Skip to main content

ပဲ နှင့် ဘဲ သို့မဟုတ် မြန်မာစာမှာ ဖေါ်မြူလာရှိသလား


၁။ မလိုအပ်ပဲ၊ မလိုအပ်ဘဲမှာ မလိုအပ်ဘဲက အမှန်လို့ ထင်တာ မ အနောက်မှာ(နောက်မှာ) ဘ ဘဲ ရေးရမယ်လို့ ဆယ်တန်းတုံးက မြန်မာစာဆရာတစ်ယောက်(တယောက်)သင်ပေးဖူးတယ်။ အဲ့ဒီ့အကြောင်းလေး ဖြေကြားပေးပါဆရာ လေးစားစွာဖြင့်

၂။ မင်္ဂလာပါဆရာ ပဲနဲ့ဘဲကို ခွဲခြားပေးပါ

၃။ ဘဲ အသုံးကို မ နှင့်တွဲသုံး မဟုတ်ဘဲ မသွားဘဲ အငြင်း ဝါကျတွေမှာ သုံးသည်။

၄။ ကျွန်တော်မြန်မာစာရေးတဲ့အခါ တချို့အသုံးအနှုန်းတွေမှာ မှားမှန်မသိဘူးဆရာ။ ဘဲနှင့်ပဲ။ ဆိုပါစို့ မမျှော်လင့်ဘဲ မမျှော်လင့်ပဲ အမှန်ကိုပြောပြပေးပါဆရာ။ ကိုယ်တိုင်ဘဲ နှင့် ကိုယ်တိုင်ပဲ ဘယ်ဟာ မှန်ပါသလဲခင်ဗျ။

မကြာခဏ တင်ပြပါတယ်။ မြန်မာစာသတ်ပုံမှာ ဖေါ်မြူလာ မရှိပါ။ ခုခေတ်မှသာ သင်တဲ့ -

(၁) ရေတွက်လို့ရရင် တစ် - မမှန်ပါ။ နမူနာ တထောင်လောက် တင်ပြထားပါတယ်။

(၂) မ နောက် ဘဲ လိုက် - မမှန်ပါ။ နမူနာ တရာလောက် တင်ပြထားပါတယ်။

(၃) တချို့စကားလုံးတွေကို တရားသေ ယူလို့ မရပါ။ မူကွဲတွေ အများကြီးတင်ပြထားပါတယ်။

မြန်မာအဘိဓာန်

ပဲ

၁။ (အပြော) ရည်ညွန်းသောပုဒ်ကို လေးနက်စေသော စကားလုံး၊ (လူပဲ)၊ (နတ်ပဲ)၊

၂။ ကြိယာ၏အနက်ကို ကန့်သတ်လိုရာ၌သုံးသည်။ စားရုံပဲ စားသည်။

ဘဲ = ကြိယာ၏အနက်ကို တားမြစ်လိုရာ၌သုံးသည်။ မသွားဘဲ၊ မလာဘဲ။

ကဝိဓဇသတ်ပုံကျမ်း

ပဲ (ပဲး) = ပဲကြီးဟင်း၊ ပဲကြော်၊ ပဲလှော်၊ ပဲစဉ်းခုန်၊ ပဲချဉ်ပေါင်၊ ပဲစောင်းလျှား၊ ပဲပိစပ်၊ ပဲတီချဉ်၊ ပဲလင်းမြွေသီး၊ ပဲပုစွန်၊ စားတော်ပဲ၊ ဗိုလ်စားပဲ၊ မြေပဲ၊ ပဲစိမ်းစားဥ၊ ဝမ်းပဲငှက်၊ တပဲလေးရွေး၊ မပြောပဲ၊ မဆိုပဲ၊ မလာပဲ၊ မလုပ်ပဲ၊

ဘဲ (ဘဲး) = ဘဲဥ၊ ဘဲသား၊ ဘဲငန်း၊ ဝမ်းဘဲဟင်္သာ၊ မသွားဘဲ၊ မလာဘဲ၊ မလုပ်မကိုင်ဘဲ၊ မခေါ်ဘဲ၊ သနခါးဘဲကျားရိုက်၊

မြန်မာ့စွယ်စုံကျမ်းပါ သိပ္ပံမောင်ဝရေးတဲ့ ၁၁-၁ဝ-၁၉၃၇ နေ့ကစာ 

မောင်ဝဆိုတဲ့ မောင်ဝကတော့ သတ်ပုံကျရင်ဖြင့် ဖြစ်ကတတ်ဆန်းဘဲ။ ရေးချင်သလို ရေးတော့တာဘဲ။ သည်နေရာမှာ ဦးဇော်ဂျီတို့ မင်းသုဝဏ်တို့ကသာသဗျာ့ ဒါကြောင့်မို့ အခုတော့ဖြင့် ကဝိမျက်မှန်သတ်ပုံစာအုပ်ကြီးကို အမြဲ လက်ကိုင်ထားတယ်။ ဒါတောင်မှ တခါတခါ အမှားတွေ ဖေါက်ဖေါက်လာတယ်။ မောင်ဝဆိုတဲ့ မောင်ဝဟာ ဘယ်လိုဘဲ ထွင်တယ်ဆိုဆို၊ ဘယ်လိုဘဲ အရေးကောင်းတယ်ဆိုဆို၊ ဘယ်လိုဘဲ စိတ်ကူးစိတ်သန်း ကောင်းတယ်ဘဲဆိုဆို၊ မသေချာတဲ့နေရာမှာတော့ ပထမတန်းဘဲဗျို့။ နို့ပေမဲ့ မွေးကတည်းကပါလာတဲ့ အကျင့်မို့လားမသိဘူး၊ ဘယ်တော့မှ ပြင်လို့မရဘူး။ သေသည်တိုင်အောင် ဖြစ်ကတတ်ဆန်းသမားဖြစ်သွားမဲ့ မောင်ဝပါဘဲဗျာ။

သိပ္ပံမောင်ဝကတော့ ဘယ်လိုဘဲလို့သာ ရေးခဲ့ပါတယ်။ လက်ရေတပြင်စီးစကားအဓိပ္ပါယ်ဖွင့်တဲ့စာမှာ လှသမိန်ကလည်း မယူကြပဲနဲ့ မခွဲပဲလို့သာရေးတယ်။ အရင်ရေးခဲ့တာတွေက မှားတယ်၊ နောက်လူတွေသာ မှန်တယ်လို့တော့ ကျွန်တော်က မထင်ပါ။ မြန်မာစာမှာ သင်္ချာနဲ့ သိပ္ပံမှာလို ပုံသေနည်းတွေနဲ့က အဆင်မပြေလှပါ။ တနေရာတိုင်းမှာ မလိုအပ်ဘဲ တစ်အရေးခိုင်းတာကတော့ နိုင်ငံရေးလုပ်တာဖြစ်တယ်။ တ မှားနေလို့နဲ့ ရေးရတာ ခက်ခဲနေလို့ ပြင်တာမဟုတ်ပါ။ 

ဗေဒါလမ်းကဗျာနဲ့ သီချင်း တင်ထားကြတာတွေ အများကြီးထဲမှာ သတ်ပုံမှန်တာ အတော် (အတော်ကို) ရှားတယ်။

ပန်းပန်လျက်ဘဲ = မှန်။

ပန်းပန်လျက်ပါ ရုပ်ရှင် = မှန်တယ်။

ပန်းပန်လျက်ပဲ = မှား။ ဘဲ ကို ပဲလို့ ပြောင်းရန် မလို။ 

ပန်းပန်လျှက်ဘဲ = မှား။ လျက် မှာ ဟထိုး မလိုပါ။

ပန်းပန်လျှက်ပဲ = နှစ်ခါပြန် မှားတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ