နွေရာသီသည် အလွန်ပူပြင်းလှသည်။ အပူဒဏ်ကြောင့် ရေတို့ခန်းခြောက်ကြသည်။ သစ်ပင်ပန်းမန် တို့ ညှိုးရော်ကြသည်။ သက်ရှိသတ္တဝါတို့ နွမ်းလျကြသည်။
မနေ့က ရုံးပိတ်ရက်ဖြစ်သော်လည်း ကျွန်တော်သည် လွတ်လပ်စွာ အပြင်သို့မထွက်နိုင်။ အပူရှိန်ပြင်း လှသဖြင့် အိမ်ရိပ်တွင်ခိုလှုံနေရသည်။ အိမ်ရိပ်တွင်ခိုလှုံရသဖြင့် ခန္ဓာကိုယ်မှာ အပူဒဏ်မှအတန်ငယ် သက်သာ ခွင့်ရနေသော်လည်း စိတ်ကား သက်သာခွင့်မရ။ တရိပ်ရိပ်ရွှေ့လျားလျက်ရှိသော တိမ်ဖြူလိပ်တို့နှင့်အတူ လွင့်ပါးကာ ပျင်းရိပြီးငွေ့ခြင်း ဖြစ်နေမိသည်။ ထို့ကြောင့် ကျွန်တော်သည် စိတ်ငြိမ်ရန် စာဖတ်ရသည်။ ကျွန် တော်ဖတ်သောစာကား အခြားမဟုတ်၊ ရာဇဝင်တည်း။ ရာဇဝင်ဆိုရာ၌လည်း အခြားမဟုတ်၊ ပုဂံရာဇဝင် တည်း။ ပုဂံရာဇဝင်ကိုဖတ်တိုင်း၊ ကျွန်တော်သည် ကျွန်တော်လေးစားကြည်ညိုသော ပံ့သကူမထေရ် အကြော င်း ပြန်လည်ဖတ်ရှုသည်သာဖြစ်သည်။ ယခုလည်း ဆရာတော်အကြောင်း ပြန်လည်ဖတ်ရှုနေမိပြန်သည်။ ဆရာတော်အကြောင်း အာရုံစိုက်မိသောအခါ ကနဦးက လွင့်ပါးလျက်ရှိသော စိတ်တို့သည် တည်ငြိမ်လာ သည်။ ပျင်းရိသွေ့ခြောက်နေသောစိတ်တို့မှာ လန်းဆန်းလာသည်။ လောကတွင် မေတ္တာစေတနာ၊ ကရုဏာ စေတနာရှိသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့အကြောင်း ဖတ်ရှ နာရ ကြားရသည်မှာ စိတ်ချမ်းမြေ့ဖွယ် ကောင်း လေစွ။
ကျွန်တော်လေးစားကြည်ညိုသော ပံ့သကူမထေရ်သည် အခြားသူမဟုတ်၊ အလောင်းစည်သူမင်း လက်ထက် အရှင်အရဟံမထေရ် ပျံလွန်တော်မူသောအခါ ပုဂံပြည်၏သာသနာ့ဦးဆောင်အဖြစ် ဆက်ခံရသူ ဖြစ်သည်။ ဆရာဇတာ်သည် ပုဂံရာဇဝင်၌ အလွန်ထင်ရှားသည်။ ထင်ရှားသည်မှာ အကြောင်းနှစ်ချက်ရှိသည်။ ပထမအချက်မှာ အကျင့်သိက္ခာနှင့်ပြည့်စုံ၍ ဖြစ်သည်။ ဆရာတော်သည် လူအများလှူဒါန်းသော ကထိန် သင်္ကန်းကိုပင်လက်မခံ။ သုသာန်စွန့်ပစ်ထားသည့် လူသေကောင်တို့အား ဖုံးလွှမ်းသောအဝတ်တို့ကိုသာ ကောက်ယူလျက် သင်္ကန်းအဖြစ် ဝတ်ရုံသူဖြစ်လေသည်။
ဒုတိယအချက်ထင်ရှားသည်မှာ ဆရာတော်သည် ဘုရင် ၂-ဦးကို တော်လှန်ခဲ့၍ ဖြစ်သည်။ ဆရာတော် သည် ဘုရင် ၂ -ဦးကိုအဘယ်ကြောင့် တော်လှန်ရပါသနည်း။ တဦးက ကောက်ကျစ်စဉ်းလဲ၍ တဦးက ပြည်သူ တို့ကို ညှဉ်းပန်းသောကြောင့်ဖြစ်သည်။ ဤမင်းဆိုး ၂ -ဦးကို ဆရာတော်သည် မည်သို့တော်လှန်ခဲ့ပါသနည်း။ သာသနာ့ဝန်ထမ်းဖြစ်သဖြင့် လက်ရုံးရည်ဖြင့်ကား မတော်လှန်။ နှုတ်ရေးဖြင့်၎င်း၊ ဆန္ဒပြ၍၎င်း တော်လှန် ခဲ့သည် တကား။
ရှုပါလော့။ သက္ကရာဇ် ၄၇၄-ခုတွင် ပုဂံပြည်ကိုအုပ်စိုးသော အလောင်းစည်သူမင်းတွင် သားတော် ၃-ဦး ရှိသည်။ အကြီးကား မင်းရှင်စော ဖြစ်သည်။ အလတ်မှာ နရသူ ဖြစ်သည်။ တခါသော် မင်းကြီးမျက်သဖြင့် မင်းရှင်စောသည် ပြည်နှင်ခံရသည်။ ဖြစ်ပုံမှာ တနေ့တွင် မင်းရှင်စောသည် ခမည်းတော်ထံ အခစားဝင်သော အခါ မင်းကြီးနှင့်အတူထိုင်နေသော ပဋိက္ကရား ကုလားမင်းသမီးသည် သလွန်မှ မဆင်းဘဲရှိနေသည်။ မင်းရှင် စောလည်း. မကျေမချမ်းဖြစ်ကာ မင်းကြီးကို မခစားဘဲပြန်ခဲ့သည်။ တကြိမ်တွင်လည်း အထိန်းတော်သား အနန္တသူရိယကို မင်းကြီးက မင်းသားတို့ဝတ်သောဝတ်လုံကို ပေးခဲ့သည်။ အနန္တသူရိယလည်း ထိုဝတ်လုံကို ဝတ်၍ မင်းပွဲသို့တက်လာ၏။ ထိုအခါ မင်းရှင်စောက အရာဌာနမဟုတ်၊ အဝတ်နှင့်မတန်ဟုဆိုကာ ချွတ်လေ စေခဲ့သည်။
သည်အကြောင်းများကြောင့် မင်းရှင်စောကို မင်းကြီးမျက်ကာ ‘ပြည်နှင်ခဲ့သည်။ မင်းရှင်စောလည်း ယခု မန္တလေးအရှေ့ဘက်အရပ်ရှိ ထွန်တုံးပူတက်အရပ်သို့ ထွက်ခွာသွားကာ ပြည်ရွာတည်ထောင်နေရသည်။ မင်းရှင်စောမရှိသော် မင်းကြီးသည် တိုင်းရေးပြည်မှုတို့ကို စီမံရန် နရသူအား လွှဲအပ်သည်။ နရသူကား သူသွမ်းတည်း။ ရက်စက်သည်၊ ကောက်ကျစ်သည်၊ အလိုရမက်ကြီးသည်၊ ထီးနန်းကို လိုသဖြင့် မကျန်းမမာ ဖြစ်နော့သော ခမည်းတော်အား ရွှေကူဘုရားသို့ပို့ကာ မျက်နှာကို အဝတ်တို့ဖြင့်အုပ်ဖို့သတ်လိုက်လေသည်။
ခမည်းတော်မရှိပြီဟုကြားသော် မင်းရှင်စောသည် ထီးနန်းကိုယူရန် ပုဂံသို့ အလုံးအရင်းနှင့် ချီလာ သည်။ နောင်တော်၏အင်အားကို နရသူသည် မတုပြိုင်နိုင်သဖြင့် အကောက်ကြံလေတော့သည်။ ပုဂံပြည်၏ သာသနာ့ဦးဆောင်ဖြစ်သော ပံ့သကူမထေရ်ထံ ချဉ်းကပ်လျက် နောင်တော်ကို မိမိနန်းတင်ပါမည်။ နောင်တော် တဦးတည်း ကြွရောက်ရန်ခေါ်ပါချေ။ ညီနောင်နှစ်ဦး စစ်ခင်းနေပါက ပြည်ရေးမသာ ဖြစ်တော့မည်ဟုဆိုလာ သည်။ ဆရာတော်ကလည်း နရသူသည် ဆိုတိုင်းမပြုသော် မိမိသည် ရဟန်းတရားနှင့်မညီရှိတော့မည်ဟု မိန့်တော်မူသည်။ နရသူလည်း နောင်တော်ကို အကယ်ပင်နန်းတင်ပါမည်ဟု သစ္စာပြု၏။ ဆရာတော်လည်း သစ္စာပြုသည်ကို ယုံကြည့်သဖြင့် မင်းရှင်စောအား သွားရောက်ခေါ်ဆောင်ခဲ့သည်။ မင်းရှင်စောရောက်သော် နရသူသည် သစ္စာပြုသည့်အတိုင်း နန်းကားတင်ခဲ့၏။ သို့သော် ဘိသိက်သွန်းပြီး ညမှာပင် နောင်တော်အား အဆိပ်ကျွေး သတ်လိုက်သည်။ နန်းကို ယူလိုက်လေသည်။
ဆရာတော်သည် ထိုအကြောင်းကိုကြားသော် ခပ်မဆိတ်မနေ။ ချက်ခြင်းပင် နရသူထံကြွသွားလျက် မင်းဆိုးမင်းညစ်၏ အပြုအမူကို နှုတ်ရေးဖြင့် တော်လှန် ခဲ့လေသည်။ ““ဟယ်- မင်းဆိုး မင်းညစ် နင်ကား သံသရာဝယ် ခံရအံ့သော မကောင်းမှုကို မကြောက်။ စည်းစိမ်ကိုရလျှင် နင်၏ကိုယ်န္ဓာသည် မအို မသေပြီ ဟူ၍ မှတ်သလော။ လောကတွင် နင့်ထက်ပျက်သော မင်းသည်ကားမရှိ”ဟု ဆိုခဲ့သည်။ ပုဂံရာဇဝင်တွင် ဤအဆိုအမိန့်ကို အထင်အရှား မှတ်ထမ်းတင်ထားသည်။
နရသူကလည်း “အရှင်မြတ်ကိုသစ္စာခံသည့်အတိုင်း နောင်တော့်သံလျက်ကိုထမ်း၍ နန်းတင်ပါ၏ တကား” ဟု အရှက်ကင်းမဲ့စွာဖြင့် ဆိုသေးသည်။ ဆရာတော်က-“လူ့ပြည်တွင် နင့်ထက် ဆိုးရွားညစ်ညမ်းသူ မရှိ” ဟု မိန့်ဆိုလိုက်လေသည်။
ဆရာတော်၏နှုတ်ရေးကား ထက်မြက်လှပါဘိ၊ မင်းစည်းစိမ်တို့မည်သည် မည်မျှတန်ဘိုးရှိပါ သနည်း။ အိုခြင်းကို တားဆီးနိုင်ပါသလာ။ မတားဆီးနိုင်၊ သေခြင်းကို တားဆီးနိုင်ပါသလော။ မတားဆီးနိုင်။ သို့ပါလျက် ဤစည်းစိမ်အတွက် မကောင်းမှုတို့ကိုပြုသည်မှ မိုက်မဲလှသည်တကားဟု ဆိုလိုသည်မှာ လွန်စွာ ထက်မြက်သော အဆိုအမိန့်ပင်ဖြစ်သည်။ ထို့ပြင် နင့်ထက်ပျက်သောမင်းမည်သည်ကား မရှိဟူ၍ ဆိုခြင်း သည်လည်း အလွန်ထက်မြက်သော နှုတ်ရေးပင်ဖြစ်သည်။ ပျက်သည်ဆိုသည်ကား အဘယ်နည်း၊ တရားပျက် သည်ဟုယူသော် ရအံ့ထင်သည်။ သိက္ခာပျက်သည်ဟုယူသော် ရအံ့ထင်သည်။ အမူအကျင့်ပျက်သည်ဟု ယူသော် ရအံ့ထင်သည်။ သည်လိုပျက်ရာတွင်လည်း နရသူသည် အပျက်တကာ့ အပျက်ဆုံးမင်း ဖြစ်သည်ဟု ဆိုခဲ့သည်။ ထိုမျှ မကသေး၊ လူ့လောကတွင် အဆိုးရွားဆုံး၊ အညစ်ညမ်းဆုံးသူသွမ်း ဖြစ်သည်ဟုလည်း ဆိုခဲ့ပြန်သည်။ နရသူ၏ရုပ်လုံးမှာ အထင်အရှားပေါ်နေပြီ။ ပုဂံပြည်သူတို့သည် သည်လိုမင်းမျိုးကို ကြည်ညို လေးစားကြပါတော့မည်လော။ နရသူကား လှုပ်သာတော့မည်မထင်။
ဆရာတော်သည် နရသူအား သည်လို နှုတ်ရေးဖြင့် တော်လှန်ရုံဖြင့်မပြီးသေး။ ဆန္ဒပြ၍လည်း တော်လှန်သေးသည်။ ဆရာတော်သည် မင်းဆိုးမင်းညစ် အုပ်စိုးရာ ပုဂံပြည်တွင် မနေ။ သီဟိုဠ်ကျွန်းသို့ ကြွသွားလေသည်။ ဆရာတော်၏ တော်လှန်မှုတို့မှာ ချီးကျူးဖွယ်ရာလည်းဖြစ်၍ လေးစားကြည်ညိုဖွယ်ရာ လည်း ဖြစ်ပေသည်တကား။
ဆရာတော်မရှိသော် ပြည်သူတို့သည် နရသူအပေါ် အယုံအကြည်ကင်းမဲ့လာကြသည်။ မကျေမနပ် ဖြစ်လာကြသည်။ သည်အတွင်း နရသူလည်း ကုလားတို့လုပ်ကြံသတ်ဖြတ်ခြင်းခံရကာ ရာဇဝင်၌ ကုလားကျ မင်းဟူ၍ တွင်ခဲ့လေသည်။
ပံ့သကူမထေရ်သည် သီဟိုဠ်ကျွန်းတွင် နှစ်အတန်ကြာ သီတင်းသုံးနေထိုင်ခဲ့ရာမှ နရပတိစည်သူမင်း လက်ထက်တွင် မိမိပြည်ရွာဖြစ်သော ပုဂံသို့ ပြန်လည်ကြွလာတော်မူခဲ့သည်။ ဤတွင် ဆရာတော်၏ ဒုတိယ တော်လှန်မှုသည် ပေါ်ပေါက်ခဲ့ရပြန်လေသည်။
ရှုပါဦးလော့။ တခါသော် နရပတိစည်သူမင်းသည် စူဠာမဏိစေတီတည်ရန် ကြီးမားလှသော ချောက် ကြီးတခုကို ပုဂံပြည်သူတို့အား အပြင်းအပြမြေဖို့စေသည်။ ဘုရင့်ဓါးကိုကြောက်သဖြင့်သာ ခိုင်းတိုင်းလုပ်ကြ ရသည်။ ပုဂံပြည်သူတို့မှာ လွန်စွာပင်ပန်းဆင်းရဲကြသည်။ အလုပ်အကိုင်ပျက်ကြသည်။
ဤသို့ဖြစ်ရသည်ကို သကူမထေရ်မြင်သော် ပြည်သူတို့အား များစွာကရုဏာ ဖြစ်မိသည်။ သာသနာ တော်အတွက် ပြုသောကုသိုလ်ကောင်းမှဖြစ်သည်ကား မှန်သည်။ သာသနာ့ဝန်ထမ်းဖြစ်သော မိမိအနေဖြင့် ဝမ်းသာလှိုက်လှဲ ကြိုဆိုရမည့်အမှုလည်းဖြစ်သည်ကား မှန်သည်။ သို့သော် ဤအလှူသည် အနှစ်သာရ ရှိပါ သလော။ မရှိ။ တဖက်က ပြည်သူတို့အား ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်စေပြီး ပြုသောအလှူမျိုးသည် အဘယ် မှာ အနှစ်သာရရှိနိုင်ပါအံ့နည်း။ ဤသို့ဆရာတော်က ရဲဝံ့စွာမြင်ခဲ့သည်။ မြင်ရုံတွင်မက၍ အနှစ်သာရ ကင်းမဲ့ သောအလှူကိုလည်း တော်လှန်ခဲ့သည်။ ဆရာတော်သည် နရပတိစည်သူထံ ကြွလျက် “မင်းကြီးကောင်းမှု ဖြစ်စိမ့်မည်ဟူ၍ ယခုပြုသောအမှုသည်ကား ကောင်းမှုမဖြစ်၊ မကောင်းမှုသာ ဖြစ်သည်”ဟူ၍ နရပတိစည်သူ ၏ အလှူကို မကောင်းမှုဟု ဆိုခဲ့လေသည်တကား။ ရဲဝံ့လှပါဘိ။ အံ့သြကြည်ညိုဘွယ် ကောင်းလှပါဘိ။ ထိုပြင် ဤအနှစ်သာရကင်းမဲ့သောအလှူကို နှုတ်ရေးဖြင့်တော်လှန်ရုံဖြင့်မပြီးသေး။ မင်းကြီးလှူသောဆွမ်းကို မခံယူ ဘဲ အပိတ်မှောက်ဆန္ဒပြ၍လည်း တော်လှန်ခဲ့ပြန်သည်တကား။
မင်းဆိုးကလည်း တော်လှန်သူဆရာ့တော်အား ဖိနှိပ်ခြင်းပြုခဲ့သည်။ “ဘုန်းတော်ကြီး ငါ့ဆွမ်းကို ဘုန်းပေးတော်မမူသော် ငါ့ပြည်တွင် နေတော်မမူသည်ဖြစ်မှ လွတ်တော်မူမည်။ ပြည်သူတို့လှူသောဆွမ်းသည် လည်း ငါ့ဆွမ်းမဟုတ် တုံလော”ဟု ဆိုကာ ဆရာတော်အား ပုဂံပြည်မှ နှင်ထုတ်ခဲ့သည်။ ဆရာတော်လည်း သီဟိုဠ်သို့ကြွသွားရန် ရည်ရွယ်ချက်ဖြင့် စွယ်ကြိုအရပ်တောကြီးဝယ် ခေတ္တပြောင်းရွှေ့ သီတင်းသုံးနေရ သည်။
ထိုအခါ ပြည်သူတို့ မခံမရပ်နိုင် ဖြစ်လာကြသည်။ ဘုရင့်အပြုအမူကို ကန့်ကွက်သောအားဖြင့် ဆန္ဒပြ မှုများပင် ပေါ်ပေါက်လာခဲ့သည်။ ဤတွင် ဘုရင်လည်း စိုးရွံ့လာကာ အမတ်တို့အား ဆရာတော်ကိုလိုက်၍ ပင့်ခေါ်စေရသည်။
ဆရာတော်ကား ကြံ့ခိုင်လှသည်။ အမတ်တို့ အကြိမ်ကြိမ် လာပင့်သော်လည်း မလိုက်ပါခဲ့။ နောက်ဆုံး တုရင်္ဂပစ္စည်းအမတ် ဥာဏ်ဆောင်၍ပင့်မှ လိုက်ပါတော်မူခဲ့သည်။ ဉာဏ်ဆောင်ပုံကား တုရင်္ဂပစ္စည်းသည် ဘုရားရုပ်တုတဆူကို လှေတွင်တင်ပြီး ဆရာတော်ထံသွား၏။ ရောက်သော် “လှေတွင် ဘုရားသခင်ပါသည်။ အရှင်မြတ်ကြွလာစေသတည်း”ဟု လျှောက်၏။ ဆရာတော်လည်း ဘုရားကိုရိုသေမှုဖြင့် လှေပေါ်သို့ ကြွ၍ ဦးခိုက်၏။ ထိုအခိုက် တုရင်္ဂပစ္စည်းသည် လှေကိုခွာ၍ အပြင်းလှော်လျက်ထွက်လေရာ ဆရာတော်လည်း ပုဂံသို့ ပါလာခဲ့လေသည်။ နရပတိစည်သူလည်း မိမိအပြစ်ကို ဆရာတော်အား ဝန်ချတောင်းပန်ရလေသည်။ ဤတွင်မှ ဆရာတော်လည်း ပုဂံမှမခွာဘဲ နေတော်မူလေသည်။
သည်နေရာ၌ ကျွန်တော်သည် ဘင်္ဂါလီကဗျာဆရာကြီးတဂိုးကို သွား၍အမှတ်ရမိသည်။ တဂိုးသည် ပံ့သကူမထေရ်ကဲ့သို့ပင် တဖက်မှ ပြည်သူ့တို့ကို လျစ်လျူရှုလျက် ပြုသောအလှူမျိုးကို အနှစ်သာရမရှိဟု မြင်ခဲ့သူဖြစ်သည်။ သူ၏ စာညွန့်တပုဒ်တွင် မီးဘေးကြောင့် အိမ်ခြေယာမဲ့ဖြစ်လျက် အတိဒုက္ခရောက်နေ သော ပြည်သူတို့အား လျစ်လျူရှုလျက် အသပြာသန်းပေါင်းများစွာထိုက်သော ဘုရားရှိခိုးကျောင်းကြီးကို တည်ဆောက်လှူဒါန်းသော ဘုရင်နှင့် ထိုဘုရင့်အလှူ၏ အနှစ်သာရ ကင်းမဲဟန်ကို ဖေါ်ပြထားသည်။ အနှစ် သာရရှိသောအလှူနှင့် အနှစ်သာရကင်းမဲ့သောအလှူတို့ကို ခွဲခြားသိမြင်သည်မှာ ထူးမြတ်လှသည်။ လေးစား ကြည်ညိုဘွယ်ရာလည်း ဖြစ်သည်။ ဤအမြင်မျိုးကို ပံ့သကူမထေရ်လည်း မြင်ခဲ့သည်။ တဂိုးလည်း မြင်ခဲ့ သည်။ ပံ့သကူမထေရ်ကား တဂိုး မမွေးဖွားမီ နှစ်ပေါင်းများစွာကပင် ဤအမြင်ကိုမြင်ခဲ့သည်။ မြင်ခဲ့ရုံတွင် မက နှုတ်ရေးဖြင့်၎င်း ဆန္ဒပြ၍၎င်း တော်လှန်ခဲ့သည်ရှင့်။
ယခုတိုင် ပုဂံမြို့ဟောင်းတနေရာတွင် စူဠာမဏိစေတီတော်ကြီးသည် အထင်အရှားရှိနေသည်။ ထို့ပြင် စူဠာမဏိစေတီ၏ အရှေ့မြောက်ထောင့်အရပ်တွင် ထိုစေတီပုံတော်မျိုးအတိုင်း လိုင်နှစ်ဆင့်ဖြင့် တည်ထားသော စေတီတဆူလည်းရှိသေးသည်။ ထိုစေတီမှာ စူဠာမဏိစေတီတည်ပြီးနောက် ကြွင်းကျန်သော အုတ်တို့ဖြင့် တည်ဆောက်ထားသောစေတီဖြစ်သည်။ ကုသိုလ်ရှင်မှာ နရပတိစည်သူမင်းပင်။ စေတီ၏ ဘွဲ့တော်ကို “သပိတ်မှောက်ဘုရား” ဟူ၍ ခေါ်ဝေါ်ကြသည်။ စူဠာမဏိစေတီတည်ရာတွင် နရပတိစည်သူမင်း ၏ အပြုအမူကို ပံ့သကူမထေရ်က တော်လှန်သပိတ်မှောက်သည်ကို အစွဲပြု၍ ခေါ်ဝေါ်ခြင်းဖြစ်သည်ဟု သိရ သည်။
ကျွန်တော်သည် ပုဂံမြို့ဟောင်းသို့ အလည်အပတ်ရောက်သွားစဉ် သည်စေတီနှစ်ဆူကိုလည်း ဖူးမြော် ခဲ့သည်။ သည်စေတီနှစ်ဆူကို ဖူးမြော်ရာမှာလည်း ကျွန်တော်မမြင်ဘူးသော်လည်း တသက်သက်လေးစား ကြည်ညိုခြင်းဖြစ်မိသော ပံ့သကူမထေရ်အရှင်ကို စိတ်မှန်းဖြင့် အကြိမ်ကြိမ်ဦးနှိမ်ခဲ့ပါသည်တကား။ (မင်းယုဝေ)
ငွေတာရီမဂ္ဂဇင်း ၁၉၆၂ မေလ
LH အသံစာအုပ် ကျေးဇူး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment