ကင်းဝန်မင်းကြီးက အတာတန်ခူး၊ နှစ်ဦးညောင်ရေ၊ စာပလွေခင်း၊ ပဉ္စင်းတော်ခံ စာရေးတံနှင့် မြစ်ယံပွဲကြီး၊ ဆီမီးထွန်းချိန်၊ ကထိန်နတ်ကျင်း၊ မြင်းခင်းဆင်ယင်၊ သဘင်မီးပုန်း၊ ဂူလုံးသဲပုံ၊ စေ့စုံကျင်းပ ဆယ့်နှစ်လ မှတ်ကြရာသီပွဲလို့ ဖွဲ့ဆိုခဲ့လို့ ပြာသိုမှာ မြင်းခင်းပွဲတော်ကျင်းပခဲ့ကြတယ်။
ပင်းယခေတ် ငါးစီးရှင်ကျော်စွာမင်းရဲ့ မြင်းစိုင်းရွှေပြည်ကာချင်းမှာ နွယ်ပန်းခွာညို၊ ပွင့်ပေလို၊ ပြာသိုဆောင်းလလယ်၊ ယရည်သွန်းသွန်း၊ မြင်းသည်ဝန်း၊ လှံချွန်တွန်းတက်ပယ်လို့ ရေးဖွဲ့ခဲ့တယ်။
အမည်မသိရှေးစာဆို၏ ကောက်စိုက်မတေး
ရွှေမြို့က ပန်းခွာညို စာဆိုနှင့်ပေး
စာဆိုနှင့် ခွာညိုပန်းရယ် နန်းမြေထိမွှေး။
ရွှေမြို့နေ မင်းခြေရင်းက ထုံသင်းကိုပေး
လိမ်းမယ်လို့ ပျိုချေတော့ လေပြည်ကမွှေး။
ရွှေမြို့က ငွေပန်းငုံကို လူကြုံတိုင်းပေး
ငွေပန်းငုံ လူကြုံပေးကို သိမ်းပေါင်ကွဲ့လေး။
ရွှေမြို့ကို ဘယ်အခင်းကြောင့် မောင်ဆင်းသလေး
ကွမ်းတုံမြိတ်နှင့် အချိတ်ဝယ်ကွယ် ဆင်းမယ်တဲ့လေး။
ပျို့ခေါင်းကို နေကျော် နားချိန်ကတော်
နားနေရင် ချိန်ချော်ရော့မယ် ငန်းဆော်ပါ့လေး။
၁၉၉၀ ခုတုန်းက ဒီရက်တွေမှာ ပြာသိုလ်ထဲရောက်နေပြီ။ ယောက်ျားဝါဆို၊ မိန်းမပြာသို အဆိုရှိတယ်။ ပြာသိုလပြည့်ကို မြန်မာပြည်မှာ အမေနေ့လို့ သတ်မှတ်တယ်။ ကျွန်တော်ကတော့ ပြာသိုအချမ်း၊ တဘက်နိုင်ငံက အချုပ်ခန်းထဲမှာ ကိုယ့်အမေနဲ့ ကိုယ့်အမိမြေကို လွမ်းခဲ့တမ်းခဲ့ဖူးတယ်။
ဒေါက်တာတင့်ဆွေ
၂၂-၁၂-၂၀၁၇

Comments
Post a Comment