ဆရာကြီးသည် မြန်မာစာပေ နှင့် ပါဠိဘာသာပညာရှင်ကြီးတဦးဖြစ်ပြီး မြန်မာစာ တိုးတက်ရေးအတွက်များစွာလုပ်ဆောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် မြန်မာစာသင်ကြားမှုကို တိုးချဲ့ပေးရန်အရေးဆိုခဲ့ရာ အောင်မြင်ခဲ့ပြီး ဆရာကြီး၏ ကြိုးစားအားထုတ်မှုဖြင့် ၁၉၂၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်တွင် မြန်မာစာဝိဇ္ဇာဂုဏ်ထူးတန်း ကို စတင်ဖွင့်လှစ်နိုင်ခဲ့သည်။
မြန်မာစာပေ တိုးတက်ရေးအတွက် မြန်မာစာပေသမိုင်းကဲ့သို့သော စာအုပ်များကိုရေးသားခဲ့ပြီး ဗုဒ္ဓဘာသာ တရားတော်ဆိုင်ရာကျမ်းများကို မူရင်း ပါဠိဘာသာမှ အင်္ဂလိပ်ဘာသာသို့ပြန်ဆိုခဲ့သည်။ သတိပြုရန်မှာ ခက်ခဲလှသည့် အဘိဓမ္မာကျမ်းစာများကို မိမိဘာသာမဟုတ်သည့် ပါဠိဘာသာမှ မိမိဘာသာမဟုတ်သော အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုနိုင်ခဲ့သည်။
၁၉၆၅ ခုနှစ် စာဆိုတော်နေ့တွင် ဆရာကြီးရွှေဥဒေါင်းက ဆရာကြီးဦးဖေမောင်တင်ကို ရှိခိုးကန်တော့ခဲ့လေသည်။ အကြောင်းအရင်းမှာ အလွန်တရာ ခက်ခဲနက်နဲလှသည့် အဘိဓမ္မာကျမ်းဂန်တစောင်ဖြစ်သော ဝိသုဒ္ဓိမဂ္ဂကျမ်းကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုကာ ဗုဒ္ဓတရားတော်များ ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့စေသောကြောင့်ပင်ဖြစ်လေသည်။
ဆရာကြီးဦးဖေမောင်သည် ယင်းလုပ်ဆောင်ချက်ကြောင့် နိုင်ငံတကာတွင်ပါ ကျော်ကြားခဲ့ပြီး ကမ္ဘာအရပ်ရပ်ကချီးကျုးမှုများစွာရရှိခဲ့ပြီး ယိုးဒယားဘုရင်မှ ဆုငွေ ရွှေဒင်္ဂါး ပေါင် ၁၀၀၀ ချီးမြှင့်ခဲ့သည်။ ဆရာကြီး ဘာသာပြန်ဆိုခဲ့သော အင်္ဂလိပ်ဘာသာကျမ်းကို အမှီပြုကာ ဝိသုဒ္ဓိမဂ္ဂကျမ်းကို ဂျာမန်ဘာသာ၊ ဂျပန်ဘာသာများသို့ပြန်ဆိုခဲ့ကြသည်။
(မင်းယုဝေ ၏ ပထမမြန်မာများ၊ ဦးဖေမောင်တင် ၏ မြန်မာစာပေသမိုင်း)
(၂)
ဦးဖေမောင်တင် သည် မြန်မာနိုင်ငံသား မြန်မာဘာသာနှင့် ပါဠိဘာသာ ပညာရှင်၊ စာရေးဆရာ၊ တက္ကသိုလ်ပါမောက္ခတဦး ဖြစ်သည်။
ခရစ်ယာန်(အင်္ဂလီကန်)ဘာသာဝင်ဖြစ်သော်လည်း အဌသာလိနီ၊ ဝိသုဒ္ဓိမဂ် စသော ဗုဒ္ဓဘာသာကျမ်းစာအချို့ကို အင်္ဂလိပ်ဘာသာသို့ပြန်ဆိုခဲ့သောသူဖြစ်သည်။ မြန်မာ့သမိုင်း၊ ရာဇဝင်များကိုလည်း ဘာသာပြန်ဆိုခဲ့သည်။ ကိုလိုနီခေတ်တွင် မြန်မာစာပေကို အထင်အမြင်သေးကြသော တက္ကသိုလ်အာဏာပိုင်တို့အား အတိုက်အခံပြု၍ မြန်မာစာပေကို တက္ကသိုလ်တွင် အဆင့်မီမီ သင်ကြားနိုင်သည့် အခြေအနေသို့ရောက်အောင် အားထုတ်ကြိုးပမ်းခဲ့သော ဆရာကြီးတဦးဖြစ်၏။ မြန်မာနိုင်ငံ၏ ပထမဆုံးတက္ကသိုလ်ဖြစ်သော ရန်ကုန်တက္ကသိုလ်၌ မြန်မာအမျိုးသားထဲမှ ပထမဆုံး ခန့်အပ်ခံရသော ပါမောက္ခလည်း ဖြစ်သည်။
မြန်မာ့ယဉ်ကျေးမှု နှင့် ဓလေ့ထုံးစံကို မြတ်နိုးသောကြောင့် နိုင်ငံခြားဝတ်စုံကို ဝတ်ဆင်သော နိုင်ငံခြားသား ပါမောက္ခ အများအပြားကြားတွင် ပုဆိုးတောင်ရှည် ၊ ရင်ဖုံးအင်္ကျီ၊ ခေါင်းပေါင်းတို့ကို ဝတ်ဆင်ပြီး စာသင်လေ့ရှိသည်။ ပညာပိုင်းအရ ထူးချွန်သည့်အပြင် စာအသင်အပြလည်း ကောင်းသောကြောင့် ကောလိပ်ကျောင်းသားများသာမက နိုင်ငံခြားသား ပါမောက္ခများ၏ လေးစားခြင်းကိုပါ ခံခဲ့ရသည်။
(၃)
ရွှေဥဒေါင်း (၁၈၈၉- ၁၉၇၃) သည် မြန်မာနိုင်ငံသား စာရေးဆရာ ဖြစ်ပြီး ကျောင်းဆရာ၊ သစ်တောစာရေး၊ တောလိုက်စာရေး၊ မဂ္ဂဇင်းအယ်ဒီတာ၊ သတင်းစာအယ်ဒီတာချုပ်အဖြစ် ကျင်လည်ခဲ့သည်။ ပင်ကိုရေး၊ အမှီးနှင့် ဘာသာပြန်ဝတ္ထုတိုရှည်များ၊ ဗုဒ္ဓဝါဒ၊ တွေးခေါ်မြော်မြင်ရေး၊ အတ္ထုပ္ပတ္တိစာအုပ်များ ရေးသားခဲ့သည်။ အထူးသဖြင့် စုံထောင်မောင်စံရှား အမှီးဝတ္ထုများ၊ တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ၊ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ကျင့်စဉ် စာအုပ်များမှာ ထင်ရှားသည်။ မြန်မာစာပေနယ်တွင် အမှီးဝတ္ထုပုံစံကို ထူးချွန်ပြောင်မြောက်စွာ တိုးချဲ့ဆန်းသစ်ခဲ့သည်။ ရရှိခဲ့သည့် စာပေဗိမာန်ဆုများမှာ မျှော်တလင့်လင့်ဖြင့် ၁၉၅၂ ခု ဘာသာပြန်ဆု၊ သွေးစုပ်မြေဖြင့် ၁၉၅၅ခု ဘာသာပြန်ဆု၊ တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များဖြင့် ၁၉၆၁ ခုနစ်တွင် သုတပဒေသာဆုများ ရရှိခဲ့သည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment