အကြင်အရပ်၌
စိတ်သည် ကြောက်ရွံခြင်း ကင်း၏
ဦးခေါင်းကို မော်၍ မော့ထားနိုင်၏။
အကြင်အရပ်၌
အသိပညာရှာရာတွင်
အတားအဆီးမရှိ လွတ်လပ်၏။
အကြင်အရပ်၌
ကိုယ့်အချင်းချင်း မကြင်မနာ မကျဉ်းမြောင်းသော
တံတိုင်း အကာအရံတိုဖြင့်
ကမ္ဘာလောကကို အစိတ်စိတ် အမွှာမွှာဖြစ်အောင်
ခွဲခြားထားခြင်းလည်း မရှိ။
အကြင်အရပ်၌
ပြောဆိုသော စကားတို့သည်
သစ္စာအနက်မှ စီးဆင်းယိုထွက်၏။ **
အကြင်အရပ်၌
မလျှော့တက်ကြွ ဇွဲလုံလသည်
အပြီးအပြောက် အကောင်းအမွန်သို့ ရောက်အောင်
တက်လှမ်း ချီတက်လျှက်ရှိ၏။
အကြင်အရပ်၌
သတိသမ္ပဇဉ် စမ်းရေကြည်သည်
ဓလေ့ကောင်း ညှိုးမှိန်စွာ
ခြောက်သွေ့သော သဲကန္တာရ၌
လမ်းစမပျောက်ဘဲ နေသေး၏။
အကြင်အရပ်၌
အမြဲသဖြင့် တွေးခေါ်ကျယ်ပြန့်
မျှတယူဆ ပြုမူကြအောင်
အဖသခင် ကျေးဇူးရှင်သည်
သူခပ်သိမ်းကို
ဦးဆောင်လျှက်ရှိ၏။
အဖသခင် ကျေးဇူးရှင်
ထိုအရပ်၌
ကျွန်ုပ်၏ နိုင်ငံတော်သည်
နိုးထပွင့်လန်းပါစေသတည်း။
(ရာဘင်ဒြာနတ် တဂိုး)
ဂီတဉ္စလီကဗျာ ပိုဒ်ရေ ၃၅ ကို ဆရာဇော်ဂျီဘာသာပြန်ထားခြင်းဖြစ်ပါသည်။
မှတ်ချက်။ ။** ပြထားသော အပိုဒ်ကတော့ ဆရာ မြသန်းတင့်ဘာသာပြန်ခဲ့တာ ဖြစ်ပါတယ်။
ဆရာပါရဂူ ၏ ၂၀၁၀ ဧပြီလထုတ် ကလျာမဂ္ဂဇင်းပါ ဆောင်းပါးကောက်နုတ်ချက်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment