Skip to main content

‘မ’ ကို ဘယ်မှာထားမလဲ

ပုံပို့ပြီး တယောက်က ထောက်ပြပါတယ်။
အလုပ်မတတ်ဘူးဆိုရင်
မလုပ်တတ်ဘူးဆိုရင်လို့ ရေးရ။
ကနေ့ခေတ် မြန်မာစာမှာ တ မှန်သမျှ အလွတ်မပေးဘဲ စသတ်ခြင်းနဲ့ မ နေရာကျအောင် မထားတတ်ခြင်းဆိုတဲ့ အလွဲတွေ ဖြစ်နေတယ်။ ပဲ နဲ့ ဘဲ ကိုလည်း လိင်ခွဲသလို လုပ်ထားသေးတယ်။ ကျန်တဲ့အမှားစာရင်းကလည်း တိုးများလာနေတယ်။
- ဆရာတော်ကြီးတပါး ဘွဲ့အမည်နဲ့ တရားစာတခု တွေ့တယ်။
ဝီရိယမလျှော့ပြစ်ပါနဲ့တဲ့။
ဝီရိယ လျှော့မပြစ်ပါနဲ့လို့ကသာ မှန်တယ်။ 
'မလျှော့' ကြီးသော် 'ဒေါ်လျှော့' ဖြစ်လာမည်။
- ငါးအသေးလေးတွေကို ဟင်းချက်တဲ့အခါ မကျေသွားစေဖို့
ကျေမသွားစေဖို့လို့ ရေးတာက ပိုမှန်တယ်။ မကျေသွားစေဖို့ဆိုရင် မကျေ (ဒေါ်ကျေ) လား စဉ်းစားမိစေနိုင်တယ်။ (မ) ကို နေရာအထားအသိုမှားတာတွေ မကြာခဏတွေ့ရတယ်။
- ဘန်ကောက်မှာဆေးကုသပြီး ရန်ကုန်မှာ အဆုတ်ကင်ဆာအတွက်ပြန်ပြချင်လို့ ဘယ်ဆရာဝန်နဲ့ပြသင့်ပါသလဲ တချို့ဆရာဝန်တွေက ဘန်ကောက်မှာပြထားရင် မကြည့်ပေးချင်ကြလို့ပါ အကြံဉာဏ်လေးပေးပါအုံးရှင့်
ကြည့်မပေးချင်လို့ ရေးတာက ပိုမှန်တယ်။ မကြည့်ပေးချင်ဆိုတာ မကြည် လိုလို၊ မကြည့် လိုလို၊ ဒေါ်ကြည်လိုလို ထင်စေနိုင်ပါတယ်။ 'မ' ကို နေရာအထားလွဲပြီး ရေးတာတွေ နေ့တိုင်း တွေ့ရတယ်။
- အရင်ကထက်တော့ စိတ်မတိုလာဘူးဆရာ 
စိတ်တိုမလာဘူးလို့ ရေးရ။ "မတိုလာဘူး" ဆိုရင် လူအမည် 'မတို' မလာဘူးလို့ ထင်စေနိုင်တယ်။
- ကိုယ်တိုင် မစမ်းသပ်ကြည့်ဘူးပါတဲ့။  ကိုယ်တိုင် စမ်းသပ်မကြည့်ဘူးပါက ပိုမှန်တယ်။ 'မစမ်းသပ်' ကို ကြည့်ဘူး မြင်ဘူးသလား ဖြစ်နေတယ်။
- ဒီရှူဆေးကို "ရှူမကြည့်ရသေး"။  "မရှူကြည့်ရသေး" ဆိုရင် "မရှူကြည့်" ခေါ် တရုပ်မလား။
- “မလိမ်ပြောနဲ့” - “လိမ်မပြောနဲ့”
- ထည့်မပြောပေးလား၊ ထည့်ပြောမပေးလားဆရာ။ ဘယ်လိုသုံးရပါသလဲ ဆရာ။ မေးခွန်းပါအသုံးစကား အတော်များများက ပြောဆိုရေးသားနေကြပေမဲ့ စံကိုက်အသုံးတော့ မဟုတ်ပါ။ ပေးမစားဘူး၊ ပေးမဖတ်ဘူး အသုံးစကားတွေက ခပ်ပေါ့ပေါ့ ပြောနေကြတာသာဖြစ်တယ်။ ဒီထဲက 'မ' က တမျိုး။ မေးခွန်းထဲက ဥပမာ ၂ ခုလုံး အတူတူလို ဖြစ်ပါတယ်။
- “ထည့်မပြောပေး” - “ထည့်ပြောမပေး”
- “အရေးမကြီးတာတွေကို ထည့်မပြောပါ” - မှန်တယ်။
- “အရေးမကြီးတာတွေကို မထည့်ပြောပါ” - မမှန်ပါ။ “မထည့်ပြောပါ” ဆိုတာ ‘မထည့်’ ခေါ် လူအမည်လိုလို ထင်စေနိုင်တယ်။ “ထည့်သွင်းပြောဆိုခြင်း မရှိ” အဓိပ္ပါယ်သက်ရောက်စေမှသာ မှန်တယ်။
- “သူကို ထည့်တွက်မနေပါနဲ့ကွာ” - မှန်တယ်။ တကယ်လို့ “သူကို မထည့်တွက်နေပါနဲ့ကွာ” ဆိုရင် ‘မထည့်’ အမည်က ခေါင်းထဲရောက်လာမယ်။
- “မကောင်းတာတွေ စဉ်းစားမနေပါနဲ့တော့” - မှန်တယ်။ “မစဉ်းစားနေပါနဲ့တော့” ဆိုရင် ‘မစဉ်းစား’ (ဒေါ်စဉ်းစား) လား မေးလိမ့်မယ်။ ဒါမှမဟုတ် မစဉ်းဘဲစားသလိုလို။
- “လိမ်မပြောနဲ့” - မှန်။ “မလိမ်ပြောနဲ့” - မှား။ ‘မလိမ်’ ဆိုသူကို မပြောနဲ့ ဖြစ်သွားမယ်။ (ကန်တော့) ဝမ်းချုပ်သူကနေ ဝမ်းမသွားဘူးလို့ ပြောတာ မှန်တယ်။ ဝမ်းသွားမဘူးလို့ ပြောကြည့်ပါလား။ 
ကျေမသွားစေဖို့လို့ ရေးမှသာ ပိုရှင်းလင်း မှန်ကန်တယ်။ မကျေသွားလို့ရေးရင် စာဖတ်သူ နားထောင်သူတွေက မကျေ (ဒေါ်ကျေ) လားကို အရင်စဉ်းစားမိကြလိမ့်မယ်။
- “ကောင်မတွေ ကူးမလာနဲ့” "မကူးလာ" နဲ့ ဆိုတာ 'ဒေါ်ကူး' သမီး 'မကူး' မလာနဲ့လို့ ပြောတာ။
- ကြက်ခြေထောက်တွေကို အရမ်းမနူးအိပြဲမနေစေပဲပြုတ်ထား ပြီးရင်အအေးခံပြီးတော့ အနေတော်လေးတွေ ခုတ်ထား (အမြန်ဖတ်လိုက်ရင် မနူးအိ ဆိုတဲ့ အမျိုးသမီးလို့ ထင်စေတယ်။
- ကိုဗစ်-19 ပျံ့နှံ့မှုကို ကာကွယ်ပါ နှာခေါင်းစည် ၀တ်ထားသည်ဖြစ်စေ မ၀တ်ထားသည်ဖြစ်စေ (၀တ်မထားသည်ဖြစ်စေ)
- ငွေမကိုင်ထားချင်သူတွေအနေနဲ့ ခြံဝယ်ထားလို့ ရပါတယ်။ (ငွေကိုင်မထားချင်သူတွေ)
- ငါးအသေးလေးတွေကိုဟင်းချက်တဲ့အခါ မကျေသွားစေဖို့ (ကျေမသွားစေဘို့လို့ရေးမှသာ ပိုပြီးမှန်တယ်။ မကျေသွားဆိုတာ မကျေ သွားပြီလား။ မကျေ စားသွားပါဦး စသဖြင့်ပြောသလား ထင်မိစေနိုင်တယ်။)
- စာမဖတ်ရသေး နဲ့ စာဖတ်မရသေးလည်း မတူပါ။ စာမဖတ်ရသေးဆိုတာ စာဖတ်ချိန်မရှိလို့၊ စာအိတ်မဖွင့်ရသေးလို့၊ စာတိုက်က ရောက်မလာသေးလို့ တခုခုဖြစ်မယ်။ စာဖတ်မရသေးဆိုတာ မျက်စိကြောင့်၊ မျက်မှန် ရှာမတွေ့လို့။
- ဆန်ဆေးရည်ကို မသွန်ပစ်ပဲ အကျိုးရှိမဲ့နေရာမှာ သုံးလိုက်ပါ (မသွန် သို့မဟုတ် ဒေါ်သွန်လားကို အရင်စဉ်းစားမိစေတဲ့ အရေးအသားဖြစ်နေတယ်။ ဆန်ဆေးရည်ကို သွန်မပစ်ပဲလို့ ရေးရတယ်။)
- နှာခေါင်းစည်း တပ်မလာလျှင် နဲ့ နှာခေါင်းစည်း မတပ်လာလျှင် အဓိပ္ပါယ် မတူပါ။ မတပ်လာလျှင်ဆိုတာ (မတပ်) ဟုခေါ်သော အမျိုးသမီး လာလျှင်လား စဉ်းစားနေရတယ်။
- ပိုမလင်းလာပါဘူး - ပိုလင်းမလာပါဘူးလို့ ရေးသင့်တယ်။
- မကျော်သွားနဲ့နော်။ မကျော်သွားနဲ့နော်ဆိုတာ လူအမည် မကျော်ကို ပြောသလိုလို ထင်စေနိုင်တယ်။ ကျော်မသွားနဲ့နော်။
- မဂ်လာပါ ဆရာ သမီးအသက် ၃၅ ကလေးကမွေးတာ၂ ရက်လောက်ရှိပါပြီ ပထမကိုယ်၀န်ပါ ရေမွှာပေါက်ပြီး ၉လနဲ့စောမွှေးပါတယ် ကလေးပေါင်ချိန်က ၂၈.၈ ပါဆရာ ရိုးရိုးမွေးပါတယ် အခု ကလေးနဲ့ ဆရာ၀န်က မပေးတွေ့ (ပေးမတွေ့) သေးလို့ ကလေးအတွက်စိတ်ပူရလား ဆရာ 
- မင်္ဂလာပါဆရာ ဝမ်းမသာဘူး။ မဝမ်းသာဘူး။ ဘယ်ဟာအမှန်လဲ သိပါရစေဆရာ။ ဝမ်းမသာဘူးလို့ ပြောတာ မှန်တယ်။ 
- မဆိုးလာပါဘူး မဟုတ်။ ဆိုးမလာပါဘူးလို့ ရေးရ။ မဆိုး (ဒေါ်ဆိုး) ကိုပြောသလား စဉ်းစားမိစေနိုင်တယ်။
- မတိုးလာဘူး မဟုတ်။ တိုးမလာဘူး။ မတိုး (ဒေါ်တိုး) ကိုပြောသလား စဉ်းစားမိစေနိုင်တယ်။
- မလင်းလာပါဘူးဆိုတာ လူအမည် မလင်းလာပါဘူးလိုလို ထင်စေနိုင်တယ်။
- ရခိုင်ရိုးရာ ရခိုင်ချိတ် လက်ခတ်ချိတ်တွေက ဝတ်ဘူးသူတိုင်း အရမ်းကြိုက်တဲ့ quality မို့ မရှင်းပြတော့နော်
- ရှင်းမပြတော့လို့ ရေးမှသာ နားလည်စေမယ်။ မရှင်းပြတော့ ဆိုတာ မရှင်း (ဒေါ်ရှင်း) က ပြသလိုလို ထင်စေတယ်။ 
- ဝမ်းချုပ်သူကနေ ဝမ်းမသွားဘူးလို့ ပြောတာ မှန်တယ်။ ဝမ်းသွားမဘူးလို့ ပြောကြည့်ပါလား။ (ကန်တော့) နေမကောင်းဘူး။ နေကောင်းမဘူး။ မကြိုက်ဘူး။ ကြိုက်မဘူး။
- ဝမ်းမသာဘူး။ မဝမ်းသာဘူး။ ဘယ်ဟာအမှန်လဲ သိပါရစေဆရာ။ ဝမ်းမသာဘူးလို့ ပြောတာ မှန်တယ်။ 
- ဝယ်ပြီးပစ္စည်း(ပြန်မလဲပေးပါ) တဲ့။ ဝယ်ပြီးပစ္စည်း (ပြန်လဲမပေးပါ) လို့ ရေးမှသာ မှန်တယ်။
- သင်သည် ကိုဗစ်-19 ကာကွယ်ဆေးမထိုးထားရသေးလျှင် (ထိုးမထားရသေးလျှင်)
- သွေးကျဲဆေးမသောက်ထားဘူး (သောက်မထားဘူးလို့ ရေးရတယ်။)
- သီချင်း ဆိုမတတ် မဟုတ်။ သီချင်း မဆိုတတ်။ နှာခေါင်းစည်း တပ်မလာလျှင် နဲ့ နှာခေါင်းစည်း မတပ်လာလျှင် အဓိပ္ပါယ် မတူပါ။ မတပ်လာလျှင်ဆိုတာ မတပ်ဟုခေါ်သော အမျိုးသမီး လာလျှင်လား စဉ်းစားနေရတယ်။
- ဟုတ်ကဲ့ဆရာ ကျေးဇူးတင်ပါတယ်၊ သွေးကျဲဆေးမသောက်ထားဘူး (သောက်မထားဘူးလို့ ရေးရတယ်။)
- အခုတော့ ဘာဆေးမှမတိုက်ထားဘူးဆရာ။ မတိုက်ထားလို့ရေးတာကို (မတိုက်) က ထားသလို အရင်စဉ်းစားမိစေတယ်။
ဆရာခင်ဗျား အောက်ပါမြန်မာစကားကို ပျက်စီးစေသောအသုံးများကို ပညာပေး ရေးသားပေးစေလိုပါသည်ခင်ဗျာ
မလုပ်တတ်ဘူး "လုပ် မတတ်ဘူး"
မသွားတတ်ဘူး "သွား မတတ်ဘူး"
မစားတတ်ဘူး "စား မတတ်ဘူး"
မလုပ်ရဘူး "မလုပ်ကဘူး"
လုပ်ရမယ်(မည်) "လုပ်ကမယ်"
မဆော့ရဘူး "ပေး မဆော့ဘူး"
မသွားရဘူး "ပေး မသွားဘူး"
မကိုင်ရဘူး "ပေး မကိုင်ဘူး"
မစီးရဘူး "ပေး မစီးဘူး"
အရိုက်ခံရတယ် "ရိုက်ခံထိတယ်"
မသွားရဘူး "ပေးမသွားဘူး"
စာမဖတ်ရသေး နဲ့ စာဖတ်မရသေးလည်း မတူပါ။ စာမဖတ်ရသေးဆိုတာ စာဖတ်ချိန်မရှိလို့၊ စာအိတ်မဖွင့်ရသေးလို့၊ စာတိုက်က ရောက်မလာသေးလို့ တခုခုဖြစ်မယ်။ စာဖတ်မရသေးဆိုတာ မျက်စိကြောင့်၊ မျက်မှန် ရှာမတွေ့လို့။
သူငယ်တန်းဘတ်စာထဲမှာ (မဆာက မစားရ)။ (မဆာက စားမရ) မဟုတ်ပါ။ မဆာက စားမရလို့ရေးရင် အဓိပ္ပါယ်တမျိုးဖြစ်မယ်။ စားမရဆိုတာ အရသာ- ပျက်လို့၊ လျှာနာ ပါးစပ်နာလို့၊ ထမင်းမကျက်သေးလို့၊ ထမင်းစားချိန် မရှိလို့၊ နေမကောင်းလို့၊ ဗိုက်ခွဲထားလို့၊ ဝယ်စားစရာပိုက်ဆံမရှိလို့ တခုခုလား စဉ်းစားရမယ်။
အခုတော့ ဘာဆေးမှမတိုက်ထားဘူးဆရာ။ မတိုက်ထားလို့ရေးတာကို (မတိုက်) က ထားသလို အရင်စဉ်းစားမိစေတယ်။
• မသွားရ = သွားခွင့်မရှိ။
• သွားမရ = ခြေကျိုးနေလို့။
• မလာရ = လာခွင့်ပိတ်ပင်ထားလို့။
• လာမရ = လှည်းမရှိလို့။
• ကာကွယ်ဆေး မထိုးရသေး = မအားလို့။ ထိုးရမှာ ကြောက်လို့။
• ကာကွယ်ဆေး ထိုးမရသေး = ဆေးမရှိလို့။ အသက်မပြည့်လို့။
‘မ’ ကို အထားအသိုလွဲသူတွေက အသက်ငယ်ကြသေးပုံရတယ်။ ၁၉၇၀-၈၀ က ရုပ်ရှင်တွေကို မမီလိုက်ကြလို့ ဒေါ်မြလေးကို မသိလောက်။ ဒေါ်မြလေးရဲ့ လက်သုံးစကားက ရုပ်ရှင်ကြည့် ပရိသတ်များအကြား အလွန်ရေပန်းစားခဲ့ဘူးသည်။ “မပြောတော့ဘူး၊ မပြောတော့ဘူး၊ ပြောကို မပြောချင်တော့ဘူး။” ဒေါ်မြလေးစကားထဲက ‘မ’ ကို နေရာပြောင်းပြောကြည့်ပါ။ ‘ပြောမတော့ဘူး’၊ ‘ပြောမတော့ဘူး’၊ ‘ပြောကို ပြောချင်မတော့ဘူး’။
သူငယ်တန်းဘတ်စာထဲမှာ မဆာက မစားရ။ မဆာက စားမရလို့ မဟုတ်ပါ။ မဆာက စားမရလို့ရေ.ရင် အဓိပ္ပါယ်တမျိုးဖြစ်မယ်။ စားမရဆိုတာ အရသာပျက်လို့၊ လျှာနာ ပါးစပ်နာလို့၊ ထမင်းမကျက်သေးလို့၊ ထမင်းစားချိန် မရှိလို့၊ နေမကောင်းလို့၊ ဗိုက်ခွဲထားလို့၊ ဝယ်စားစရာပိုက်ဆံမရှိလို့ တခုခုလား စဉ်းစားရမယ်။
• မသွားရ = သွားခွင့်မရှိ။
• သွားမရ = ခြေကျိုးနေလို့။ 
• မလာရ = လာခွင့်ပိတ်ပင်ထားလို့။
• လာမရ = လှည်းမရှိလို့။
• ကာကွယ်ဆေး မထိုးရသေး = မအားလို့။ ထိုးရမှာ ကြောက်လို့။
• ကာကွယ်ဆေး ထိုးမရသေး = ဆေးမရှိလို့။ အသက်မပြည့်လို့။
ညစာစားသည်
ငပိပါသလား
အသီးစားပါ
မဆာက မစားရ
ဤခရီး နီးသလား
ငါးနာရီလာရ၏
မီးရထားစီးလာပါ
အလကားမစီးရ
ဤအရာ သတိထားပါ
စားစရာ ယူလာပါ
လူ စီလာပါ
တဦးစီ လာပါ
လု မယူရ
အတူ စားပါ
ဆပ်သွားဖူး
ပျိုလေးတို့ငန်းဦး
ဆပ်သွားဖူးတဲ့ တရုံနှစ်ရုံ
ကျေးတွေကအုံ
မအုံပါနဲ့ ကိုရွှေကျေးရယ်
ပျိုတို့မောင် ရှင်လိမ်ပြန်တော့
နားပန်ဘို့လေး။
လွှသမားများ လွှဆွဲနေကြသည်။
ဗလ ကြီး၏။
ခွဲစရာ များလှချည့်လား။
မျှမျှတတ ခွဲကြသည်။
ကြာ်ရှည် မခွဲရပါ။
သူ ရေရွှဲနေသည်။
အအေးမိ၍ နှာစေးပြီ။
နှာ ရှူပါစေ။
နွေးနွေးထား၍ အနားပေးပါ။
လူစည်သောနေရာ မသွားစေရ။
နေ့စဉ် ခေါင်းဖီးပါ။
သန့်ရှင်းအောင်ထားရမည်။
ဆီလူးလျှင် ဆံပင်ကောင်းသည်။
အပေါင်းအဖေါ်၏ ဘီးကို မယူရ။
မိမိဘီးကို မကြာမကြာ ဆေးကြောပါ။
မော်တော်ယာဉ် စီးပါ။
မျှမျှတတ ထိုင်ပါ။
တန်းကိုကိုင်လျှင် သတိထား။
ခိုင်မခိုင် စမ်းပါဦး။
ကြံ့ကြံ့ခိုင်ခိုင် နေပါ။
ထိုင်းထိုင်းမှိုင်းမှိုင်း မနေရ။
ဆိုင်ရာတာဝန် ထမ်းဆောင်ပါ။
သိုင်းသိုင်းဝိုင်းဝိုင်း ကူညီပါ။
မိုးအုံ့လျှင် အေးသည်။
ဆံခါး လုံအောင် စေ့ထားပါ။
ဖေဖေ ခေါင်းအုံနေသည်။
တအုန်းအုန်း မဆူညံရ။
ယုန်လေး တကောင်
တောင်ကုန်းနားမှာ
ခုန်၍ ပြေးနေသည်။
မယုံလျှင် သွားကြည့်ပါ။
မကြုံစဘူး လှသည်။ 
ကာတွန်းတခု တွေ့လိုက်တယ်။ ကျောင်းကို ပူစီ မခေါ်လာရဘူး တဲ့။ ခေါ်မလာရလို့သာ ရေးသင့်တယ်။ အဲလိုပြောတာ ရေးတာတွေရှိတာ သိပါတယ်။ ကြိယာတခုခုမှာ မ ထည့်လိုက်ရင် မဟုတ်၊ မဖြစ်၊ မလုပ် စတဲ့ အနုတ်သဘောတွေ ဖြစ်စေတယ်။ မသွားရ၊ မလာရ၊ မစားရ၊ မလုပ်ရ စသည်။
လူသိများတဲ့ မြန်မာစာဆရာကြီးတဦးက ခေတ်အသုံးစကားတွေ ကျန်နေတာဆိုရင် သတ်ပုံစာအုပ်ထဲ ထည့်လိုက်ရုံပဲလို့ ပြောတာကို သဘောမတူပါ။ ဘယ်အရာမဆို စည်းစနစ် ထားမှသာ အဖိုးတန်ပါမယ်။ အင်္ဂလိပ်စာမှာ အင်န်အိုတီ ကို ကြိယာရှေ့မှာသာ ထည့်ရတဲ့ စည်းကမ်း ထားသလို မြန်မာစာမှာလည်း စည်းကမ်းထားသင့်တယ်။ 
ဆေးလိပ်မသောက်ရ၊ ကွမ်းသွေးမထွေးရ၊ အမှိုက်မပစ်ရ၊ စကားမပြောရ၊ စတဲ့ စည်းကမ်းတွေရှိတယ်။ စကားပြောမရလို့ ရေးရင် အဓိပ္ပါယ်တမျိုးဖြစ်စေတယ်။ ထမင်း စားမရသေးဆိုလည်း တမျိုးဖြစ်မယ်။
ကြက်မတမ်း
နွားမတမ်း
မကန်း (ငါး၊ လိပ်)
မကရ်း
မကြားဝံ့မနာသာ
မကြာမကြာ
မကွေးတိုင်း
မကိုဋ်
မကုန်မချင်း
မကောင်းဆိုးဝါး
မကောင်းတရောင်း
မခံချိ မခံသာ
မခံချိမခံသာ
မခန့်တရန့်
မခန့်လေးစား
မချင့်မရဲ
မချိတင်ကဲ
မချိတင်ကဲ
မချိတရိ
မချိတရိ
မချိမဆံ့
မချိသွားဖြဲ
မချိုမချဉ်
မခို့တရို့
မခိုးမခန့်
မခေါ်ပဲ မသွားရ
မစို့မပို့
မဆံ့မကန်
မဆံ့မပြဲ
မဆံ့ရင်ကန် (မဆံ့ရင်ကာ)
မဆံမပြဲ
မဆတ်တငံ့
မဆလာ
မဆိုင်းမတွ
မဆိုစလောက်
မဆီမဆိုင်
မဆီမဆိုင် လက်ပုံသား ဒါးနဲ့ချိုင်
မဆူးမရဲ
မဏိသြဃပင်
မတကဘတ်ဆွမ်း
မတင်မကျ
မတန်တဆ
မတလုံးကျေ
မတူတရူ
မတောက်တခေါက်
မတော်တရော်
မတော်မတည့်
မတော်မတရား
မတော်လောဘ
မထွေးနိုင် မမျိုနိုင်
မထွေးနိုင် မအန်နိုင်
မထိတထိ
မထီတရီ
မထီမဲ့မြင်
မထီလေးစား
မထုံတက်တေး
မထေရ်ရဟန်း
မထောင်းတာ
မဒမပင်
မဒရတ်အိမ်
မဓီရည် (နို့ကြက်တက်ရည်)
မနက်
မနက်ဖြန်
မနည်းမနော
မနာလို ဝန်တို
မနိုင့်တနိုင်
မနိုင်ရင်ကန်
မနီးမကမ်း
မနုဓမ္မသတ်
မနုဿဗေဒ
မနုဿီဟ
မနူးမနပ်
မနောကံ
မနောပွဲ
မဖြစ်စလောက်
မဖြစ်ညစ်ကျယ်
မဖေါက်ထုံး
မမြင်မကန်း
မမှိတ်မသုန်
မမီမကမ်း
မယား
မယိုးမယိမ်း
မယုံသင်္ကာ
မယောင်မလည်
မရကန်ပင်
မရန်းရောင်
မရမန်ငှက်ပျော
မရမန်ပိတ်
မရမ်းသီး
မရွေးမုန့်
မရှုဆိတ်
မရှူသာ မရှိုက်သာ
မရှေးမနှောင်း
မရိုးမရွ
မရီး
မရေမရာ
မလည်မဝယ်
မလွယ်ပေါက်
မလွဲသာ
မလှမ်းမကမ်း
မလိမ့်တပတ်
မလိုင်
မလိုတမာ
မလုံမလဲ
မလုံမလဲ
မလေးမခန့်
မလောက်လေး မလောက်စား
မဝံ့မရဲ
မသကာ
မသင်္ကာ
မသဒ္ဓါရေစာ
မသာရကန်ကျောက်
မသိုးမသန့်
မသိုးသင်္ကန်း
မဟားတရား (မဟားဒရား)
မဟာဆန်သူ
မဟာဒါန်ဝန်
မဟာဒုတ်
မဟာပိန္နဲ
မဟာဗျူဟာ
မဟာဘုတ်
မဟာမသမ္မတ (မဟာမသမတ)
မဟာမိတ်
မဟာရံတံတိုင်း
မဟာလတာတန်ဆာ
မဟာဝင်
မဟာဝုန်တော
မဟာသက္ကရာဇ်
မဟာသမယနေ့
မဟုတ်ကဟုတ်က
မဟုတ်တမ်းတရမ်း
မဟုတ်တရုတ်
မဟုတ်မဟတ်
မဟူရာ
မဟေသီ
မဟော်ဂနီ
မဟော်သဓာ (မဟော်သဓ) ဇာတ်
မအပ်မရာ
မအီမလည်
မအီမသာ
မအေ
မဦးမချွတ်
မဦးမချွန်
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ