သည်ကမ်းယံ စေတီဦးဆီသို့
ဖူးမျှော်ရန် ရောက်လာရင်းပေလာ့
ဘော အိုအချင်း လှိုင်းကလေး သင်။
ကမ်းရောက်ပြန်တော့
တဖြောက်မည်သံကျူ၍
နကိုယ်မူ စွန့်ကာပစ်ပါလို့
မူသစ် တဆင်ခြယ်၍
ပြင်ကျယ်ကျယ် ပင်လယ်စခန်းဆီသို့
မြန်းကြွမည့်သွင်။
ဘယ်ဒေသဆီက
သင်ကြွကာ သည်ကိုလာ၍
ဘယ်နေရာ ဘယ်ဆိပ်ကမ်းဆီသို့
မြန်းမယ်လို့ သင်ဟန်ပြင်
ကြံချင်ဘု သည်အရေး။
သို့တကဲ
စိတ်ထဲ ငါဆင်ခြင်ခဲ့
သင်လာစဉ် ပင်လယ်ကမ်းမှာဖြင့်
မုန်တိုင်းလေ လှိုင်းရေကြမ်းသော်ကြောင့်
ပန်းခဲ့သူ ဇင်ယော်ငှက်ကိုလ
ကျောထက်ဝယ် ဆောင်ယူသယ်၍
ဖောင်သဖွယ် သင်ကူမတယ်လို့
တွေးဆကာ သည်အလွမ်းရယ်နဲ့
ဝမ်းမြောက်တယ်လေး။ (၁၉၃၁ ဇော်ဂျီ)
ဆရာဇော်ဂျီရဲ့ကဗျာတွေ တင်ကြတာ သတ်ပုံမှန်တာက အတော်ရှားတယ်။ ကျွန်တော့လက်ထဲမှာ မူရင်းစာအုပ် တချို့ရှိတယ်။ ကဗျာဂရုတခုမှာ စာရိုက်သူက သတ်ပုံတွေကို ပြင်ထားတယ်။ တစ်လုပ်ထားတယ်။ စင်ရော်လုပ်ထားတယ်။ မျှော်လည်းပြင်ထားတယ်။ မလုပ်ကောင်းလို့ ထင်ပါတယ်။ ကိုယ်တတ်ရင် ကိုယ့်သတ်ပုံနဲ့ရေးပေါ့။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment