Skip to main content

The Dog and The Shadow ခွေးနှင့် အရိပ်

(၁)

ခွေးတကောင်သည် အသားတပိုင်းကို ပါးစပ်တွင် ကိုက်၍ အိမ်သို့ ပြန်သွားသည်။ အိမ်တွင် အေးအေးချမ်းချမ်း စားနိုင်ရန် ဖြစ်သည်။

လမ်းတွင် ချောင်းတခုအပေါ် တံတားကို ဖြတ်ရသည်။

တံတားကို ဖြတ်နေစဉ် ရေထဲသို့ ငုံ့ကြည့်လိုက်ရာ ရေထဲတွင် ကိုယ့်အရိပ်ကို တွေ့မြင်သည်။

ခွေးသည် အခြားခွေးတကောင်က အသားတပိုင်း ကိုက်ထားသည် ဟု ထင်သွားသည်။ ထို့ကြောင့် ထိုအသားကိုပါ ရယူရန် စိတ်ကူးလိုက်သည်။

ထို့နောက် ရေထဲရှိ အရိပ်ကို ကိုက်ရန် ပါးစပ်ဖွင့်လိုက်သည်။

သို့ရာတွင် ပါးစပ်ဖွင့်လိုက်သည့်အခါ ကိုက်ထားသော အသားတပိုင်းသည် ရေထဲသို့ ကျသွား၍ ပျောက်ဆုံးသွားသည်။

If you covet all, you may lose all. အရာအားလုံးကို လောဘတက်လျှင် ရှိသမျှကိုပင် ဆုံးရှုံးနိုင်သည်။


(၂)

တခါက အသားရောင်းသမားတယောက်က ခွေးတကောင်အား အရိုးတခု ပစ်ပေးခဲ့သည်။ ခွေးသည် ထိုအရိုးကို ရ၍ အလွန်ဝမ်းသာကာ အိမ်သို့ အမြန်ဆုံး ပြန်သွားသည်။

လမ်းတွင် လူသွားတံတားကျဉ်းတခုကို ဖြတ်ရသည်။

တံတားကို ဖြတ်စဉ် အောက်သို့ ကြည့်လိုက်ရာ တည်ငြိမ်သော ရေမျက်နှာပြင်တွင် ကိုယ့်ပုံရိပ်ကို မှန်ကဲ့သို့ ပြန်လည်မြင်ရသည်။

သို့သော် လောဘကြီးသော ခွေး သည် ထိုပုံရိပ်ကို အရိုးကြီးတခု ကိုက်ထားသော အခြားခွေး ဟု ထင်သွားသည်။

အကယ်၍ အနည်းငယ် စဉ်းစားကြည့်ခဲ့လျှင် အမှန်ကို သိနိုင်မည် ဖြစ်သည်။

သို့ရာတွင် စဉ်းစားခြင်းမရှိဘဲ ကိုယ့်အရိုးကို ချလိုက်ပြီး ရေထဲရှိ ခွေးကို ခုန်တိုက်လိုက်သည်။

အဆုံးတွင် ခွေးသည် ရေထဲတွင် ကူးခတ်၍ ကမ်းသို့ ရောက်ရန် အားထုတ်ရသည်။ နောက်ဆုံးတွင် ကမ်းပေါ်သို့ တက်နိုင်သော်လည်း ကိုယ့်အရိုးကို ဆုံးရှုံးသွားပြီ ဖြစ်သည်။

ခွေးသည် ဝမ်းနည်းစွာ ဆုံးရှုံးသွားသော အရိုးကို တွေးတောနေစဉ် ကိုယ်သည် မိုက်မဲသော ခွေးတကောင် ဖြစ်ခဲ့ကြောင်း သိလာသည်။

သင်ခန်းစာ (Moral)

လောဘကြီးခြင်းသည် မိုက်မဲမှု ဖြစ်သည်။


(၃)

ခွေးတကောင်သည် အသားတပိုင်းကို ပါးစပ်တွင် ကိုက်၍ ချောင်းတခုအပေါ်ရှိ တံတားကို ဖြတ်သွားနေသည်။

ရေထဲသို့ ငုံ့ကြည့်လိုက်ရာ ရေထဲတွင် ကိုယ့်အရိပ်ကို မြင်ရသည်။ သို့သော် ခွေးသည် ထိုအရိပ်ကို အခြားခွေးတကောင်က ကိုက်ထားသော အသားကြီးတပိုင်း ဟု ထင်သွားသည်။ ထိုအသားသည် ကိုယ့်အသားထက် နှစ်ဆကြီးသည် ဟုလည်း ထင်သည်။

ထို့ကြောင့် ခွေးသည် ကိုယ့်အသားကို ချလိုက်ပြီး အခြားခွေးထံမှ ထိုအသားကြီးကို ရယူရန် အရိပ်ကို ပြင်းပြင်းထန်ထန် ခုန်ကိုက်လိုက်သည်။

သို့ရာတွင် အဆုံးတွင် ခွေးသည် အရာနှစ်ခုလုံးကို ဆုံးရှုံးသွားသည်။

ရေထဲတွင် မြင်ရသော အရာမှာ အရိပ်သာ ဖြစ်သောကြောင့် မရနိုင်။

ကိုယ့်အသားကတော့ ရေစီးနှင့်အတူ လွင့်သွား၍ ပျောက်ဆုံးသွားသည်။

သင်ခန်းစာ

လောဘတက်လျှင် ရှိသမျှကိုပင် ဆုံးရှုံးနိုင်သည်။


(၄)

ခွေးတကောင်သည် နေ့လယ်စာ မရသောကြောင့် ပို၍ ပိန်လာသည်။

တနေ့တွင် စားပွဲပေါ်မှ သိုးသားတပိုင်းကို ခိုးယူနိုင်ခဲ့သည်။

“ဤသိုးသားတပိုင်း ရပြီဖြစ်၍ ငါ အလွန်ကံကောင်းလှပြီ” ဟု ခွေးက တွေးရင်း လျင်မြန်စွာ ထွက်ပြေးသွားသည်။

သို့သော် သူသွားရမည့်လမ်းသည် ချောင်းတခုကို ဖြတ်ရသော လမ်း ဖြစ်သည်။ ထို့ကြောင့် ခွေးသည် အန္တရာယ်ကို မစဉ်းစားဘဲ ရေထဲသို့ ဆင်း၍ ဖြတ်သွားလိုက်သည်။

ထိုအချိန်တွင် ရေကြည်လင်သော ချောင်းထဲတွင် ခွေးတကောင်ကို မြင်ရသည်။

ထိုခွေးသည် ကိုယ့်လိုပင် ခိုးယူလာသော အသားတပိုင်းကို ကိုက်ထားသကဲ့သို့ ထင်ရသည်။

“အဲဒီအသားကိုပါ ရလိုက်ရင် ကောင်းမယ်” ဟု ခွေးက တွေးလိုက်သည်။ ထိုအခါ ရေထဲရှိ ခွေးကို ခုန်ကိုက်လိုက်သည်။

သို့ရာတွင် ထိုခဏမှာပင် ကိုက်ထားသော အသားကို ချမိသွားသည်။

ထို့ကြောင့် ခွေးသည် မိမိရှိခဲ့သော အသားကိုပင် ဆုံးရှုံးလိုက်ရသည်။

နောက်ဆုံးတွင် ဗိုက်ဆာလျက်ပင် ကိုယ့်အိမ်သို့ နှေးနှေးပြန်သွားရသည်။

သင်ခန်းစာ

လိုအပ်နေသော်လည်း လောဘမကြီးသင့်။

အရာအားလုံးကို လက်လှမ်းမီချင်လျှင် ကိုယ့်ရှိသော အရာကိုပင် ဆုံးရှုံးနိုင်သည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ