယ်
ညိုညက်ကယ် အို သက်ကယ်
ချိုဘက်မထား
ပိုမျက်မာန်ပွားခဲ့လျှင်
ခစားသူ့ ထီဒမာ
အလကား ရောင်နီလာလို့
ကတ္တီပါ ဖြစ်ရော့မယ်
အပန်းနှင့် အဆွေး
စခန်းသင့် မဝေးအောင်
ခွေးရူးကိုက် စွန်ရဲ
သည်ဆောင်းလထဲမှာ
ဝပ်ကျင်းကို ဆွဲတော့မည်
နန်းပွဲရ ကဝိန္ဒံက
အဓမ္မံ လက်သံနှင့်
ဓားပြဉာဏ် သစ်လိုက်စမ်း ကိုးရွာစား။ ။
(ဝိဇယပြဇာတ်)
မင်းသားဆိုင်းဆင့်
ဖန်ဝန်းပွင့် ရောင်ခြည်စက်၊ သူရိယာ မထွင်ခင်၊ ရုတ်တရက် လျင်တဆော၊ ရနံ့သင်းထုံ၊ သာမျိုးစုံတဲ့၊ ရဂုံတောက၊ စောစောထမြန်း၊ ကွန်းထောက်မှီ လှမ်းရအောင်၊ စခန်းသာ ညွှန်ပြပလေစေဟဲ့။
ဦးကြင်ဥရေးသားတဲ့ မင်းသားဆိုင်းဆင့် တောဘွဲ့ ဖြစ်ပါတယ်။ ၁၉၆၁ ခုထုတ် ကျောင်းသုံး မူမှန်စာအုပ်ထဲကဖြစ်ပါတယ်။
ခေတ်ပေါ်မြန်မာစာဆရာတွေကတော့
ရုတ်တရက် နဲ့ လျင်တဆော သတ်ပုံတွေကို တင်ပြပါတယ်။ သတ်ပုံပြင်ခိုင်းသူတွေက ဦးကြင်ဥထက်တော့ မြန်မာစာ ပိုတော်ကြတယ်လို့ မထင်ပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment