Skip to main content

ပိတ်စွယ်

(စာအဟောင်း၊ ဖတ်တဲ့သူလည်းများတယ်။ ကျွန်တော့စာတွေကို သတ်ပုံစစ်ပေးသူတယောက်က စစ်တော့မှာ သတ်ပုံနဲ့ စာရိုက်လွဲတာတွေတွေ့လို့ ပြင်လိုက်ပါတယ်။ ကျေးဇူး။ သူထောက်ပြတာအပြင် ထပ်တွေ့သေးတာ။ အခုတော့ ပိုချောသွားပြီ။ ပိုစားကောင်းမည်။)
စောစောက ပိတ်စွယ်သတ်ပုံကို ပြင်ပေးလိုက်တယ်။ အခု ပိတ်စွယ်အကြောင်း လိုက်ရှာတော့ တွေ့တယ်။ 
ပိတ်စွယ် (ရှင်မွှေးလွန်း၊ ဆီမီးတိုင်)
Typha angustifolia L., 
Family: Typhaceae
Local name: Shin mwe lon; Paik swe 
English name: Reed mace lesser bulrush, 
narrowleaf cattail or lesser reedmace
အခုလဟာ ပိတ်စွယ်လေးတွေကို ဈေးမှာ ပေါပေါများ ဝယ်လို့ရသော အချိန်ပါ။ ပိတ်စွယ်လို့လည်းခေါ်သလို တခါတရံ ရှင်မွှေးလွန်းလည်း ခေါ်ပါတယ်။ ရန်ကုန်ဖက်က ဂုံမင်း နဲ့ရောပြီးခေါ်ကြပြန်တယ်။ ဒါပေမဲ့တခြားစီပါ။ ဒီမုံရွာမှာ ပိတ်စွယ်ကို ဘယ်လိုချက်စားတယ်မသိရပေမည့် ပိတ်စွယ်မြင်တိုင်း မန္တလေးက ခိုတောင်မုန့်တီကို သတိရမိတယ်။ ခ်ိုတောင်မုန့်တီဆိုတာ မင်းကွန်းအနီးမှာရှိတဲ့ ခိုတောင်ရွာက လာတဲ့ မုန့်တီဖြစ်တယ်။ ဆီနီ ဆီဝါ ငရုတ်သီးမှုန့်ပဲမှုန် အနည်းငယ်၊ ရေနွေးဖြောထားသော ပဲပင်ပေါက်ပြုတ်၊ ပဲသီးပြုတ်၊ မျှင်နေအောင် လှီးထားတဲ့ ဂေါ်ဖီထုပ်တွေကို ဇလုံကြီးတခုထဲမှာ လုံးကာ နယ်ပေးရင်းသုပ်ထားတဲ့ မုန့်တီဖြစ်တယ်။ သာမာန်မုန့်တီလို ကိုယ်က နယ်ရတာမဟုတ်ဖူး၊ နယ်လိုက် အရသာ မြည်းလိုက်နဲ့ အလုပ်များနေသော မုန့်တီသယ်ဟန်က တမျိုးထူးလှတယ်၊ နယ်ပြီးသား ခိုတောင်မုန့်တီကို စိတ်ရှည်ရှည်ထားကာ စောင့်စားရတယ်။ ဒါကိုက ဖီလင်တမျိုးပါ၊ ဗယာကြော် ပဲကပ်ကြော် ငါးဖယ်တွေနဲ့ရနိုင်ပြီး ဟင်းချိုကတော့ ပိတ်စွယ်ဟင်းရည်လေးနဲ့ဆိုရင် စားရတာ မြိန်လှပါတယ်။ အသားမပါဘဲ အရသာရှိလှသော ဒေသထွက် မုန့်တီပါ။ ခိုတောင်မုန့်တီကို ပိုမို အရသာ ရှိအောင် ပံ့ပိုးပေးတာကတော့ ပိတ်စွယ်ဟင်းချိုဖြစ်တယ်။ ဒီဟင်းချိုသာ မပါရင် ခိုတောင်မုန့်တီလို့ မခေါ်နိုင်ပါဘူး။ ခတ်စွေစွေစောင်းစောင်း လေးလှီးထားသော အဖြူရောင် ပိတ်စွယ်ဖတ်လေးတွေက ဟင်းရေ အပေါ်မှာ ပေါလော ပေါ်နေကြတယ်။ ပုစွန်ခြောက်ဖတ်လေးတွေနဲ့လုပ်ထားသော ပိတ်စွယ်ဟင်းရေပူပူကကို သောက်လိုက်ရင်ဘဲ သင်းပျံ့ပျံ့ရနံ့စူးရှရှ အရသာရပြီး မန်းဆန်သော အညာအရသာကို ခံစားရတယ် (အမယ် မုံရွာမှာတော့ ဆိပ်ဖူးဟင်းရေက နံမည်ကြီးတယ်) ကျနော်ကတော့ စားပြီးသား မုန့်တီပန်းကန်ထဲကို ပိတ်စွယ် ဟင်းချိုလေး အဆစ်ထပ်တောင်းပြီး သောက်လိုက်ရမှ ကျေနပ်တယ်။ ပန်းကန်လည်း ဆေးပြီးသားဖြစ်တာပေါ့၊ ခိုတောင်မုန့်တီသည်လေးတွေက လမ်းဘေး အရိပ်အာဝါသ ကောင်းသောနေရာမှာရောင်းကြတယ်။ မန္တလေးသားမှန်ရင် ခိုတောင် ဘယ်နေရာရောင်းတယ်ဆိုတာ သိကြတယ်၊ ရောက်အောင်သွားပြီးစားကြတယ်။ 
နောက်တမျိုးက ပိတ်စွယ်နုနုလေးတွေကို ကြာဆန်ဟင်းခါးထဲထည့်ပြီးစားကြတယ်၊ မှိုခြောက်ပန်းခြာက် ကြက်သားနဲ့ ပိတ်စွယ်က လိုက်ဖက်လှ တယ်။ ပိတ်စွယ် နုနုလေးတွေကို ငရုတ်သီးစိမ်း ပုဇွန်ခြောက်နဲ့ ငပိလေးထည့် ဆီသတ်ပြီး ကြော်စားကြတယ်။ တချို့ကတော့ အခုအချိန် လှိုင်လှိုင်ပေါ်နေတဲ့ ဆူးပုပ်ရွက်လေးနဲ့ ရောပြီး ကြော်စားကြတယ်။ ဒါလည်း တမျိုးအရသာရှိပြန်တယ်။ ပိတ်စွယ်ကို ကင်မွန်းချဉ်၊ ဒန့်သလွန်သီးခြစ်၊ အညာငြုပ်သီးနဲ့ အချဉ်ဟင်းချက်ပြီးလည်းစားကြတယ် (Ericmoon)၊ တချို့ကျတော့ မျှစ်ကြော်သလို ကြော်စားကြတယ်၊ မျှစ်နဲ့ မတည့်သူတွေအတွက် အကောင်းဆုံးအစားအစာပါဘဲ၊ ပိတ်စွယ်ကို အချဉ်တည်ထားပြီး ပိတ်စွယ်ချဉ် လုပ်ရောင်းတာလည်းရှိပါတယ်၊ တာရှည်အထားခံသော ဒေသ အစားအစာ တမျိုးဖြစ်တယ်။ ပိတ်စွယ်ကို ဆီဆား နဲ့ လုံး ကြိုက်တတ်ရင် ငါးပိနဲနဲထည့် မီးဖိုကချကာနီး မန်ကျည်းသီး အမှည့်အရည်လေးနည်းနည်းလောင်ပြီး ဆီပြန်အောင်ထားချက်ရင် ဆွေမျိုးမေ့လောက်သော ဟင်းကိုရမှာပါ။ ရေးရင်း ဗိုက်ဆာလာဘီ။ ပိတ်စွယ်အပင်ဆိုတာ ဘယ်လိုအပင်လဲ။ ဒါဆို ပိတ်စွယ်ကို ဘယ်လို အပင်ကနေ ရတာလဲ မေးစရာပါ၊ ပိတ်စွယ်ဟာ ဂုံမင်း အပင်လို မြေအောက်ပင်စည်ပါသော နှစ်ရှည်ခံ Perennial, rhizomatous herbs ပင်ပျော့တမျိုး ဖြစ်တယ်။ ဒါပေမဲ့ မျိုးရင်းမတူပါဘူး၊ ပိတ်စွယ်က Family: Typhaceae ထဲမှာပါသော အပင်တွေဖြစ်ပြီး ရေစပ်စပ်နေရာမျိုးမှာသာ တွေ့ရတတ်တယ်။ ပိတ်စွယ် ၂ မျိုးရှိတယ် T. angustifolia နှင့် T. latifolia တို့ဖြစ်ကြတယ်။ T. latifolia က ရွက်ပြားပိုကျယ်တယ်၊ ပန်းခိုင်မှာ အဖိုပွင့် အပိုင်းနဲ့ အမပွင့်အပိုင်း ၂ ခုက သိသိသာသာ ကွဲနေတယ်၊ ကျန်တာတွေက အတူတူပါဘဲ၊ T. angustifolia အပင်၏ မြေအောက်ပင်စည် rhizome တွေက အဖြူရောင်ဖြစ်ပြီး ထင်ရှားသော cataphylls နှင့် ဖုံးအုပ်ထားတယ်။ အရွက်များက ရွက်ထီး Leaves simple နှစ်တန်းပြိုင် distichous ရွက်စွယ်မဲ့ exstipulate ရွက်ညှာမရှိ sessile ဖြစ်တယ်။ ရွက်ပြား blades တွေက သေးသွယ်သော linear ပုံစံရှိကြတယ်။ အခြေမှာ ရွက်အိမ်ပါပြီး auriculate ပုံစံဖြစ်တယ်။ ပိတ်စွယ်ပင်မှာ အထင်ရှားဆုံးကတော့ အညိုရောင် ဆလင်ဒါပုံစံ ပန်းခိုင်ကြီးတွေ ဖြစ်တယ်။ July to December အထိဖူးပွင့်ကြတယ်။ အမြဲတန်း ထိပ်ကနေထွက်သော cylindrical spike ဆလင်ဒါပုံစံ စပိုက် ပန်းခိုင်ကြီးဖြစ်တယ်။ ပန်းခိုင်ကြီးမှာ လိင်မစုံသော ပန်းများသာပါတယ်၊ ပန်းခိုင်အဖျားဖက်မှာ အဖိုပွင့်များ staminate flowers ရှိနေပြီး အောက်ဖက်မှာ အမပွင့်များ pistillate flowers ရှိနေပါတယ်။ ပန်းလေးတွေက လိင်မစုံ ၂ ချမ်းညီ zygomorphic ၃ အင်္ဂါဆ trimerous အထက်တည်မှ hypogynous အညိုရောင်ဖြော့ဖြော့အရောင် pale brown ရှိပါတယ်။ ပွင့်ရွက် ၃ ခု Perianth 3 ဇွန်းပုံစံ spathulate ရှိကြတယ်။ အဖိုပွင့်မှာ ဝတ်ဆံဖို stamens ၂ ခု ၃ ခု ပါပြီး narrowly spathulate hairs များနဲ့ရောလို့နေတယ်။ အမပွင့်မှာ အမြင့်အစေ့အိမ် ovary superior လွန်းပုံစံ fusiform ဖြစ်ကာ တွဲလျားကျနေသော အစေ့လောင်း solitary pendulous ovule ဟာ အစေ့အိမ်ခန်းထဲမှာရှိတယ်။ အသီးတွေက လွန်းဆံပုံစံ fusiform အညိုရောင် အမွေးများ brown hairsနှင့် ဖုံးထားတယ်။ အသီးခွံ pericarp က membranous ပုံစံရှိကြတယ်။ 
ပိတ်စွယ်ပင်တွေက အပွားမြန်ပါတယ်။ မြေအောက်ပင်စည်ရှိတာကြောင့်လည်း တော်ရုံနံ့ မသေပါဘူး။ တခါတလေ ကမ်းနဘေးတခုလုံး သူတို့ ချည့်သာဖြစ်သွားပါတယ်။ မနက်က ဈေးရောက်တော့ ပိတ်စွယ်တွေ မြင်ရင်း ရေးလိုက်တာပါ။ ရုက္ခဗေဒယူထားသော သားတွေ သမီးတွေအတွက် ဗဟုသုတရစရာအဖြစ် ပြန်တင်ပေးလိုက်တယ်။ ကျောင်းလည်း ၃ ရက်ပိတ်တာမို့ မန်းလေးပြန်ပြီး ပိတ်စွယ်ဟင်းချိုလေးနဲ့ ခိုတောင်မုန့်တီလေးများ စားရရင်တော့ စိတ်ကူးကြည့်တာပါလေ။ သတိ ပိတ်စွယ်ပင်တွေက မုံရွာတက္ကသိုလ်ထဲမှာ အများကြီးရှိတယ်၊ အဝေးကြီးထွက်မရှာနဲ့ဦး၊ ပါချုပ်အိမ်ဘေးမှာ ပိတ်စွယ်ပင်တွေ တပုံတပင်ပါ (သက်နိုင်ဦး မုံရွာတက္ကသိုလ် ကျေးဇူး။)
ပ​လောက်​ကောက်သီးလို့​ညောင်​ရွှေက​ခေါ်သလိုအင်း​လေးက(ပုတ်ဆီး)လို့​ခေါ်ပါတယ်ရှင်၊
ကျွန်တော် အတော်ငယ်ငယ်က ပုလဲမြို့နယ် ဇာတိမင်းရွာကို နွေရာသီတိုင်းမှာ ရွာပြန်ပြီး ဆော့ကစားတယ်။ တခါတခါ ရွာ့မြောက်နားက ရေအိုင်ရှိရာကို ရောက်တယ်။ ၅ နှစ်သားမှာ မြို့သားဖြစ်သွားတဲ့ ကျွန်တော်က ဘယ်သိမလဲ။ ပိတ်စွယ်တွေတွေ့တော့ မေးယူရတယ်။ ချိုးယူခဲ့ကြတယ်။ အမျိုးအိမ်က ချက်ကျွေးတယ်။ ကောင်းတယ်။ အသက်ကြီးတဲ့အထိ မသိတာတွေ အများကြီး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

မုန့် နဲ့ မုံ့

မင်္ဂလာပါဆရာ ထိုးမုံ့ကအမှန်လား ထိုးမုန့်ကအမှန်လား တကယ်မသိလို့မေးတာပါ ဖြေပေးပါနော်  ၁။ ဆရာ မုန့်ဖိုး ကအမှန်မဟုတ်ဘူးလား။ ‌ဆရာရေးထားတဲ့ မုံ့ဘိုးက မှားနေပါတယ်။ - သွေးသောက်အယ်ဒီတာ၏ အမှာ တင်ပြထားပါတယ်။ ၂။ မုန့် နဲ့ မုံ့ ရဲ့ ကွာခြားပုံလေးကို ကျေးဇူးပြု၍ ခွဲခြားပြသပေးပါခင်ဗျ။ အများရေးတာတွေ့နေရတာကတော့ မုန့် လို့အများဆုံးတွေ့ရလို့ပါ။သိမှတ်စရာကောင်းနေပါတယ်ရှင်းပြပေးစေချင်ပါတယ်။ ၃။ မုန့် လို့သာ သင်ခဲ့ရလို့ပါ ဆရာ ၄။ အခုမှ သိတယ် ဆရာ ကျေးဇူးပါ ဆရာ တသက်လုံး အမှား အမှန် ပြင်ရပြီ ၅။ ကျနော်လည်း မုန့် က အမှန်ထင်နေတာ မဟုတ်ဘူးလားဗျ။ ၆။ မုန့်ဖက်ထုပ် ဘာဟာက အမှန်လဲ ဆရာ။ ၇။ မုံ့ လား မုန့် လား။ ၈။ မုံ့ဆိုတာ သတိမထားမိခဲ့ဘူး။ မုန့်မှတ်နေတာဆရာ မြန်မာစာသတ်ပုံမှာ မုန့်လို့ မရှိခဲ့ပါ။ အစီအစဉ်မှာ မုံ - မုံ့ - မုံး - မုန် - မုန်း -မိုး - မိုရ် - မို့ - မိုး - မိုဃ်း လို့သာရှိတယ်။ ကဝိဓဇသတ်ပုံကျမ်းမှာ မုံ့ = စားသောမုံ့၊ မုံ့မျိုးစုံလို့ရေးတယ်။ ဧကန်သာတမုံ့၊ နေသည်တမုံ့၊ ပြုသည်တမုံ့တွေကတော့ အသုံးနည်းလာတဲ့စာလုံးတွေဖြစ်ပါတယ်။ နောက်ထုတ်သတ်ပုံစာအုပ်တွေမှာ မုန့် လို့သာတွေ့နိုင်ကြပါမယ်။ မြန်မာ့စွယ်စုံကျမ်းမှာ မုံ့ လို့သာသုံးပါ...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟု...