Skip to main content

ပညာရပ်ဝေါဟာရများ အဘိဓာန်

နိဒါန်းစာ (မင်းသုဝဏ်)

 ဤအတွဲတွင် ပါဝင်သော ဝေါဟာရများသည် တက္ကသိုလ် အသီးသီးမှ ပညာရှင်များ၊ ပြင်ပပညာရှင်များ စုဝေးညှိနှိုင်းကြကာ ပြုစုထားသည့် ဝေါဟာရများ ဖြစ်ပါသည်။ ဤဝေါဟာရများကို အောက်ပါဝေါဟာရညှိမူ ၁၂ ချက်နှင့် ညှိနှိုင်း၍ ပြုစုခဲ့ပါသည်။ မူ ၁၂-ချက်သည် အောက်ပါအတိုင်း ဖြစ်သည်။

အနက်ပြန်ခြင်း။

၁။ အနက်ပြန်သော ကိစ္စ၌ မြန်မာလို ပြောဆိုရိုးဖြစ်သော စကားရှိလျှင် ထိုစကားမျိုးကို သုံးသင့်သည်။

၂။ မျိုးခြားဝေါဟာရတခုအတွက် မြန်မာဝေါဟာရတခုကို ပြုရာတွင် ထိုမျိုးခြားဝေါဟာရ ၏ အဓိပ္ပာယ်တို့ကို အစုံပါစေလိုသော ဆန္ဒဖြင့် ပြုသောအခါ တခါတရံ မြန်မာမဆံခြင်း သော်လည်း ကောင်း ဆို၍မကောင်းခြင်း သော်လည်းကောင်း ဖြစ်တန်ရာသည်။ ထိုအခါမျိုးတွင် အရေးအကြီး ဆုံးဖြစ်သော အဓိပ္ပာယ် တခု နှစ်ခုလောက်ကို

သင့်တော်အောင် ပေါင်းစပ်၍ မြန်မာဝေါဟာရ ပြုသင့်သည်။

 (နောင်တနေ့တွင် ဝေါဟာရအဘိဓာန် စီရင်နိုင်လာသောအခါ ထိုစကားမျိုးအတွက် အသေးစိတ် အနက်ဖွင့်ရန် လိုပါလိမ့်မည်။)

၃။ အနက်ပြန်ဝေါဟာရတခုသည် သုံးရိုးစွဲရိုးဖြစ်၍ ထိုဝေါဟာရကို လက်ခံခဲ့ကြပြီးဖြစ်လျှင် လက်ခံခဲ့ကြသည့်အတိုင်း ထားရှိသင့်သည်။ သို့ရာတွင် ခြွင်းချက်လည်း ရှိသင့်သည်။

အသံလှယ်ခြင်း။

၄။ အသံလှယ်ရာ၌ သာမန်အားဖြင့် အင်္ဂလိပ်အသံထွက်ကို လှယ်သင့်ပါသည်။ (Daniel Jones ၏ English Pronouncing Dictionary ကို သုံးသင့်သည်။) သို့ရာတွင် ခြွင်းချက်လည်း ရှိသင့်သည်။

၅။ မြန်မာ့နှုတ် အာ လျာတို့ဖြင့် ဆို၍ကောင်းအောင် သို့မဟုတ် မြန်မာ့နားဖြင့် ကြား၍ကောင်းအောင် အသံလှယ်သင့်သည်။

၆။ သာမန်အားဖြင့် မျိုးခြားဝေါဟာရရှိ အဆုံးသတ်အသံအတိုင်း အသံလှယ်သင့်သည်။ သို့ရာတွင် အသံထွက်တူ၍ အနက်ကွဲပြားနေလျှင် ကွဲပြားချက် ထင်ရှားအောင် ပြုပြင်သင့်သည်။

၇။ အသံလှယ်ဝေါဟာရတခုသည် သုံးစွဲရိုးဖြစ်၍ ထိုဝေါဟာရကို လက်ခံခဲ့ကြပြီးဖြစ်လျှင် လက်ခံခဲ့ကြသည့်အတိုင်း ထားရှိသင့်သည်။ သို့ရာတွင် ခြွင်းချက်လည်း ရှိသင့်သည်။

အထွေထွေ။

၈။ ဝေါဟာရသည် သိလွယ်သောဝေါဟာရ ဖြစ်သင့်သည်။ကြားရုံမျှဖြင့် နားလည်သင့်သည်။

၉။ သင့်တော်သည်ထင်မြင်လျှင် အရပ်သုံးစကားကိုပင် လက်ခံသင့်သည်။

၁၀။ မျိုးခြားဝေါဟာရတခု၌ ပညာရပ်ကိုလိုက်၍ အဓိပ္ပာယ်တမျိုးစီရှိနေလျှင်

(က) ပညာရပ်အလိုက် အဓိပ္ပာယ်ထွက်သော မြန်မာဝေါဟာရတမျိုးစီရှိသင့်သည်။

သို့မဟုတ်

(ခ) အသံလှယ်သင့်သည်။

သို့မဟုတ်

(ဂ) ထိုမျိုးခြားဝေါဟာရ ပေါ်ထွက်ရာဖြစ်သော အရင်းခံပညာရပ်အလိုက် အနက်ပြန်၍ ဝေါဟာရပြုသင့်သည်။

၁၁။ မျိုးခြားဝေါဟာရတခုအတွက် မြန်မာပြန် ဝေါဟာရနှင့် ပါဠိဝေါဟာရ ရှိနေလျှင် သာမန်အားဖြင့် မြန်မာဝေါဟာရကို ယူသင့်သည်။ မလွှဲမရှောင်သာမှသာလျှင် အသိလွယ်သော ပါဠိ ဝေါဟာရကို လက်ခံသင့်သည်။

၁၂။ မျိုးခြားဝေါဟာရတခုအတွက် အနက်ပြန်ဝေါဟာရသော်လည်းကောင်း အသံလှယ် ဝေါဟာရသော်လည်းကောင်း တလုံးထက်ပို၍ရှိနေလျင် အသင့်တော်ဆုံးဟုထင်ရသော တလုံးကို သာမန်အားဖြင့် ရွေးချယ်သင့်သည်။ သို့ရာတွင် လုံလောက်သောအကြောင်းရှိလျှင် ခြွင်းချက်လည်း ရှိသင့်သည်။

ဝေါဟာရဟူသည် နာမပညတ်မျှသာဖြစ်ရာ နာမပညတ်ကို ကြားသိရုံမျှဖြင့် သက်ဆိုင်ရာ အဓိပ္ပာယ်အလုံးစုံကို သိနိုင်မည်မဟုတ်ပါ။ ဆရာက ရှင်းပြရဦးမည်သာ ဖြစ်ပါသည်။

 ယခုညှိပြီးဝေါဟာရတို့သည် ပြီးပြည့်စုံပြီဟု မယူဆသင့်ပါ။ ထပ်မံပြုပြင်စရာ ဖြည့်စွက်စရာတို့ ရှိနေဦးမည်သာ ဖြစ်ပါသည်။ ထို့ကြောင့် ဤဝေါဟာရများကို သုံးသွားယင်း ပိုမိုကောင်း မွန်သော ဝေါဟာရများ တွေ့ခဲ့သော် တက္ကသိုလ်များအုပ်ချုပ်ရေးရုံး (ဤပုဒ်သည် A-B တွဲတွင်သာ ပါသည်။)၊ တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနသို့ အကြံဉာဏ်ပေးပို့ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့ပေးပို့ကြသည့် အကြံဉာဏ်များအတိုင်း သင့်လျော်သလို ပြုပြင်ဖြည့်စွက်သွားမည်ဖြစ်ပါသည်။ စင်စစ်မှာ ဝေါဟာရ ပြုစုရေးလုပ်ငန်းသည် အစဉ်တစိုက် ဆက်၍လုပ်ရဦးမည့် လုပ်ငန်းသာ ဖြစ်ပါသည်။

 ဝိုင်းဝန်းပြုစုကြသည့် ပညာရှင်အားလုံးကို ကျေးဇူး ဥပကာရ တင်ပါကြောင်း။ (မင်းသုဝဏ်)

 ဆရာကြီးမင်းသုဝဏ် ရေးသားပြီး ဦးနေဝင်း မကြိုက်၍ ထုတ်ဝေခွင့် မရသည့် စာအုပ်နှစ်အုပ်အနက် တအုပ်၏ နိဒါန်းစာ ဖြစ်ပါသည်။ ဤကျမ်းစာအုပ်အထူကို ရေးသားပြီးစီးခဲ့သော်လည်း နောက်တအုပ် (တက္ကသိုလ် မြန်မာ အဘိဓာန်)ကိုကား က-မှ ဆ-အထိသာ ရေးပြီးနောက် ရပ်ထားခဲ့ရသည်။ ထိုအကြောင်းကို ဆရာကြီးမင်းသုဝဏ်က အောက်ပါအတိုင်း ရေးသားခဲ့သည် ဟူ၏။

ဆရာကြီးမင်းသုဝဏ်၏ မှတ်တမ်း-

၁၉၅၂-၁၉၆၄ တွင် အဘိဓာန် ၅-တွဲပြီးတယ်။ ဆလိမ်အထိ ပြီးတယ်။ စာမျက်နှာပေါင်း ၈၅၃၊ အုပ်ရေ တသောင်း။

ပညာရပ်ဝေါဟာရများ A to Z၊ စာမျက်နှာပေါင်း ၁၂၀၂။

တက္ကသိုလ် အဘိဓာန်ကို ကိုယ်တိုင်ပြုစုတယ်။

ပညာရပ်ဝေါဟာရများကို ခေါင်းဆောင်ပြီး ပြုစုတယ်။ ပညာရှင်မျိုးစုံလည်း ပါရဲ့။

လူကြီး မကြိုက် ဆို၍ နှစ်မျိုးစလုံး အသုံးမခံရ။ 

ဝေါဟာရစာအုပ်က စက္ကူကောင်းနဲ့ ပုံနှိပ်ပြီးမှ ပုံထားရတယ်။ အနည်းငယ် အပြင်ကို ပေါက်ထွက်တယ်။ အများသုံးတဲ့ ပညာရပ်ဝေါဟာရများမှာ ယင်းစာအုပ်ထွက်များဟု ပြောကြတယ်။

ပညာရပ်ဝေါဟာရမှာ ကျိုက္ကဆံပြပွဲတွင် တင်ပြရာ လူကြီးသဘောမကျ၍ ထုတ်ဝေခွင့် မပြုတော့။

ဌာနတွင် ကျွန်ုပ်ရှိစဉ်ကတည်းက နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း လုပ်ခဲ့ရသည်။ မသင့်သည်ကိုပြင်၊ လိုသည်ကိုဖြည့် ဆက်လက်လုပ်သွားနိုင်ပါရဲ့။ ယနေ့ထိအောင် ကျွန်ုပ်ကျန်းမာသေးသည်။ ဆက်လက်လုပ်ခဲ့လျှင် ပြီးနိုင်သည်။ Oxford of Dictionary ကို ဤကဲ့သို့ပင် လုပ်သည်။

ငါတို့တိုင်းပြည်တွင်ကား ပညာအင်အားကုန်၊ ပစ္စည်းအင်အား ဆုံးရှုံး၊ စိတ်အင်အား ပျက်ပြားရ၍ ငါတို့၏ ကံကြမ္မာ။

စာမျက်နှာပေါင်း ၁၂၀၀၊ စာတမျက်နှာ ပျမ်းမျှ ကြေးစာလုံး ၆၀၊ ကြေးစာလုံး ၇၂၀၀၀ လောက်ရှိမယ်။ အလဟဿ ဖြစ်ခဲ့ရတယ်။

(မင်းသုဝဏ်။ ဒလဘန်း ရေး`အဘဘဝ၊ အဘအကြောင်း တစေ့တစောင်း' စာအုပ်)

စပ်မိ၍ ပါချုပ်ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ ရေးသည့် `တိပိဋက ပါဠိ-မြန်မာအဘိဓာန်' ကျမ်း နိဒါန်းကိုလည်း ဖတ်ကြည့်ကြစေလိုပါသည်။ စာရှည်တော့မည် ဖြစ်၍ ဤ၌ကား မရေးလိုက်တော့ပါ။

တိပိ-အဘိဓာန် ပြုစုရေး ပညာရှင်အဖွဲ့ကို ဆရာကြီးမင်းသုဝဏ်၏ ဆွေးနွေးချက် အကြံ‌ပေးချက်တို့သည်လည်း မှတ်သားဖွယ် ဖြစ်ပါသတည်း။

ရှေးစာကဗျာများ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ