ယဉ်ဘောင်လှိုင်း
နက်ရှိုင်း ပင်လဲ့လယ်။
တက်ရွက်စုံ လှေကလေးနဲ့
မအေးနိုင် ပီနန်သားရို့
သစ်ဝါးအိမ်ခြံဖွဲ့
ငါးသဲ့ကြတယ်။
မန်းမြေမှာ သန်းခွေညည်းလို့
ယောက်ထည်း ကျန်သူ့မယ်
ခုနှယ်ရှိစေစမ်း။
ခူ ငါးကြင်း ပူတင်းရင်ဘောင်စာနဲ့
ကြိုက်ရာကို လိုက်ရှာရွေးပေလိမ့်
တွေးမိ စိတ်ဝမ်း။ (ကင်းဝန်မင်းကြီး၊ ၁၂၃၅ ခု တန်ခူးလပြည့်ကျော် ၄ ရက်၊ ပလောပီနန်ဆိပ်ကမ်းရောက်။)
ကဗျာတင်ပေးသူ ကျေးဇူး။ ကဗျာကို တွေ့လို့ ဒီစာကိုပြန်တင်ပါတယ်။ ရေးထားတာက ၂၀၁၆ ခုနှစ်က။ ကဗျာထဲမှာ ဦးကောင်းဟာ မန္တလေးမြို့ရွှေမြို့တာ်မှာ ကျန်ရစ်ခဲ့တဲ့ ဇနီး မယ်မင်းဆီကို လွမ်းနေပါသတဲ့။ စကားအရာမှာတော့ မယ်မင်းဇီလို့ အသံထွက်တယ်။ ဆင်ကြန်သခင်လို့လည်း အမည်တွင်ပါတယ်။ ဦးကောင်းကဗျာတွေထဲမှာ ဇနီးကိုလွမ်းကြောင်း တကြိမ်မက တွေ့ရတယ်။
ကျွန်တော် ငယ်ငယ်ကတည်းက ပုံဆွဲဝါသနာပါတယ်။ အသက်လုထွက်ပြေးရတော့ တခြားဟာတွေနဲ့အတူ ဘွဲ့လက်မှတ်နဲ့ ပန်းချီပုံလေးတွေ သယ်မလာနိုင်တဲ့အတွက် ခုထိစိတ်မကောင်းဖြစ်ပါတယ်။ ဆေးကျောင်း နောက်ဆုံးနှစ်တုန်းက ဆွဲခဲ့တဲ့ ကင်းဝန်မင်းကြီးဦးကောင်းပုံကို ၂၀၁၈ ခုနှစ်က ပြန်တွေ့ရတယ်။
အမေ့ရွာ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ဆိုတာ ကင်းဝန်မင်းကြီးရဲ့ရွာပါ။ အမေက ဦးကောင်းရဲ့မြစ်တော်တယ်။ ဦးကောင်းမှာ သားသမီးအရင်း မထွန်းကားပါ။ မိသားစုဇယားအကြောင်း ခပ်တိုတို တင်ပြထားပါတယ်။
မင်းတိုင်ပင်ကို အရင်က ‘မုံတိုင်ပင်’ လို့ ရာဇဝင်စာအုပ်တွေမှာ ရေးတယ်။ ငယ်ငယ်တုန်းက ကင်းဝန်ရဲ့အမျိုးလို့ ကြွားချင်ခဲ့တယ်။ မုံရွာ အထက (၂) မှာ ၉ တန်း၊ ၁၀ တန်းတုံးက ကင်းဝန်နွယ်ဘာညာဆိုပြီး ကဗျာမရေး စာမရေးတတ်သူက ကလောင်နာမယ် ယူခဲ့ဘူးတယ်။ မြန်မာစာဆရာ ဘုတလင်ချစ်လေးက ကြီးကြပ်ပေးတဲ့ ပုလဲသွယ်နံရံကပ်စာစောင်မှာ ပုံဆွဲတာဝန်ယူရဘူးတယ်။ ဆရာ့ကိုရော၊ သူငယ်ချင်းတွေပါ အမှတ်ရလို့ ကျွန်တော့် နိုင်ငံရေးဘလော့ခ်ကို 'ပုလဲသွယ်' လို့ နာမည်ပေးခဲ့တယ်။
ကယားပြည်ကို သီးခြားပြည်တခုအဖြစ် သီပေါမင်းကိုယ်စား လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာ ကင်းဝန်မင်းကြီး ဦးကောင်းလို့ ကယား (ကရင်နီ) လူမျိုးတွေကသူများတွေထက် သိကြတယ်။ ကင်းဝန်မင်းကြီးကို အဲလိုအမြင်ရှိသူတွေ အကဲဖြတ်တာကိုရော၊ 'ဦးကောင်းလိမ်ထုတ် မင်းဆက်ပြုတ်'ဆိုတာရော၊ နှစ်ခုလုံးကို သူ့အမျိုးတွေက အမွေခံရမှာပါ။
မင်းတိုင်ပင်ရွာက ဦးကောင်းကောင်းမှု ဘုန်းတော်ကြီးကျောင်းမှာ ငယ်ငယ်ကဆော့ကစားဘူးတယ်။ နဝတ လက်ထက်မှာ ကင်းဝန်မင်းကြီးရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို ကျောင်းထိုင်ဆရာတော်က ထိန်းသိမ်းပြီး ပြသထားတာကို ရောက်တိုင်း ကြည့်ဖြစ်တယ်။ ကြေးကုတင်၊ စာချွန်တော်နဲ့ ပေစာတွေ၊ တိုင်ကပ်နာရီအမျိုးမျိုး။ ကံဆိုးချင်တော့ နဝတ စစ်အစိုးရလက်ထက်မှာ ကျွန်တော်လိုဘဲ ဦးကောင်းမျိုးဆက်ထဲက ကုန်သွယ်ရေး ဒုဝန်ကြီးဖြစ်နေတဲ့ ဗိုလ်ချုပ်ကျော်ဆန်းက စစ်ထောက်ချုပ်ကို ခေါ်လာတယ်။ ကင်းဝန်ပစ္စည်းတွေအကုန် မ,သွားပါလေရော။ အခု ဘယ်ရောက်နေသလဲ မသိတော့ပါ။ ညီအကိုနှစ်ဝမ်းကွဲ ဗိုလ်ချုပ်ကျော်ဆန်းလည်း သ/မ ဝန်ကြီး၊ နောက် ပြန်ကြားရေးဝန်ကြီး ဖြစ်လာပါတယ်။ ဦးကောင်းရဲ့ ရှေးဟောင်းအမွေတွေ ကျေးဇူးကြောင့်။ သမိုင်းအဖြစ်မှန်။
မင်းတိုင်ပင်ရွာ အနောက်က ယာခင်းတခုထဲမှာရှိတဲ့ မယ်မင်းဆီ အုတ်ဂူလေးလဲ ချုံနွယ်တွေကြားထဲမှာ သွားကြည့်ဘူးသေးတယ်။ ယာခင်းကလည်း အမျိုးရင်းက ပိုင်တာ။ အုတ်ဂူကို မွမ်းမံချင်စိတ်ပေါ်ပါတယ်။ အခုတော့ မဖြစ်နိုင်။
ဦးကောင်းဖြစ်လာမဲ့ မောင်ချင်းက ယက်သွား (ရက်ကန်းသုံး) ရောင်းခဲ့တဲ့ အမျိုးဖြစ်တယ်။ ကျွန်တော့်အမေရဲ့ အဖေဦးထင် (ဦးကောင်းရဲ့မြေး) က မင်းတိုင်ပင်တိုက်နယ်သူကြီး။ သူဆုံးတော့ မုံရွာမှာပါ။ ဆောင်းတွင်းမှာ ကျွန်တော့်အစ်ကိုကြီးနဲ့ နှစ်ယောက်သား သစ်ကိုင်းခြောက်လေးတွေကို ဘကြီးဦးထင် မီးလှုံဘို့ ဆွဲယူသွားပေးခဲ့ကြရတာ မှတ်မိနေသေးတယ်။
ဆရာမြသန်းတင့်ရဲ့ တောင်သမန်အင်းက လေညှင်းဆော်တော့ထဲမှာ ရေးထားတာကိုတော့ နှစ်သက်ပါတယ်။ သန်းဝင်းလှိုင်ရေးတဲ့ လူအများစု အမှတ်မှားနေတဲ့ ကင်းဝန်မင်းကြီး ဦးကောင်းအကြောင်းကို သမိုင်းအမှန် သိစေချင်မှာ ပိုပြီးစုံစုံလင်လင်ဖတ်ရတယ်။ ဝီကီပီးဒီးယားမှာလည်း တင်ထားတယ်။ သတ်ပုံတွေကတော့ မမှန်။ မြန်မာ့စွယ်စုံကျမ်းက အချက်အလက်ရော သတ်ပုံပါ မှန်တယ်။
ဦးကောင်းမွေးနေ့ နှစ် ၁၄၀ မှာ ဦးလေးဦးဗိုလ်သိန်းရဲ့ အစီအစဉ်နဲ့ မင်းတိုင်ပင်မှာ ပွဲတခုလုပ်ခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်က ဆေးကျောင်းသားပဲရှိသေးတာ။ မြန်မာနှစ် ၁၃၃၂ ခုကပါ။ ဦးကောင်းရဲ့ ဇာတိရပ်မြေ မင်းတိုင်ပင်ရွာမှာ ကျင်းပပါတယ်။ ကျွန်တော်ဆွဲတဲ့ပုံလေးကို အဲဒီပွဲအတွက်ထုတ်တဲ့ လက်ကမ်းစာစောင်မှာ သုံးခဲ့ပါတယ်။ ကျွန်တော့် ပန်းချီလက်မှတ်လည်းပါတယ်။ ကျွန်တော်ဆွဲခဲ့တာဆိုလို့ ရုပ်ရှင်မင်းသမီး ဝါဝါဝင်းရွှေပုံနဲ့ အခုပုံသာကျန်တော့တယ်။ တခြားရေဆေးပုံတွေက ခြကိုက်သွားပြီတဲ့။
မြန်မာ့ရာဇဝင် ခြကိုက်မခံရပါစေသတည်း။
U Kaung Family Tree ဦးကောင်းမျိုးဆက် https://dr-tint-swe.blogspot.com/2022/02/u-kaung-family-tree.html
U Kaung ကင်းဝန်မင်းကြီး ဦးကောင်း https://dr-tint-swe.blogspot.com/2021/06/u-kaung.html
ကင်းဝန်မင်းကြီးဇာတိ https://dr-tint-swe.blogspot.com/2022/02/blog-post_71.html
ဒေါက်တာတင့်ဆွေ
Comments
Post a Comment