Skip to main content

Clematis smilacifolia ရွှေမြို့ကပန်းခွာညို

နတ်တော်လပြည့်ပြီ။ ပြာသိုလဟာ ဥတုသုံးလီမှာ ဆောင်းဥတုကျရောက်တယ်။ ဖုသျှနက္ခတ်နဲ့ မိနလဂ်စန်းယှဉ်၊ မကရရာသီ၊ ပုစွန်တာရာ ထွန်းလင်းတယ်။ ပြာ (ပျားဖယောင်း)၊ သိုဝ် (စုဆောင်းသိုလှောင်ခြင်း) လို့ဖွင့်ဆိုကြတယ်။ ပျားဖယောင်းတွေ စုဆောင်းတဲ့လလို့ ဆိုစမှတ်ပြုခဲ့ကြသည်။ ပြာသိုလမှာ ရွာတဲ့မိုးကို မိုးညှင်းညှင်း၊ ဆီးနှင်းရောယှက်၊ နှမ်းတောင်ပျက်လို့ ဖွဲ့ဆိုတယ်။

ကင်းဝန်မင်းကြီးက အတာတန်ခူး၊ နှစ်ဦးညောင်ရေ၊ စာပလွေခင်း၊ ပဉ္စင်းတော်ခံ စာရေးတံနှင့် မြစ်ယံပွဲကြီး၊ ဆီမီးထွန်းချိန်၊ ကထိန်နတ်ကျင်း၊ မြင်းခင်းဆင်ယင်၊ သဘင်မီးပုန်း၊ ဂူလုံးသဲပုံ၊ စေ့စုံကျင်းပ ဆယ့်နှစ်လ မှတ်ကြရာသီပွဲလို့ ဖွဲ့ဆိုခဲ့လို့ ပြာသိုမှာ မြင်းခင်းပွဲတော်ကျင်းပခဲ့ကြတယ်။

ပင်းယခေတ် ငါးစီးရှင်ကျော်စွာမင်းရဲ့ မြင်းစိုင်းရွှေပြည်ကာချင်းမှာ နွယ်ပန်းခွာညို၊ ပွင့်ပေလို၊ ပြာသိုဆောင်းလလယ်၊ ယရည်သွန်းသွန်း၊ မြင်းသည်ဝန်း၊ လှံချွန်တွန်းတက်ပယ်လို့ ရေးဖွဲ့ခဲ့တယ်။

အမည်မသိရှေးစာဆို၏ ကောက်စိုက်မတေး

ရွှေမြို့က ပန်းခွာညို စာဆိုနှင့်ပေး

စာဆိုနှင့် ခွာညိုပန်းရယ် နန်းမြေထိမွှေး။

ရွှေမြို့နေ မင်းခြေရင်းက ထုံသင်းကိုပေး

လိမ်းမယ်လို့ ပျိုချေတော့ လေပြည်ကမွှေး။

ရွှေမြို့က ငွေပန်းငုံကို လူကြုံတိုင်းပေး

ငွေပန်းငုံ လူကြုံပေးကို သိမ်းပေါင်ကွဲ့လေး။

ရွှေမြို့ကို ဘယ်အခင်းကြောင့် မောင်ဆင်းသလေး

ကွမ်းတုံမြိတ်နှင့် အချိတ်ဝယ်ကွယ် ဆင်းမယ်တဲ့လေး။

ပျို့ခေါင်းကို နေကျော် နားချိန်ကတော်

နားနေရင် ချိန်ချော်ရော့မယ် ငန်းဆော်ပါ့လေး။

၁၉၉၀ ခုတုန်းက ဒီရက်တွေမှာ ပြာသိုလ်ထဲရောက်နေပြီ။ ယောက်ျားဝါဆို၊ မိန်းမပြာသို အဆိုရှိတယ်။ ပြာသိုလပြည့်ကို မြန်မာပြည်မှာ အမေနေ့လို့ သတ်မှတ်တယ်။ ကျွန်တော်ကတော့ ပြာသိုအချမ်း၊ တဘက်နိုင်ငံက အချုပ်ခန်းထဲမှာ ကိုယ့်အမေနဲ့ ကိုယ့်အမိမြေကို လွမ်းခဲ့တမ်းခဲ့ဖူးတယ်။

ဒေါက်တာတင့်ဆွေ

၂၂-၁၂-၂၀၁၇

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ