(ရွှေဥဒေါင်း)
မူရင်းစာကို
သတ်ပုံမှားအောင် မပြင်ဘဲ တင်ထားသူ ကွန်ဂရက်ကျူလေးရှင်း + ကျေးဇူး။
(ဤဝတ္ထုကို မည်သည့်မဂ္ဂဇင်းတွင်
ဦးစွာပုံနှိပ်ခဲ့ကြောင်း မသိရသေး။ မြန်မာပြည် စာအုပ်တိုက်မှု အတွဲ ၂ နှင့်
နှလုံးလှစာပေတိုက်မူ အတွဲ၂ တို့တွင် ပါရှိသည်။ မူရင်းမှာ The Adventure of
The Empty House ဖြစ်သည်။)
ကျွန်တော်နှင့် မိတ်ဆွေကြီး ဦးစံရှားတို့သည် လွန်ခဲ့သည့်
နှစ်ပေါင်းများစွာကစ၍ အတူတကွ နေထိုင်ခဲ့ကြရာ ဦးစံရှားမှာ ယခုအခါ၌ ရှေးအခါကထက်
အမှုပေါင်းများစွာ လက်ခံရရှိသည် ဖြစ်သောကြောင် အမှုနှင့်ပတ်သက်၍ စာပေးစာယူ
အလုပ်တို့မှာလည်း များစွာ တိုးတက် ပိုမိုလာလေရကား လူ့စ္စလမ်း၌ အလုပ်တိုက်တတိုက်ကို
ငှားရမ်း ဖွင့်လှစ်ခဲ့ရလေ၏။ တိုက်ခန်းရပြီးနောက် ဦးစံရှားသည် လက်ရေးတို
ရေးနည်းနှင့် လက်နှိပ်စက်အတတ်ကို တတ်သော မိန်းကလေးတယောက်ကို စာရေးအဖြစ်
အလိုရှိကြောင်းနှင့် ကြော်ငြာလိုက်ရာ ဘိုကပြားမ ၂ဝ ခန့်မျှနှင့် မြန်မာမိန်းကလေး
ခြောက်ယောက်ခန့်မျှတို့သည်ကျွန်တော်တို့ နေထိုင်ရာ တိုက်ခန်းသို့
လျှောက်လွှာများကို ကိုင်လျက် ကိုယ်တိုင် လာရောက် လျှောက်ထားကြလေ၏။
ဦးစံရှားသည် လာရောက်လျှောက်ထားသူ မိန်းကလေးများကို
ကိုယ်တိုင်လက်ခံမေးမြန်းစစ်ဆေး ပြီးလျှင် ယင်းတို့၏ အင်္ဂါရုပ်ကို ကြည့်ရှုအကဲခတ်၍
ရွေးချယ်ရာ နောက်ဆုံး၌ အသက် ၂ဝ အရွယ်ခန့်ရှိ မမြမေ အမည်ရှိ မိန်းကလေးတယောက်ကို
ရွေးချယ်ခန့်ထားလိုက်လေ၏။ထိုသူငယ်မမှာ ရုပ်ရည်သနားကမားရှိ၍ အလွန်တရာ
သွက်လက်ဖျတ်လတ်သော အမူအရာရှိလေရာ 'ကျွန်တော်၏ စိတ်၌မူထိုသူငယ်မသည် သွက်လက်သွန်းလှသည်ဟု
အောက်မေ့မိသော်လည်း ဦးစံရှားက
“ကိုသိန်းမောင်တယောက် လူကဲခတ်တဲ့နေရာမှာ တယ်ပြီး
ရှေးကျသေးတာကိုးဗျ။ ခင်ဗျားကတော့ ထူလအမ်းအမ်း အင်္ဂါရုပ်ရှိတဲ့ လူမှ ရိုးတယ်လို့
မှတ်တာကိုးဗျ။ ထူထိုင်းထိုင်းတိုင်းလဲ ရိုးတာ မဟုတ်ဘူးဗျ။ သွက်လက်တိုင်း
ဖျတ်လတ်တိုင်းလဲ မရိုးဖြောင့်ဘူးလို့ မအောက်မေ့ရဘူးဗျ။ ကျုပ်သဘောကတော့
ရိုးသည်ဖြစ်စေဆန်းသည်ဖြစ်စေ၊ကျုပ်လက်အောက်မှာ အလုပ်လုပ်မယ်ဆိုယင် သွက်သွက်လက်လက်နဲ့
ထက်ထက်မြက်မြက်ကလေးရှိမှ ကျုပ်သဘောကျတယ် … ကိုသိန်းမောင်ရဲ့”ဟု ပြောသည်နှင့်ကျွန်
တော်မှာ မည်သို့မျှ ချေဆိုခြင်း မပြုနိုင်ပဲ ဦးစံရှား ရွေးချယ်ခြင်းသည်
အကောင်းဆုံး ရွေးချယ်ခြင်း ဖြစ်ပါစေဟူ၍ မျှော်လင့်ဆုတောင်းပါကြောင်းဖြင့်သာလျှင်
ပြန်ပြောရလေ၏။
ဦးစံရှားသည် အလုပ်တိုက်ရုံးအတွက် တိုက်ခန်းငှားရမ်းရပြီးထိုတိုက်ခန်းမှုာ
တိုက်သစ်ဖြစ် သောကြောင့် ဓာတ်မီးများ၊ လေယပ်များ တပ်ဆင်စေခဲ့ရာထိုစဉ်အခါကကျွန်တော်နှင့်
ဦးစံရှားတို့မှာ ဦးမင်းဟန်၏အမှုနှင့် ပတ်သက်၍ အထက်မြန်မာပြည်သို့
သွားရောက်နေခိုက်ဖြစ်သဖြင့် ဦးစံရှားမှာ အလိုရှိရာ ဓာတ်မီး၊ လေယပ်တို့ တပ်ဆင်ရန်
အစီအစဉ်ကိုသာလျှင် မှာထားနိုင်ခဲ့လေ၏။ကျွန်တော်တို့သည် အထက်မြန်မာပြည်မှု
ပြန်၍လာသောအခါ ဓာတ်မီးနှင့် ဓာတ်လေယပ်တို့မှာ ဦးစံရှား မှာထားခဲ့သည့် အတိုင်းထက်
နေရာတကျ တပ်ဆင်၍ထားသည်ကို တွေ့ရှိရလေရာ ဦးစံရှား၏ စားပွဲလက်ယာဘက်၌လည်း
ဓာတ်ခေါင်းခလုတ်တခုကို တွေ့ရှိရလေ၏။
ယင်းခလုတ်မှ ဦးစံရှားသည် အကယ်၍ ဒရဝမ်ကို ခေါ်လိုမူ
လက်နှင့်နှိပ်ကာမျှနှင့် ဒရဝမ်နေထိုင်သော နေရာအနီး၌ရှိသော ဓာတ်ခေါင်းလောင်း တခုသည်
မြည်၍သွားသည် ဖြစ်သောကြောင့် ဒရဝမ်သည် ဦးစံရှားထံ လာရောက်ရန် ဖြစ်လေသည်။ကျွန်တော်သည်
ယင်းကဲ့သို့ နေရာတကျ စီမံ၍ ထားသော အစီအစဉ်ကို ချီးမွမ်းလျက် ရှိနေစဉ် ဦးစံရှားမှာ
ခလုတ်ကို စေ့စေ့ကြည့်လျက် မျက်မှောင်ကြုတ်ကာ စဉ်းစား တွေးတောလျက် ရှိလေ၏။
ကျွန်။ ။“ဘာကြောင့်လဲဗျ ဦးစံရှားခင်ဗျား မာခဲ့တဲ့အတိုင်း
မဟုတ်လို့လားဗျ
ရှား။ ။“ကျုပ်က ဘယ့်နှယ်မှ မမှာဘူးဗျ၊ ဓာတ်မီးနဲ့ လေယပ်တပ်ဖို့လို့သာ
မှာခဲ့တယ်၊ဒီခလုတ်ကို တပ်ဖို့ ကျုပ် မမာခဲ့ဘူး”
ကျွန်။ ။“မမှာခဲ့ပေမယ့် အကောင်းသားကပဲဗျ၊ ဓာတ်ကြိုးဆင်တဲ့ ကုမ္ပဏီက
ဉာဏ်ကွန့်ပြီး လုပ် ပေးခဲ့တယ် ထင်ပါရဲ့။နေရာအကျသားပဲဗျ”ဟုပြောသော်လည်း ဦးစံရှားမှာ
စိတ်မကျေနပ်သည့်အမူအရာနှင့် သာလျှင် ရှိနေခဲ့လေ၏။ ထို့နောက် ဦးစံရှားသည် စာရေးမ
မမြမေကို ခေါ်၍ ယင်းခေါင်းလောင်း တပ်ဆင်ခြင်း၏အကြောင်းကို မေးမြန်းလေရာ
ဓာတ်ကြိုးများကို ဆက်သွယ်စဉ်အခါက အသားမည်းမည်း အရပ်ပုပုနှင့်ကျောက်ပေါက်နာ
သက်သက်ပါရှိသော လူတယောက်က ဦးစီးဦးကိုင်ပြု၍တပ်ဆင်ကြောင်းဖြင့် ပြန်ပြောလေ၏။
ရှား။ ။“အသက်က ဘယ်အရွယ်လောက် ရှိပြီလဲ”
မေ။ ။"၄၀ ကျော်လောက် ရှိပြီရှင့်”
ရှား။ ။“အထက်သွားမှာ လက်ယာဘက်က သွားတက်ကလေး ပါတယ် မဟုတ်လား"
မေ။ ။“မြင်မိတယ်ရှင့်"
ရှား။ ။ “စကားပြောတဲ့အခါမှုာ ခပ်မြန်မြန် ပြောတတ်တယ်လေ”
မေ။ ။“ဟုတ်တယ်ရှင့်”
ထိုအခါ ဦးစံရှားသည် မိမိ၏အခန်းသို့ ဝင်ပြီးနောက် ဆေးတံကို ဆေးထည့်၍
မီးညှိကာ အတန် ကြာအောင် ရှူဖွာလျက် စကားမပြောပဲ ရှိနေခဲ့လေ၏။
ထိုနေ့ညနေ၌ကျွန်တော်တို့သည် အထက် မြန်မာပြည်မှု ဖမ်းမိခဲ့သော
လူဆိုကြီး ဦးမင်းဟန်ကို အချုပ်ထောင်သို့ သွားရောက်ကြည့်ရှုကြရာကျွန်တော်တို့သည်
အခန်းတွင်းသို့ ဝင်မိကြလျှင် ဦးမင်းဟန်က
ဟန်။ “ “ခင်ဗျားက ဒီတခါ လူရည်သာသွားပေတာပ ဦးစံရှားရယ်။ သို့သော်လဲ
နေသေးသပ ချုံထဲက ဆိုတဲ့ စကားပုံ ရှိတယ် မဟုတ်လားဗျ”
ရှား။ ။“ဘာဖြစ်သလဲဗျ”
ဟန်။ ။“ကိုယ့်ကိုယ်ကိုယ် တော်လှပြီကောလို့များ တယ်မထင်လိုက်နဲ့ဗျ
ရှား။ ။“လူတကိုယ် ထင်တလုံးဆိုဘာလို ရှိကြတာမျိုးပေါ့ ဦးမင်းဟန်ရဲ့။
ကိုယ်ထင်သမျှကို ထုတ်ဖော်ပြီး ပြောတဲ့လူသာ အရူးဖြစ်တာကိုးဗျ။ ထင်ရုံထင်လို့တော့
အမှုမဖြစ်တန်ကောင်းပါဘူး ထင်ပါရဲ့ဗျာ”
ဟန်။ ။(အံကြိတ်လျက်)
“အမှုရောက်တယ် မရောက်တယ်.. ခင်ဗျားသိလိမ့်မယ်ပဗျာ”
ရှား။ ။“တယ် ကြိုးစားတဲ့ ဆရာကြီးပါကလား။ခင်ဗျားက ကိုပေါက်စီတို့
လူစုကို အားကိုးပြီး ပြောဟန်ရှိတယ်”ဟု ရယ်မောကာ ပြောပြပြီးလျှင် ဦးစံရှားသည်
ဦးမင်းဟန်၏ မျက်နှာထားကို အကဲခတ် လျက်ရှိရာ ဦးမင်းဟန်သည် ဦးစံရှား၏ မျက်နှာကို
စေ့စေ့ကြည့်ပြီးလျှင် မည်သို့မျှ ပြန်၍မပြောပဲ ရှိနေ လေ၏။ ထို့နောက်ကျွန်တော်တို့သည်
အချုပ်ထောင်မှ ထွက်ခဲ့ကြလေ၏။
နောက်တနေ့နံနက်၌ကျွန်တော်တို့သည်
အိပ်ရာမှထပြီးနောက် လက်ဖက်ရည်သောက်လျက် ရှိနေ ကြစဉ် စာရေးမ မမြမေသည် တိုက်ပေါ်သို့
တက်လာ၍ ဦးစံရှားခိုင်းစေထားသောကိစ္စ ပြီးမြောက်ကြောင်း လာရောက် ပြောဆိုပြီးနောက်
တိုက်ပေါ်မှ ဆင်းတော့မည်အပြုတွင်
ရှား။ ။“နေဦးဟေ့မမြမေမင်း ဘာဖြစ်လို့လဲ၊ မင်းမျက်နှာကြည့်ရတာ
တခုခုဖြစ်နေတဲ့ လက္ခဏာရှိတယ်”
မေ။ ။(မရဲဘရဲကြည့်လျက်) “ကျွန်မ ငွေကလေး နည်းနည်းလောက်
အသုံးလိုနေလို့ရှင့်။ တလခတွက်လောက် တင်ကူးပြီး ကြည့်ရှုနိုင်ယင် ကြည့်ရှုပါရှင်”
ရှား။ ။ “တလခအတွက်ဆိုတော့ ရှစ်ဆယ်ပေါ့။ လောက်ပါ့မလား”
မေ။ ။“လောက်ကောင်းပါရဲ့ရှင်”
ဦးစံရှားသည် ချက်စာအုပ်ကို စားပွဲအံဆွဲမှ ဆွဲထုတ်၍ ငွေ တရာတန်
ချက်လက်မှတ် တစောင်ကို ရေးသားပြီးနောက် သူ့ငယ်မအား ပေးလျက်
ရှား။“ရော့၊ ဟောဒီမှာ ငွေတရာ။ ချောင်လည်တဲ့အခါကျမှ နှိမ်တာပေါ့။
မလောက်သေးယင်လဲ ပြောနှော်၊ အားမနာနဲ့”
မေ။ ။“တော်လောက်ပါပြီရှင်၊ ကျေးဇူးပါပဲ”
ထိုနောက် မမြမေသည်ကျွန်တော်တို့ကို နှုတ်ဆက်၍ တိုက်ပေါ်မှဆင်းသွားလေ၏။
ကျွန်။ ။ ဘယ့်နှယ်လဲဗျာ၊ ခင်ဗျားစာရေးက အလုပ်ဝင်တာကမှ
မကြာသေးဘူးငွေချေး နေရပြီလား”
ရှား။ ။“ငွေရှာတယ်ဆိုဘာကျပ်တည်းတဲ့ လူတွေကို ကူညီဖို့ မဟုတ်လား”
ကျွန်။ ။ သူများ ကျပ်တည်းတိုင်း ကူညီယင် ကိုယ်ကျပ်တဲ့အခါကျ
ခက်နေမယ်ဗျ”
ရှား။ ။“ကူညီထိုက်တဲ့လူကို ကူညီရတာပေါ့ ကိုသိန်းမောင်”
ထိုအခါကျွန်တော်သည် မကြာမီကပင် မိမိလက်အောက်၌ ခန့်ထားလိုက်မသာ
မိန်းကလေးတဦး တယောက်အား ကူညီထိုက်သည်ဟု ပြောခြင်းမှာ ဦးစံရှားအပေါ်၌ သင်္ကာမကင်း
ဖြစ်နေသော်လည်း ထုတ်ဖော် ပြောင်လှောင်ခြင်း မပြုပဲ
ကျွန်။ ။“ကူညီထိုက် မကူညီတိုက်ဆိုတာ ခင်ဗျားသိရအောင် ဘယ်အတွက်
ငွေလိုသလဲတောင် မမေးပါကလားဗျာ”
ရှား။“မျက်နှာကြည့်ယင် သိတာပေါ့ဗျ”
စာကရှည်လို့
အဆုံးထိ မတင်တော့ပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment