တောင်ကြားချိုင့်ဝှမ်းတခု၏ ကျောက်ဆောင်ထူထပ်သော တောင်စောင်းထက်တွင် ပျော်မြူးနေကြသော ဆိတ်နှစ်ကောင်သည် နက်ရှိုင်းသော ချောက်ကမ္ဘားတခု၏ တဖက်တချက်စီတွင် ဆုံမိကြလေသည်။ ထိုချောက်ထဲ၌ တောင်ကျရေတံခွန်ကြီးမှာ ဝူးဝူးဝါးဝါး စီးဆင်းနေ၏။ လဲကျနေသော သစ်ပင်ပင်စည်တခုသည်သာ ထိုချောက်ကို ဖြတ်ကူးရန် တခုတည်းသော နည်းလမ်းဖြစ်ပြီး ထိုသစ်လုံးပေါ်တွင် ရှဥ့်နှစ်ကောင်ပင်လျှင် ဘေးကင်းစွာ ကျော်ဖြတ်ရန် မဖြစ်နိုင်ပေ။ ကျဉ်းမြောင်းလှသော ထိုလမ်းကြောင့် အင်မတန်ရဲရင့်သူပင် တုန်လှုပ်ချောက်ချားဖွယ် ရှိသည်။ သို့သော် ကျွန်ုပ်တို့၏ ဆိတ်များမှာမူ ထိုသို့မဟုတ်ချေ။ သူတို့၏ မာနကြောင့် တကောင်အတွက် တကောင်က လမ်းဖယ်ပေးရန် ဝန်လေးနေကြသည်။
တကောင်က သစ်လုံးပေါ်သို့ ခြေချလိုက်သည်။ အခြားတကောင်ကလည်း ထိုနည်းတူပင် ပြုလုပ်သည်။ သစ်လုံးအလယ်တွင် ဦးချိုချင်းဆိုင်၍ ဆုံမိကြလေသည်။ မည်သူမျှ အလျှော့မပေးကြသဖြင့် နှစ်ကောင်စလုံး ချောက်ထဲသို့ ပြုတ်ကျကာ အောက်ဘက်ရှိ ဟိန်းဟောက်စီးဆင်းနေသော ရေစီးကြောင်းကြီးထဲသို့ ပါသွားကြလေတော့သည်။
သင်ခန်းစာ။ ခေါင်းမာခြင်းကြောင့် ဘေးဒုက္ခနှင့် ကြုံတွေ့ရသည်ထက် အလျှော့ပေးလိုက်ခြင်းက ပို၍ ကောင်းမြတ်ပါသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment