Skip to main content

တိမ်ခိုးငယ်မှဝေဝေ အိုင်ချင်း

ခင်ဆွေဦးရေးတဲ့ ဝါဆိုဦးကပန်ဖူးတယ် စကားစုဟာ ဒီကနေလာပါတယ်။

(အမည်မသိ ရှေးစာဆို)

(၁) သူငယ်ချင်း ငယ်ကောင်း၊ ယောက်မတို့လေ။

တိမ်ခိုးငယ်မှဝေဝေ၊ နှောပင်ကြီး၊ နှောသီးကြွေ၊ လေပွေတိုက်လို့ ဝဲတတ်တယ်။ ။ ဥသျှစ်သီး၊ မြေကြီးမှာမြှုပ်၊ ပြာဖုံးအုပ်လို့ မီးဖုတ်လိုက်ရင်၊ သီးဖော်ရယ်မှသီးဖက်၊ အပင်ထက်မှာ တက်တက်စင်၊ မီးကင်သည့်နှယ် ကွဲတတ်တယ်။ စနေဂြိုလ်စား၊ ကြိမ်ခိုက်များမှာ၊ ချရားသစ်ပင်၊ အိမ်လှေကားတွင်၊ စိုက်ထားလျှင်မူ၊ အင်ခွင်ဥစ္စာ နည်းတတ်တယ်။ တံစက်ရေနှင့်၊ တွင်းရေမတူ၊ ရေခမိုး၊ ရေးချိုးသူ၊ ညှင်းဖြူးပြိုးပြောက် စွဲတတ်တယ်။ ပဝါပြောက်၊ အထောက်ကယ်မှမတန်၊ မျက်နှာသစ်လို့၊ အညစ်ခံ၊ ဝက်ခြံမှည့်လို့ မည်းတတ်တယ်။ သနပ်ခါး၊ ကျောက်ပြားပေါ်တွင်၊ သောက်ရေဧနှင့် ရောသွေးလာလျှင်၊ နံ့သာအပေါ်ကျဲတတ်တယ်။ မိုးချုပ်ကယ်မှနေဝင်၊ စားဖိုထဲ အမဲကင်၊ စုန်းမှင်နတ်တို့ ရဲတတ်တယ်။ ပန်းနီနီ မပန်လေနှင့်၊ အမယ်မှာ နတ်ပန်းပွင့်တဲ့။ အတင့်ငယ်မှရဲချင်၊ ပျော်လိုအားနှင့် ခေါင်းဖျားတင်၊ အလျင်လူနှင့် လွဲတတ်တယ်။

မိဘဘိုးဘွား၊ ဆိုစကားကို၊ နားမျှမဝင်၊ ထီမထင်ဘဲ၊ ကြို့ပင်ကြီးမြောက်၊ ပိတောက်ပင်တောင်၊ ညောင်ပင်ကြီးရင်း၊ ကောက်စိုက်ကယ်ပြန်၊ ထိန်ကန်တွင်းမှာ၊ လာရင်းမျက်မြင်၊ နေမလှန်းတဲ့ ပန်းလွင်လွင်ကို၊ ရွှင်လိုမြူးလို၊ ကစားလို၍၊ ဝါဆိုဦးက ပန်ဖူးတယ်။ အမယ်မင်းဖြစ်ရလေခြင်း။ ရင်းမာရယ်ပေါ်၊ တော်သလင်းနှင့်၊ မိုးတွင်ဝါဝင်၊ ထိုဆောင်းဦးသို့၊ မကူးခင်က၊ အလျင်လူနှင့် ကွဲရတယ်ရှင်။ အပျိုစင်ငယ်က ကျွမ်းပါတဲ့၊ လွမ်းတုံ့တင်လေး။

(၂) သူငယ်ချင်း ငယ်ကောင်း၊ ယောက်မတို့တော်။

မဲလည်ပင်နှင့် ဒန်းပင်နွဲ့နောင်း၊ ယှက်ကာငယ်ပေါင်း၊ ကင်းကြောင်းဆိပ်တွင်၊ ထိုးဝါးငယ်ဝယ်၊ တကယ်စုန်ဖြစ်မလားတော်။ စုန်မယ်ဆို စုန်မယ့်ရက်၊ ဆက်ဆက်စုန်၊ တီးသည့်စောင့်နှင့် လောင်းသည့်ကြက်ကို ပိုက်လို့ငယ်ငို၊ မောင့်ကိုကုန်သွားတဲ့သလားတော်။ ဆီကိုဆယ့်လေး၊ ဆေးကိုဆယ့်ငါး၊ ကုန်စျေးငယ်နာ၊ ကြာသနှင့်တော်။ ပဲခူးသို့အဝင်၊ သန်လျင်သို့အဆိုက်၊ ပျို့မောင်ရင် ခြင်ပုန်းကိုက်လို့၊ ခြင်ထောင်မပါ၊ လေမလာ၊ မယ်သာဖျတ်ဖျတ်၊ တရုတ်ယပ်နှင့်၊ ဖျတ်ဖျတ်လူးအောင် မရိုက်ပါရ။ မောင်ကလေးအောက်သို့စုန် ရွှေဂုန်ကျွန်း ဝေးလွန်းလှတော်။

(၃) သူငယ်ချင်း ငယ်ကောင်း၊ ယောက်မတို့ရှင်။

မိကိုလွမ်းလည်း၊ သောက်တော်ရေချမ်း၊ စားတော်ကွမ်းနှင့်၊ သွန်းတဲ့ညောင်ရေ၊ ပန်းသပြေနှင့်၊ ပြေဖူးငဲ့ရှင်။ ဖကိုလွမ်းလည်း၊ သောက်တော်ရေချမ်း၊ စားတော်ကွမ်းနှင့်၊ သွန်းတဲ့ညောင်ရေ၊ ပန်းသပြေနှင့်၊ ပြေဖူးငဲ့ရှင်။ မောင်ကလေး မောင့်ကိုလွမ်းတော့၊ သောက်တော်ရေချမ်း၊ စားတော်ကွမ်းနှင့်၊ သွန်းတဲ့ညောင်ရေ၊ ပန်းသပြေနှင့်၊ မပြေပါလို။ သောက်တော်ရေအိုး၊ ကျွမ်းထိုးကောင်နှယ်၊ အပျိုဖြူငယ် နှမမှာလ ကြုံရတယ်ရှင်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ