သျှင်ဥက္ကဋ္ဌရေးတဲ့ လူသေလူဖြစ်အယူအဆအကြောင်း အိုးဝေဦးညိုမြခေတ်က သတ်ပုံကို အကိုးအကားတခု အဖြစ်တင်ပါတယ်။ ကွန်မင့်တွေမှာ စာအုပ်ကိုစိတ်ဝင်စားသူတွေရော မလျှော်မမှန်လို့ ငြင်းဆန်တာတွေပါ တွေ့ရတယ်။ အဲဒါက ကျွန်တော့အအယူအဆ မဟုတ်ပါ။
ကျွန်တော် ပညာရှာသန်တဲ့အရွယ်က စာမျိုးစုံအောင်ဖတ်ခဲ့ဘူးလို့ သျှင်ဥက္ကဋ္ဌစာအုပ်တွေကို ဖတ်ဖြစ်ပါတယ်။ တခြား အငြင်းပွားတရားစာတွေထဲက ကျောက်သင်္ဘောတရားတွေလည်း ဖတ်တယ်။ ဇင်ကိုလည်း ဖတ်တယ်။
ဘာသာရေးဖြစ်ဖြစ်၊ နိုင်ငံရေးဖြစ်ဖြစ်၊ ဖီလော်ဆော်ဖီဖြစ်ဖြစ် ဘယ်စာကိုဖတ်ဖတ် သတိထားစေချင်ပါတယ်။ ကြိုက်တာ၊ မကြိုက်တာ၊ နောက်လိုက်လုပ်တာ၊ ရန်ဖက်ပြုတာမျိုးမှာ မလောကြစေချင်ပါ။
လူတိုင်းမှာ အတွေ့အကြုံရှိကြမှာပါ။ ငယ်စဉ်ကဖတ်ဖူးတဲ့စာကို အရွယ်ရချိန်မှာပြန်ဖတ်တော့ မတူတဲ့အသိမျိုး ရစေတယ်။ ခံစားချက်ကိုပြောတာ မဟုတ်ပါ။ အသိကို ပြောတာ။ ကိုယ်ဖတ်ထားတာ တွေးတော ယူဆထားတာကို ထုတ်ပြောဘို့၊ ခံငြင်းဘို့မှာ သတိထားရင် အမှားနည်းပါလိမ့်မယ်။
အသိရှာတာမှာ အမြဲဖွင့်ထားရတယ်။ ကြိုက်တာရပြီဆိုပြီးလည်း အသေပိတ်မထားသင့်ပါ။ ဒီစာအုပ်ကို ဖတ်ဖူးလို့ ဒီအယူအဆ၊ ဒီဝါဒကိုယူတယ်လို့တော့ မထင်သင့်ပါ။ လက်ဝဲစာတွေလည်း ဖတ်ဖူးပါတယ်။ မြန်မာ့မျက်မှောက်သမိုင်းမှာ လက်ဝဲမပါရင် မပြီးပါ။
တချို့က ၂၀၀၈ ရောက်တော့ ၁၉၈၈ ကဏ္ဍပြီးပြီတဲ့။ ၂၀၁၂-၂၀၁၅ ရောက်တော့ ၁၉၉၀ မရှိတော့ဘူးတဲ့။
ဘာသာရေးမှာ ဗုဒ္ဓဘာသာမဟုတ်တာလည်း အနည်းအကျဉ်း ဖတ်ဘူးတယ်။ ကိုးကွယ်ရာဘာသာအစုံကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာရမယ်လို့တော့ မထင်ပါ။ တချို့က ဘာသာမျိုးစုံကို သိသတဲ့။ အထင်မကြီးပါ။
အမြဲလိမ့်နေတဲ့ကျောက်တုံး ရေညှိမကပ်ဆိုတာရှိတယ်။ လိမ့်နေရင် ပြောင်ချောလာမယ်လို့ ကွန့်တာလည်း ရှိတယ်။
ကျွန်တော်ထင်တာကတော့ အမြဲလိမ့်နေတဲ့ကျောက်တုံး ပွန်းပဲ့တာလည်းရှိမယ်။ အဲလိုကျောက်တုံး နောက်ဆုံးမှာ ပင်လယ်ထဲနစ်သွားမယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment