(ဆရာမောင်စွမ်းရည်၏ကဗျာ)လူစိမ်းနဲ့ ကျွန်တော်နဲ့ တွေ့တဲ့အခါ
ကြားလူပါရင်
"သူဟာကဗျာဆရာမောင်စွမ်းရည်"ပါလို့
မိတ်ဆက်ပေးတာ
မကြာခဏ ကြုံရတယ်။
ဒါ့ကြောင့်
ကျွန်တော်ဟာ၊ ကဗျာဆရာလို့
ဆိုပါစို့။
ကဗျာဆရာ ကဗျာဆရာနဲ့
ကဗျာရေးသက်၊ ပြန်တွက်ကြည့်တော့
ရေးသက် ရေးဝါ၊ အစိတ်ကြာပြီ
ကောင်းတာလည်းရှိ၊ မကောင်းတာလည်းရှိ
မရှိမကောင်း၊ ရှိမကောင်းနဲ့
ကဗျာပေါင်းများစွာ၊ ရေးခဲ့တာလည်း
လေးငါးရာမက၊ များလေလှပေါ့။
ကဗျာတပုဒ်ဟာ
စာတမျက်နှာ၊ နှစ်မျက်နှာ
တရံတခါ၊ သုံးမျက်နှာပေါ့
မရှည်လှပါဘူး၊ ဖတ်သူမှာ
သုံးလေးမိနစ်သာ၊ သိပ်မကြာလည်း
ရေးသူမှာတော့၊ တခါတခါ
တနှစ်ကြာ၊ နှစ်နှစ်ကြာ
ကြာနှိုင်တာကပဲ။
ကဗျာဆိုတာ
ဘယ်အခါ ဘယ်နေရာ
ဘယ်လိုရှာမယ်၊ နည်းနာမရှိ
ဂိုက်ဂါကောင်တာ*
(*Geiger Counter=မြေကြီးထဲကဓာတ်သတ္တုကို
စမ်းသပ်ရှာဖွေတဲ့ကိရိယာ)
ကိရိယာနဲ့၊ မြေလွှာအနှံ့
ခရီးဆန့်ပြီး၊ တောအနှံ့ တောင်အနှံ့
ဘယ်တောင်ဖြန့်၊ ညာတောင်ဖြန့်
အနှံ့ရှာလည်း၊ ကဗျာသတ္တု
ရွေးစေ့စုမျှ၊ ရနိုင်ဖို့မလွယ်။
ကဗျာပြက္ခဒိန်၊ ချိန်စရာ တာစရာ
မီတာတွေ ဘာတွေမရှိ
မြေပုံများနဲ့၊ ဇယားလည်းမရှိ။
အကြုံအတွေ့၊ ဘုံဓလေ့ကို
စေ့ငုခံစား၊ ဘာဝနာပွားပြီး
ခံစားမှုကို၊ ကယုကယင်၊ စမ်းရေလျဥ်မှာ
ရွှေကျင်သလို ကျင်ရတာ၊ စင်ရတာ။
နှလုံးသားမှာ၊ ရေဒါရှိတယ်
ခံစားသိဦးမှင်၊ ရှင်သန်လှုပ်ယမ်း
အရာရာကိုဖမ်း၊ ကမ္မဋ္ဌာန်းရှုသလို
ထိမှု သိမှု၊ သတိပြုပြီး
ကဗျာမှုအမှောင်ခန်းမှာ
တခန်းလုံးပိတ်၊ နိမိတ်ပုံ နဂ္ဂတကို
ပုံဖြစ်အောင် ကူးရတယ်။
ကဗျာဖွားတဲ့ နှလုံးသားဟာ
ခံစားမှုဒဏ် ခံနိုင်အောင်တင်း
ဘဝနဲ့ရင်းရကြောင်း
ဘယ်သူ ကောင်းကောင်းသိမှာလဲ။
ဒီနှလုံးသားက၊ ဖြန့်သမျှသွေး
ဒီသွေးတွေက ရောက်သမျှနေရာ
ဆဲလ်တိုင်း ဆဲလ်တိုင်းမှာ
ကဗျာဓာတ်တွေ ပျံနှံ့နေတယ်လေ။
ကဗျာ ကဗျာနဲ့
ကဗျာတပုဒ်၊ နှလုံးသွေးကထုတ်ပေမယ့်
တပုဒ်ရဲ့တန်ကြေး၊ ငွေကြေးနဲ့တွက်ရင်
ခံတွင်းချဥ်ရုံပါ။
ဒါပေမယ့်ဗျာ
ကျွန်တော့်ကဗျာ၊ ရွတ်လိုက်တာနဲ့
အက်ကွဲမြေလွှာ
မြေကြီးထဲက
ဆီဆန်ရမလား၊ ဘာညာရမလား
တင်စားသူတွေ၊ ရှိနေတာလည်း
အမှန်ပဲ မဟုတ်လား။
ချစ်သူအတွက်အား၊ မုန်းသူအတွက်ဓားတဲ့
ကြားဖူးမှာပေါ့။
တနေ့သော်ကား၊ ဆင်းရဲသားတယောက်
မေးချင်စိတ်ပေါက်သနဲ့
ကောက်ကာ ငင်ကာ မေးလာပါပကော...။
ဟေး...ကဗျာဆရာ
ကဗျာရေးတာ၊ ကြာလည်းကြာပေါ့
ခုလောက်ကြာတော့၊ မင်းမှာဘာတွေ
စုမိနေပြီလဲတဲ့။
ငါသိတာပေါ့၊ ငါ့မှာဘာမှမရှိ
အကြွေးမာတိကာ၊ ကဗျာစာရွက်
အပေါင်လက်မှတ်၊ ဘွဲ့လက်မှတ်များ
မယားကတ၊ သားကနှစ်၊ သမီးကနှစ်
ချစ်မေတ္တာမှတပါး၊ အခြားဘာမှမရှိ။
ငါ့မှာရှိတာ၊ ငါမသိလည်း...
သိတဲ့လူက၊ သိနှင့်ကြပြီ...။
တနေ့သောအခါ ဆရာဝန်တယောက်က
ငါ့ကျောက်ကပ်မှာ၊ ကျောက်ကပ်နေတာ
သူသိပါသတဲ့။
ဗုဒ္ဓေါမြတ်စွာ
နှစ်ပေါင်းများစွာ၊ ကြာသောအခါမှာ
ကဗျာဆရာ၊ စုမိတာက
ကျောက်ကပ်ထဲမှာ
ကျောက်တလုံးပါကလားလို့
အံ့အားပဲသင့်တော့တယ်။
ခွဲစိတ်ခန်းမှာ၊ ဆရာဝန်များက
ဖားခွဲသလို၊ ငါ့ဗိုက်ကိုခွဲ
ငါ့ကျောက်ခဲကို၊ ယူရီတာရို လစ်သိုတမီ
လုပ်လိုက်ပြီတဲ့
မေတ္တာရှင်များ၊ ဓားသမားတို့
ကုစားချက်မှာ
ပိန်းကြာဖက်တွင်၊ ရေမတင်သလို။
အို...ဓားနဲ့ကယ်တင်၊ ကျေးဇူးရှင်တို့
ကျေးဇူးဆပ်စရာ၊ ရောဂါမှတပါး
တခြားမရှိ၊ ရှိတဲ့ရောဂါ
ထားခဲ့တာနဲ့၊ ဆရာတို့တတွေ
ပျော်ပါစေသော်ဝ်။
ဆေးရုံကဆင်း၊ ကင်းခြေများလို
အမာရွတ်ညိုသာ၊ ဗိုက်ကိုကပ်ကာ
လိုက်ပါလာ၏
ကလူဘိသို့၊ မြှူဘိသို့။
ဆေးရုံကဆင်း၊ ငါ့ရင်တွင်းမှာ
ကဗျာတတို၊ တွယ်ကပ်ခိုသည်
မချို၏သို့ ချိုအိသို့။
ကျောက်ကပ်ဆေးရုံ....တဲ့
ပိုက်ဆံတကျပ်နဲ့
ဂိတ်ဝကိုဖြတ်၊ ကျောက်ကပ်ဌာနတက်ခဲ့ပါ
လက်မှတ်မပါလည်း၊ ကိစ္စမရှိ။
သို့သော်....
ဆေးရုံပေါ်မှာ၊ သင်တက်လာက
အသပြာစ၊ လာဘ်လာဘဆို
ဘယ်သူ့ကိုမှ၊ မပေးရကြောင်း
ထိုစာကြောင်းက၊ သင့်ဦးခေါင်းထက်
ပြုံးပြလျက်....။
လူနာခန်း
သံငြမ်းကုတင်၊ အလယ်တွင်ခွက်
စပရိန်ပျက်၊ သံချေးတက်
ဆေးဖြူတွေပျက်၊ အကွက်အကွက်
သွေးအစက်စက်၊ ချေးသေးတွေကွက်
အူထွက်မှိုတက်၊ မွေ့ရာများမှာ
ဖျားနာ ယိုယွင်းလျက်။
အိပ်ခန်းရော်ဝါ၊ ခေါင်းအုံး အဖုံးမပါ
ဝါနီညိုပြာ၊ ဖောင်းပိန်ပျော့မာ
မညီမညာ၊ အိုနာဖောက်ပြန်လျက်။
ခုတင်တွေကြား၊ ခုံများကိုခင်း
ခုံခြေရင်းမှာ၊ မိုးကာစခင်း
ခုံချင်းဆက်၊ လူချင်းတွဲ
အခန်းထဲက အိမ်သာဝရောက်
လှေကားအောက်ထိ ပြွတ်သိပ်၏။
ခုံများပေါ်မှာ
လူနာ တယောက် နှစ်ယောက်
တခါတလေ၊ သုံးယောက်
မှောက်သူမှောက်၊ လှန်သူလှန်
နံသူနံ၊ မနံသူလည်းမမွှေး။
ကျောက်ပြားခင်းကြမ်း
တဖက်ကျွမ်း မီးခြစ်ဆံ
လေးငါးဆယ်ဆံ
ထွေးခံပိန်တူးဘေး၊ ပြာနဲ့ကွမ်းသွေး
ဆေးလိပ်တတို နှစ်တို၊ ဂွမ်းစို ဂွမ်းခြောက်
သွေးပေါက်ပြည်စက်
ကြက်ခြေခတ် ပလာစတာ
ကြမ်းပြင်မှာအနှံ့။
ဆေးပြင်းလိပ်နံ့၊ ဆေးတံနံ့နဲ့
ချေးနံ သေးနံ့၊ ဖီနောနံ့မှာ
တခါတခါ၊ လေရွေ့လာမှ
ဘယ်ကပါလိမ့်
ငါရောက်နေတာ ဆေးရုံပါတကား။
ခုံတွေကြားထဲ၊ တဖွဲဖွဲနဲ့
ရှဲရှဲရှပ်ရှပ်၊ ပိုးဟပ်ကလေးတွေ
ပြေးလွှားယောက်ယက်၊ ကြွက်သားလေးတွေ
ချစ်စရာလေးတွေ၊ ပြေးလိုက်လွှားလိုက်
အမှိုက်ပုံအနီး
အလိုကြွက်ကြီး၊ ဝက်လောက်နီး။
လူနာတို့ကား၊ ကြွက်များကိုကြည့်
မြူးမိသည့်ခါ၊ မြူးလေ၏
မူးမိသည့်ခါ၊ မူးလေ၏
ကြွက်ကိုမူ ဘယ်သူခြူဆွဲလေမည်မသိ။
အိမ်သာတွင်ကား၊ ဖက်များတချို့
စက္ကူတချို့၊ အဝတ်စတချို့
ငှက်ပျောခွံတချို့၊ သံပုရာခွံတချို့
ဆေးလိပ် မီးခြစ်တချို့
ပိတ်ဆို့နေလျက်၊ ရေလျှံတက်၏။
ကြွက်တို့ ပြူတ ပြူတ။
တချို့လူနာ
အိမ်သာမှာငိုင်၊ ပြောင်းပြန်ထိုင်ရင်း
ဆီးပုလင်းတဖက်၊ ဆေးလိပ်တဖက်
စည်းစိမ်တက်၏။
တချို့လူနာ၊ ကုတင်မှာပဲ
ဘာဝနာပွားသူပွား၊ သွားကြားထိုးသူထိုး
ပိုးမျိုးရှစ်ဆယ်ရော၊ ခိုးဆိုးရှစ်ဆယ်ရော
တောရောက် တောင်ရောက်၊ ၉၆ ပါး ရောဂါ
ကင်ဆာပါ မပါ၊ ရိုးရာဆေးထက် မထက်
လျက်ဆား လက်ဆုံလျက်ရင်း၊ စကားတင်းဆို
ငိုမိသူငို၊ မငိုသူလည်း မရယ်နိုင်။
တချို့သော်ကား
လက်ဖက်လက်ဆုံစား၊ ကွမ်းရာလက်ဆုံဝါး
အားရှိသွားအောင်၊ ရေများများသောက်
ဆီးများများပေါက်
တယောက်ကို တယောက်ဖေး
ဘဝတူချင်း အားပေးလျက်။
တချို့လူနာ
လူနာကအထူး၊ ဆေးဝါးကအထူး
သမားကအထူး၊ အစားကအထူး
ဧည့်သည်ကအထူး၊ သူနာပြုအထူး
မထူးသည်မှာ ရောဂါ။
တချို့လူနာ
လူနာကအညတရ၊ ဆေးဝါးခမရှိ
ကိတ်မုန့် ပေါင်မုန့်မရှိ၊ ဟောလစ်နို့မှုန့်မရှိ
ကြက်ဥနွားနို့မရှိ၊ ဓာတ်ဘူးပူအေး မရှိ
တိုင်းမ်၊ နယူးစ်ဝိ မရှိ
သူ့မှာရှိတာ ရောဂါ။
တချို့လူနာ၊ တကျပ်သာ ပါ၏။
တချို့လူနာ၊ လေးငါး ရှစ်ကျပ် ပါ၏။
တချို့လူနာ၊ လေးငါးရှစ်ရာ ပါ၏။
ဂိတ်ကြေးမှာ တကျပ်
ဆေးထည့်ညင်သာ တကျပ်
အိုးထိုးခွက်သွန် တကျပ်
ဆီးပိုက်ဖြုတ်တပ် တကျပ်
ဆီးပုလင်းဖြုတ်တပ် တကျပ်
တောရိတ်ချုံရှင်း တကျပ်
ကိုယ့်နားသူလာ တကျပ်
သူ့နားကိုယ်သွား တကျပ်
တိုးတိုးတကျပ်၊ ကျယ်ကျယ်တကျပ်
ခြေတို့လက်တို့ တကျပ်။
မီးတခြစ် တကျပ်၊ ဆီးတညှစ်တကျပ်
ထိုင်တကျပ်၊ ထတကျပ်
မလှုပ်တကျပ်၊ လှုပ်တကျပ်။
ရက်ခြားတခါ၊ ဆွမ်းခံသံဃာ
လှည့်လည်လာသလို၊ ပါရဂူများ
ကရောင်းလှည့်သွားရင်၊ ရက်ချိန်းများမှတ်
ဓာတ်ခွဲ တပတ်၊ ဆီးစစ် သွေးစစ် တပတ်
ခွဲစစ် ဆွဲစစ် တပတ်
ရက်ပတ်စောင့်ရာ၊ တခါတရံ တလ
တခါတရံ နှစ်လ၊ သုံးလ။
လူနာက တရာ နှစ်ရာ
သမားမှာ တယောက် နှစ်ယောက်
ဆစ္စတို စကိုပီ(ဆီးအိမ်ထဲကိရိယာသွင်း၍ရှာခြင်း)
ဘိုင်သြစပီ(အသားစဖဲ့ယူ၍စစ်ခြင်း)
ရီနိုဂရမ်၊ ဓာတ်မှန်သေးကြီး
သွေးဆီးသလိပ်၊ အကျိတ်အဆန်
မှောက်လှန်မွှေထိုး၊ ရောဂါမျိုးရှာ
ရှာ....ရှာ....ရှာ...
ရောဂါတွေ့ပြီ၊ မတွေ့သည်မှာ ဆေး
အပြင်ဈေးမှာ ၁၀၀-၂၀၀
အတွင်းဈေးမှာ ၁၀-၂၀ သာ။
ဆရာဝန်များ၊ ထွက်သွားသောခါ
နီနီပြာပြာ၊ သူနာပြုများ
လာသွားတုံ့ခေါက်၊ တယောက်က ပြုံးပြုံး
တယောက်က မဲ့မဲ့၊ တယောက်က နွဲ့နွဲ့
မနွဲ့သူကဟောက်၊ မဟောက်သူကချော့
ငေါ့တဲ့အခါငေါ့၊ အားလုံးကတော့ လှသည်သာ။
ဆရာမများ၊ ထွက်သွားသောခါ
"ဆေးလိပ်မသောက်ရ"
စာတန်းအောက် တည့်တည့်မှာ
ထိုင်ကာ မှိုင်ကာ၊ ငိုင်ကာ ဆေးသောက်
မီးခိုလူလူ၊ မှိုင်းထူထူ
လူနာပုလင်း ခလောက်ကယ်နှင့်လေး။
ပုစဥ်းလောက်ခြင်တွေ လေတွင်ရှဲရှဲမြည်။
ပိတုန်းလောက်ယင်တွေ မြေပြင်ဝဲတော့သည်။ ။ (မောင်စွမ်းရည်)
သာရမဂ္ဂဇင်း၊ ဇန်နဝါရီ ၁၉၈၈။
(Ureterolithotomy = ကျောက်ကိုဆီးလမ်းက ခွဲထုတ်ခြင်း)
U Tin Htun Aung
Sonsdtoper2uc,0h2u7ycgFg23rrt028299ul22hcfal0ea71h4a3bu 21a ·
ဆရာမောင်စွမ်းရည်ကနေ Link တခု ပို့လို့ အစ အဆုံးဖတ်ပြီး ဆရာ့ဆီ စာပြန်ရေးလိုက်တယ်။
ကျေးဇူးပါ ဆရာ။
တ တွေကို တစ် ထားလို့ ကူးယူတင်ပြခြင်း မပြုတော့ပါ။
ကဗျာ"တစ်"ပုဒ်ဟာ စာ"တစ်"မျက်နှာ၊ "တစ်"ရံ"တစ်"ခါ၊ "တစ်"ခါ"တစ်"ခါ "တစ်"နှစ်ကြာ၊ "တစ်"ပတ် "တစ်"ယောက်က တချို့လူနာ၊ "တစ်"ကျပ်သာ ပါ၏။ တချို့လူနာ၊ လေးငါး ရှစ်ကျပ် ပါ၏။ တချို့လူနာ၊ လေးငါးရှစ်ရာ ပါ၏။ ဂိတ်ကြေးမှာ "တစ်"ကျပ် ဆေးထည့်ညင်သာ "တစ်"ကျပ် အိုးထိုးခွက်သွန် "တစ်"ကျပ် ဆီးပိုက်ဖြုတ်တပ် "တစ်"ကျပ် ဆီးပုလင်းဖြုတ်တပ် "တစ်"ကျပ် တောရိတ်ချုံရှင်း "တစ်"ကျပ် ကိုယ့်နားသူလာ "တစ်"ကျပ် သူ့နားကိုယ်သွား "တစ်"ကျပ် တိုးတိုး"တစ်"ကျပ်၊ ကျယ်ကျယ်"တစ်"ကျပ် ခြေတို့လက်တို့ "တစ်"ကျပ်။ မီး"တစ်"ခြစ် "တစ်"ကျပ်၊ ဆီး"တစ်"ညှစ်"တစ်"ကျပ် ထိုင်"တစ်"ကျပ်၊ ထ"တစ်"ကျပ် မလှုပ်"တစ်"ကျပ်၊ လှုပ်"တစ်"ကျပ်။ ရက်ခြား"တစ်"ခါ၊ ဆွမ်းခံသံဃာ ဓာတ်ခွဲ "တစ်"ပတ်၊ ဆီးစစ် သွေးစစ် "တစ်"ပတ် ခွဲစစ် ဆွဲစစ် "တစ်"ပတ် ရက်ပတ်စောင့်ရာ၊ "တစ်"ခါ"တစ်"ရံ "တစ်"လ "တစ်"ခါ"တစ်"ရံ နှစ်လ၊ သုံးလ။
ဆရာမောင်စွမ်းရည်က လက်မထောင် Sticker တခုပြန်ပို့တဲ့အတွက် တင်ထားတဲ့စာထဲပါ ပေါ်လစီသတ်ပုံ တဝမ်းပူတွေကို မှန်အောင်ပြင်ပြီး တင်ပြလိုက်ပါတယ်။
ပုဒ်ထီး ခေါ် ပုဒ်ကလေးတွေကိုလည်း စံနစ်ကျအောင် တကွက်ခြား ပြင်လိုက်ပါတယ်။
အဲလို တကွက်ခြာတာကို AI က အနားကွာ (spacing) လို့ ဘာသာပြန်ရေးပါတယ်။
မြန်မာစာမှာ ယတိဘေဒ ခေါ် punctuation စနစ်ကျ သိသူ၊ သင်သူနဲ့ သုံးသူက ရှားတယ်။
စံနစ်မထားတော့ တယောက် နှစ်မျိုးရေးနေကြပါတယ်။
“စနစ် စံနစ်”
စနစ်လား စံနစ်လား ဘယ်ဟာအမှန်လဲဆရာ (ဥပမာ- ရုံးသုံးစာစနစ်)
အရင်ကလည်း စံနစ်လို့လည်း ရေးကြတယ်။ စနစ်လို့ပါရေးကြတယ်။
- စနစ် (မောင်သုတ) မြဝတီ၊ ၁၉၆၅၊ မတ်။
- စံနစ် ကဝိဓဇသတ်ပုံကျမ်း (၁၉၅၄)
- စနစ် မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၈)
မြန်မာစာကို လေ့လာတဲ့အခါ အကိုးအကားစုံလင်လေ ကောင်းလေ။ မူကွဲစာလုံးတွေ ရှိတယ်။ မူကွဲအစစ်တွေကို သဘောကျ သုံးနိုင်ပြီး၊ မူလွဲနဲ့ မူမှားတွေကို မသုံးရပါ။
မြန်မာစာမှာ သစ်တိုင်းတော့ မှန်လေ့မရှိပါ။
အမိန့်နဲ့ ရေးကြစေသတည်းလည်း မမှန်ပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment