Skip to main content

(၁)

အဝင်အထွက်
သင်းမွှေး (ကသာ)
မင်းတုပ်ကိုပင့်၊ တံခါးဖွင့်သော်
ဝင်ခွင့်ရသူ၊ အပြင်လူသည်
တူရူတည့်တည့် ဝင်ရောက်ခဲ့။
ထိုအချိန်တွင်၊ ငိုကြွေးရင်းပင်
မင်းတုပ်ကိုပင့်၊ တံခါးဖွင့်၍
အိုရင့်လှသူ၊ အတွင်းလူသည်
တူရူတည့်တည့် ထွက်သွားပြီ။
ငွေတာရီမဂ္ဂဇင်း (၁၉၆၄ ဒီဇင်ဘာလ)
LH အသံစာအုပ် ကျေးဇူး။
(၂)
နှမလက်လျှော့နေလေတော့
(ရှင်မဟာရဋ္ဌသာရ ဂမ္ဘီသာရဆုံးမစာ)
၁။ ပုရေနိသင်၊ ဆက်တိုင်းကြင်၍၊ အိမ့်ရှင်အစစ်၊ ငယ်ကျွမ်းချစ်နှင့်၊ ထပ်ရစ်လက်သင်၊ ထုံးစတွင်၌၊ သွေးငင်ကြမ္မာ၊ ဝါသနာကြောင့်၊ ဆရာမိဘ၊ ကွပ်ဆုံးမလည်း၊ ချစ်စထုံးနှောင်၊ ပျော်ရအောင်ဟု၊ သန်းခေါင်မဟူ၊ အတူယှဉ်တွဲ၊ သန်လွှဲမခန့်၊ ကိုယ်သက်စွန့်၍၊ ဝေးစွန့်ခရီး၊ ချုံကြီးတောအုံ၊ ဝါးရုံဝါးထွေး၊ သစ်ကျားဘေးကို၊ မတွေးဆံဖျား၊ မလေးစားတည့်၊ တရားသံဝေ၊ အောက်မေ့ချေသော်၊ ကြေးရွှေဂဟေ၊ မစပ်ချေသို့၊ စာပေတတ်ပွန်၊ သီလက္ခန်နှင့်၊ ကျမ်းဂန်သိမြောက်၊ ပဉ္ဇင်းရောက်က၊ ထပ်လောက်ကျင့်ဖွယ်၊ ရှေးသောနှယ်ကို၊ အဘယ်ကြိုးစားရှာလေတော့မည်။
၂။ လူမြေတိတွင်၊ ဘက်မမြင်သား၊ သန့်စင်ငယ်က၊ လက်တော်လှနှင့်၊ ချိန်းချစေ့ရေ၊ မှာစာခွေကို၊ စသေလိပ်ပြီး၊ ခင်းနှီးကွတ်ကျယ်၊ ပြောင်မျိုးခြယ်၍၊ ဆင်စွယ်ဝန်းယှက်၊ မွေးမက်ရက်သည်၊ အသက်တို့က၊ ဆက်လှာရလည်း၊ မူလသိက္ခာ၊ ဆုံးမစာနှင့်၊ ငါးဖြာဝိနည်း၊ စောင့်စည်းပညတ်၊ အပ်ထတိသွား၊ ဆံတဖျားမျှ၊ မမှားအာရုံ၊ ကာမဘုံကို၊ မမြုံရချေ၊ သေငယ်သေစွ၊ ကမ္ပလွေရင်ပိုက်၊၊ တကိုက်လည်းကျွတ်၊ စာလက်လွတ်၍၊ ဖြစ်တတ်ဘိသည်၊ သင်္သာရှည်ခဲ့၊ ဖန်လည်ရဟက်၊ တပတ်ပတ်လျှင်၊ အနတ္ထဒုက္ခ၊ အနိစ္စလည်း၊ နှလုံးပူစွ၊ ပေးလှူစွန့်ကြ၊ သည်ဘဝတွင်၊ နှမလက်လျှော့ နေလေတော့ဟု၊ ချစ်ပေါ့မကြုံ၊ ညှိုးငယ်ပုံစွ၊ ရှက်ဟုံကြေးကြုပ်၊ ချမင်းတုပ်သို့၊ စိတ်ချုပ်မဖွင့်၊ ပျံလွင်မေတ္တာ၊ ကရုဏာနှင့်၊ တဏှာလောဘ၊ ဒေါသမြှေးထူ၊ ရမ္မက်မြူကို၊ ဘယ်သူနှိုးရှာလေတော့မည်။
၃။ ဆုပေသိချင်၊ ငယ်ကျွမ်းဝင်နှင့်၊ သို့ပင်တာရှည်၊ ပျော်ရမည်ဟု၊ ညောင်စည်သားများ၊ မြို့ရှေ့ပါးဝယ်၊ ထင်ရှားကျော်ဟိုး၊ ရုက္ခစိုး၌၊ ပုဆိုးကြာညွန့်၊ ပိတ်လျှပ်ကွန့်တို၊ ဖြန့်၍တံ့ငယ်မည်မြွက်ဟ၊ နှုတ်သံမြနှင့်၊ ခက်မတထောင်၊ ပညောင်စောင့်တတ်၊ ရှင်နတ်မြတ်ကို၊ တိုင်မှတ်သေသေ၊ ပြုမိပေရှင့်၊ မကွေသစ္စာ၊ ဝါသနာကြောင့်၊ ရုပ်ဝါပျိုရွယ်၊ သနားဖွယ်ဘိ၊ ရှေးနှယ်ကြိုးကုပ်၊ ချမင်းတုပ်နှင့်၊ ခွက်မြုပ်ခါညီ၊ နရီမောင်းချ၊ ဒေသနိမိတ်၊ သက်ကြီးဆိတ်လည်း၊ မမှိတ်မျက်တောင်၊ သည်းခေါင်ဆူလည်၊ ရှိလိမ့်မည်ဟု၊ လွမ်းသည်ထပ်ဆင့်၊ ဖူးချိန်သင့်ကို၊ မျှော်လင့်ခိုးရှာလေတော့သည်။ ။
မှတ်ချက်
မင်းတုပ် = တံခါးပိတ်ရာတွင်တံခါးပေါင်ရှိ ကွင်း သို့မဟုတ် တွင်းချိုင့်၌ သွင်းလျှိုသော အချောင်းအတံ။ ကန့်လန့်ကျင်။
ဒီကဗျာအပိုဒ် ၂
"ရှက်ဟုံကြေးကြုပ်၊ ချမင်းတုပ်သို့၊ စိတ်ချုပ်မဖွင့်၊ ပျံလွင်မေတ္တာ၊ ကရုဏာနှင့်" ရဲ့ ဆိုလိုရင်းကတော့
"မိမိရဲ့ စိတ်အာရုံကိုတော့ ကြေးကြုပ်ထဲ ထည့်ပိတ်ထားသလို၊ မင်းတုပ်ချထားသလို ခိုင်ခိုင်မြဲမြဲ ထိန်းချုပ်ထားရမယ်။ ဒါပေမဲ့ တပါးသူအပေါ် ထားရှိတဲ့ မေတ္တာနဲ့ ကရုဏာကိုတော့ အကန့်အသတ်မရှိ ပျံလွင်စေရမယ်" လို့ ဆိုလိုတာ ဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ