ဦးဘသန်း (ဓမ္မိက) ကနေ ဘာသာပြန်တော့ ယောနသံဇင်ယော် လို့အမည်ပေးပါတယ်။ စာဖတ်သူတွေ နှစ်သက်ကြတယ်။ မဖတ်ရသေးခင်နဲ့ မဖတ်ဖူးသူတွေက ဘာလဲမသိ။ ပါဠိစာလုံးလို့ ထင်မှတ်တွေးမိကြပါမယ်။ ကျွန်တော်လည်းပါတယ်။
Richard Bach ရေးသားတဲ့နာမည်ကျော်စာအုပ်ဖြစ်ပါတယ်။ စိတ်ကူးယဉ်စာအုပ်။ ၁၉၆၀ ကျော်မှာ အခန်းဆက် ရေးရာကနေ ၁၉၇၀ မှာ စာအုပ်ဖြစ်လာတယ်။ ဘက်စ်ဆဲလားဖြစ်တယ်။ အခန်း ၁ ကနေ ၄ အထိပါတယ်။
အမည်ပေးထားတဲ့ စင်ရော်ငှက်လေးဟာ နေ့စဉ်နေ့တိုင်း အစာရှာနေရတဲ့ ဘဝကို ငြီးငွေ့လာပြီး၊ အတွေးနယ်ချဲ့ပါတယ်။ သူ့ကိုယ်သူ အဆင်းရဲအပင်ပန်းခံပြီး ကြိုစားတယ်။ အစွမ်းအစသစ်တွေ ရလာပြီး၊ ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ဘဝကို ပိုင်ဆိုင်လာပါတော့တယ်။
စာအုပ်ပါဇာတ်လမ်းဇာတ်ကွက်ကို ရေးလိုတာ မဟုတ်ပါ။ ဘာသာခြားစာတွေကို မြန်မာမှုပြုတာမှာ မဖတ်ခင် အလွဲတွေတွေး ထင်စေတတ်တဲ့ ဥပမာတခုကို တင်ပြလိုတာပါ။ ဂျတ်ဆန်ကို ယုဒသန်လို့ပြန်တယ်။ တချို့က ယုဒဿန်လုပ်တယ်။ ဂရိ ရှေးဟောင်းကဗျာရှည်ကြီးထဲက အမည်တွေကို အဆင့်စာလုံးတွေ ပါဠိစာလုံးတွေထည့်ပြီး ဘာသာပြန်တော့ ခန့်သလိုလို၊ နန်းဆန်သလိုလို။ ကျွန်တော်က တယ်မကြိုက်ပါ။
ရာမဇာတ်လည်း သည်လိုပဲ။ မကြိုက်လှပါ။ အနုပညာလက်ရာအနေနဲ့တော့ တန်ဖိုးရှိပါတယ်။ လေ့လာအား မသန်သူတွေက များတော့ ကြာတော့ သူများဟာတွေကို ကိုယ့်စာထင်သူတွေများလာတယ်။ ကိုယ်ပိုင်တန်ဖိုးတွေ ရေရောခံရတယ်လို့ ထင်တယ်။
စံကိုက်သတ်ပုံအရ စင်ရော်လို့ရေးပါတယ်။ ဇင်ယော်နဲ့ရော စင်ရော်နဲ့ပါ နောက်ထုတ်စာအုပ်တွေ ထွက်ထားတယ်။ အဲတာမျိုးလည်း မသင့်ပါ။
ဟိုလိုလိုဒီလိုလို သိုက်စာ ဘာသာပြန်တာမျိုးတွေကို ကျွန်တော်က တယ်မကြိုက်ပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment