၁။ မယ့် ကို ဘယ်နေရာမှာ သုံးလို့ရပါသလဲရှင့် သူငယ်ချင်းတယောက်က လုပ်မယ့် ဒါပေမယ့်လို့ သုံးလို့ပါ
၂။ ဆရာခင်ဗျာ မယ့် နဲ့ မဲ့၊ လည်း နဲ့ လဲ ရဲ့ အသုံးလေးတွေရှင်းပြပေးပါလားခင်ဗျာ။ မယ့် ကိုတော့ သတ်ပုံကျမ်းမှာ မတွေ့ရလို့ပါ။
၃။ ‘မဲ့ နဲ့ မယ့် အသုံးတွေ သိလိုပါတယ်’ လို့ မေးထားတာ တွေ့မိပါတယ်။
ပို့စ်တခု ဖတ်ရတယ်။ မြန်မာအဘိဓာန် နှင့် သတ်ပုံကျမ်းမှာ ‘မယ့်’ မရှိပါ
မဲ့
မဲ့ → နာမဝိသေသန
မရှိသော။
လူသူကင်းမဲ့
သက်မဲ့ပစ္စည်း
(အနည်းငယ်လျော့နေသည်ကိုလည်း အရပ်သုံးအဖြစ် ပြောဆိုသည်။ ဥပမာ “တစ်ပြည်မဲ့မဲ့”။ တစ်ပြည်မပြည့်ဘဲ အနည်းငယ်လျော့နေသည်ကို “တစ်ပြည်မဲ့မဲ့” ဟု ပြောဆိုသုံးနှုန်းသည်။)
မဲ့ → ကြိယာ
၁။ ပါးစပ်ကို တွန့်ရွဲ့သည်။
၂။ ပါးစပ်ကို တွန့်ရွဲ့၍ မကြည်သာသည့်သဘောကိုပြသည်။
ငိုမဲ့ငိုမဲ့
မဲ့ပြုံး ပြုံး စသည်။
မဲ့ → ပစ္စည်း
(အပြော) အရေးသုံးမှ ‘မည့်’ ပစ္စည်းနှင့်အတူတူ။
သွားမဲ့လမ်းခရီး။ (အရေးပုံစံ - သွားမည့်လမ်းခရီး။)
သူပြောမဲ့စကား။ (အရေးပုံစံ - သူပြောမည့်စကား။)
ယခင်က ‘မယ့်’ ကို အပြောသုံးတွင် အရေးသုံးမှ ‘မည့်’ အစား အသုံးပြုခဲ့သည်။ ယခုအခါ ‘မယ့်’ အစား ‘မဲ့’ ကို အစားထိုး အသုံးပြုကြောင်း မြန်မာစာအဖွဲ့က အတည်ပြုပြီးဖြစ်ပါသည်။ ထို့ကြောင့် ‘မယ့်’ ကို အသုံးမပြုတော့ပေ။
မှတ်ချက်။ ။ ‘မယ်၏ချစ်သူ’ ကို ‘မယ့်ချစ်သူ’ ဟု ရေးသုံးသည့် ပိုင်ဆိုင်ခြင်းပြ '၏' အစား သုံးသည့် အောက်မြစ် အရေးတော့ သုံးစွဲမြဲ ဖြစ်ပါသည်။ (ဝင်းဌေး စေတုတ္တရာ)
ကျန်းမာရေးမေးခွန်းများ
၁။ ဆရာရေးပြထားတဲ့ အချက်တွေတော့ မဖြစ်သေးပါဘူး ဒါပင်မယ့် သားသားကို စိတ်ပူလို့ပါ မလိုအပ်ဘဲ ကလေးကို ဆေးမထိုးချင်လို့ပါ (ဒါပေမဲ့လို့ ရေးရ။)
၂။ ဆရာ မဲ့ နဲ့ မယ့် တွေ့ရင် ပြပါဦး
၃။ ဆရာခင်ဗျာ မဲ့ နဲ့ မယ့် အသုံးပါခင်ဗျ။ ဆရာအချိန်ရရင် တင်ပေးပါလားခင်ဗျ။
၄။ ဆရာခင်ဗျား ဒါပေမယ့်လား၊ ဒါပေမဲ့လား မကွဲပြားလို့ပါ။
၅။ ဆရာ သို့ပေမယ့် သို့ပေမဲ့ သို့ပေမင့် ဘယ်ဟာက အမှန်လဲရှင့်။ တခြားစကားလုံးရှိပါသေးလားရှင့်။
မင့်ဆိုတာ စကားပြောသာသုံးတယ်။ မင့်ကိုလို့ ဆိုလိုတယ်။ သွားတော့မည့်လို့ အရင်ကမရေးခဲ့ပါ။
မည့် နဲ့ မယ့်ကို သတ်ပုံကျမ်း အဟောင်းတွေထဲမှာရော အသစ်ထဲမှာပါ မတွေ့ပါ။ အရင်ထုတ်သတ်ပုံစာအုပ်တွေမှာ ဒါပေမဲ့ရော ဒါပေမယ့်ပါ မပါ။ သို့သော်လည်း၊ ဒါဖြစ်သော်လည်းကို စကားအရသုံးတာ ဖြစ်ပါမယ်။
နောက်ထုတ်သတ်ပုံစာအုပ်မှာ မဲ့ = မရှိသော၊ မည့်နှင့်အတူလို့ ဖေါ်ပြထားတယ်။ ဒါပေမဲ့ = သို့တစေ၊ သို့သော်လည်း အစား စကားပြောမှာသုံးတယ်လို့ ရေးထားပါတယ်။
မယ် လို့တော့ရှိတယ်။ မယ်ညိုငှက်၊ မယ်ဒလင်၊ မယ်ဘွဲ့မောင်ဘွဲ့၊ မယ်နု၊ မယ်တော်၊ မယ်သီလရှင်၊ အမယ်မင်း၊ အမယ်အို၊ အမယ်ကြီး၊ မယ်မင်း၊ မယ်ခွေ၊ လူမမယ်၊ ဆန်တလမယ်၊ မယ်နဲ့မောင်။ အမျိုးသမီးကို မယ်လို့သုံးတယ်။ မယ်ဗမာ၊ မယ်စကြာဝဠာ၊ မယ့်တကိုယ်စသဖြင့်။ မယ်၏ကို မယ့်လို့ရေးတယ်။
မဲ့
ငိုမဲ့မဲ့
မထီမဲ့မြင်
မျက်နှာမဲ့
မရှိမဲ့ရှိမဲ့
မိဘမဲ့
မဲ့ = မရှိ
မဲ့ခွက်ခွက်
မဲ့ပြုံး
မဲ့ပဲ = ကာကွယ်သည်
မဲ့မဲ့ယွဲ့ယွဲ့ (မဲ့မဲ့ရွဲ့ရွဲ့)
ရှုံ့မဲ့မဲ့
သစ္စာမဲ့
အကြွင်းမဲ့
အတူမဲ့ပြီး
အမှတ်တမဲ့
အမှတ်မဲ့
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉)
မဲ့ = မရှိဖြစ်သော။ (မိဘမဲ့၊ အကြောင်းမဲ့၊ အခါမဲ့၊ အတုမဲ့ စသည်ဖြင့် နောက်ဆက်ပစ္စည်းအဖြစ်လည်း သုံးသည်။)
မဲ့ = ပါးစပ်ကို ရွံ့တွန့်သည်။ မကြည်သောစိတ်ကို မျက်နှာထားဖြင့် ဖော်ပြသည်။
မဲ့ခွက်ခွက် = ရွံ့တွန့်ချုင့်ဝှမ်းသည့် မျက်နှာပုံ။
မဲ့မဲ့ = အတန်ငယ် လျော့ပါးလျက်။ မပြည့်မဝအားဖြင့်။ မနက်ကို နို့ဆီဗူး သံခွက်နှင့် လေးလုံးမဲ့မဲ့ ချက်ရပါတယ်။
မဲ့ပြုံး = လှိုက်လှဲရွှင်ပြခြင်း မရှိပဲ၊ မနာလိုစိတ်၊ သို့မဟုတ် ကဲ့ရဲ့စိတ်ဖြင့် အပေါ်ယံ ပြုံးဟန်။
မဲ့ရွဲ့ = အလွန်မဲ့ဟန် ပြုသည်။
မောင်ရွေးလို့ဆင်ပါ့မယ် သီချင်းရှိတယ်။
"မယ့်ကေသာဦးဝယ် ပိတောက်ရွှေရည်ဖူးကို မောင်ခူးလို့ဆင်ပေးမယ်"
ဒီစာသားမှာ 'မယ့်' ဆိုတာ 'မယ်၏'။ အမျိုးသမီးတယောက်ကို နာမ်စားအဖြစ် 'မယ်' လို့ ခေါ်တာရှိတယ်။ ဥပမာ 'မယ်နဲ့မောင်'။ မယ့်ရဲ့ သို့မဟုတ် မယ်၏ ကို မယ့်လို့ ရေးနိုင်တယ်။
လဲ နှင့် လည်း https://dr-tint-swe.blogspot.com/2021/06/blog-post_369.html
ငွေဇင်ယော်
မြစ်ယံသဲနုကမ်းစ ချစ်သံတေးမြကြည်ကြည်
ငှက်ကလေးငွေဇင်ယော် ပျံကာမြူးရှာသည်
သူ့ကိုခေါ်ပါဘဲနဲ့ ခွန်းခြွေနှုတ်ဆက်ဖော်ရွေသည်
မောင်လည်းဖော်မစုံ တကိုယ်ရေတည်းတူညီ
အစားအစာ တောင်းသလား သနားချစ်စရာ ဇင်ယော်သည်
ကိုယ်အလိုမပြည့်တဲ့တောင် မောင့်ကိုဖြည့်မည်
ချစ်ဖော်နဲ့ပင် ကမ်းစပ်၌တူယှဉ်မှီ
မောင်မယ်မုန့်ကလေးဖဲ့ကာဖဲ့ကာ ကျွေးလိုက်ချင်သည်
သို့ပေမယ့် ဝဲလက် ကိုယ့်ကိုယ်ကိုရည်
ယာလက်ချစ်သူ ကိုယ်စားရည် ကျွေးလိုက်မည်
စိတ်ရှိတိုင်းစားလို့ ခွင့်လွှတ်သာကြည်
ကိုယ်စားပေါ့မောင့် သူနဲ့ပင် ဒီအချိန်ဝေးနေသည်
အစားအစာတောင်းသလား သနားချစ်စရာ ဇင်ယော်သည်
ကိုယ်အလိုမပြည့်တဲ့တောင် မောင့်ကိုဖြည့်မည်
ချစ်ဖော်နဲ့ပင် ကမ်းစပ်၌တူယှဉ်မှီ
မောင်မယ်မုန့်ကလေးဖဲ့ကာဖဲ့ကာ ကျွေးလိုက်ချင်သည်။ ။
ငွေဇင်ယော် ဆို ဝင်းဦး https://www.facebook.com/watch/?v=383557766222927
ငွေဇင်ယော်သီချင်းစာသားတင်တဲ့နေရာတွေမှာ စသားရောသတ်ပုံတွေပါ မှားနေတယ်။ မူရင်းအဆိုတော်အမည်လည်း ပျောက်နေတယ်။ ဘယ်အကြောင်းအရာကိုမဆို မသိရင် မတတ်ရင် မရေးသင့်ကြပါ။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment