(ပါမောက္ခဦးအေးမောင် ပြုစုသော ကဗျာ့ပန်းကုံးမှ)
နွေဦးကာလ၊ မြူထသော့ခါ၊
ရင်းထောင်ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ။
ဓါးနှီးထက်စွာ၊ ခါးမှာချပ်လျက်။
ထန်းဖွင့်ထန်းကိုင်၊ ရွှန်းမြိုင်မြိုင်၊
ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။ ။
ထန်းပင်ထန်းလက်၊ ထန်းရွက်ကယ်ဝေဝေ။
စင်အောင်ခုတ်ထစ်၊ နုမျစ်ကယ် ထန်းဦးရေ။
မယားငယ်ဆွေ၊ ထန်းရေသိမ်းဆည်း၊
သားမြေးဟစ်ကြော်၊ ခွေးဝက်ကယ်ခေါ်၊
ထန်းရှော်သာ ယုန်ပိုက်စည်းငယ်နှင့်လေး။ ။
ခေါ်သံရိုက်ဟည်း၊ လူလည်းကြော်ငြာ။
ခွေးဟစ်လူဟစ်၊ ခတ်ပစ်ကယ်ချောက်သော့ခါ။
ပတတ်ယုန်ခါ၊ တောမှာရှိကြ။
ငုံးကြက်ကယ်ဖွတ်မြွေ၊ ဝံပုလွေ၊
မနေထွက် လာကြသည်တည့်လေး။
ဝမ်းသာအားရ၊ မယားကတသွယ်။
ဟင်းရွက်ဆိုးကောင်း၊ သောင်းပြောင်းရော၍လွယ်။
လင်ကတသွယ်၊ ယုန်ငယ်ကစ။
တောသတ္တဝါ၊ တွေ့တိုင်းကိုသာ၊
အိတ်မှာသာယူ၍ ချသည်နှင့်လေး။ ။
သို့နှင့်ရောက်က၊ ခဏအောင့်လျှင်၊
တံစို့ထက်နှင့်၊ ထန်းလျက်ဖိုမှာကင်။
ဟင်းအိုးဆူလျှင်၊ အကင်ခတ်ပြီး။
အိုးခင်းနှင့်လှော်၊ ရေနှင့်ကြော်၊
မိုးမျှော်ငရုတ်သီးငယ်နှင့်လေး။ ။
နှီးဒေါင်းလန်းကြီး၊ ခူးပြီးသော့ခါ။
သ္မီးနှင့်သား၊ များလို့မဝင်သာ။
ဒူးတဘက်ဟာ၊ တွန်းကာဖယ်လျက်။
သူ့ထက်ငါလေ၊ စားတော့မည်စေ၊
စားပေသာလှ-အုန်းခွက် ကယ်နှင့်လေး။ ။
ငုံ့လျက် ကိုယ်စီသာ၊ ဆုပ်ကာ လွေးတော့သည်။
ပြီးလျှင်ရေမရှာ ခွေးသာကျွေးတော့သည်။ ။ (ဝန်ကြီးပဒေသရာဇာ)
မူကွဲ မူလွဲတွေ ရှိတယ်။ သ္မီးလည်း မှန်တယ်။ မြမ္မာလည်း မှန်တယ်။
ခုခေတ် မြန်မာစာဆရာကြီးတွေက ဓါးလို့ရေးတာ မှားသတဲ့။
စာလုံးပေါင်းသတ်ပုံတွေကို ပြင်ကြသူတွေဟာ 'ပါမောက္ခဦးအေးမောင်' ထက် မြန်မာစာတော်ကြတယ်လို့ မထင်ပါ။ ကန်တော့ + ဆောရီး။
ပါမောက္ခ 'ဦးဧမောင်' လို့လည်း တွေရပါတယ်။
ဦးဧမောင် (၁၉ဝ၅-၁၉၈၅) သည် စာရေးဆရာ၊ ပါမောက္ခ ဆရာတဦး ဖြစ်ပြီး ခေတ်စမ်းစာပေကို ဦးဆောင်ခဲ့သူများအနက် တဦးဖြစ်သည့်အပြင်၊ ကျောင်းသုံးစကားပြေနှင့် မြန်မာသဒ္ဒါသစ် တို့ကို ဦးစီးပြုစုခဲ့သူ ဖြစ်သည်။ ၁၉၃၀ ခုနှစ်ဝန်းကျင် ခေတ်စမ်းစာပေလှုပ်ရှားမှုတွင် ဇော်ဂျီ၊ သိပ္ပံမောင်ဝ၊ မင်းသုဝဏ်၊ မောင်ထင်၊ မောင်သုတ၊ ကုသနှင့် ဦးဧမောင် တို့ ဦးဆောင်ပါဝင်ကြသည်။
ဒေါက်တာတင့်ဆွေ
.jpg)
Comments
Post a Comment