Skip to main content

ယောမှတ်စု

ကျေးဇူး။ သုတ ရရှိပါသည်။ ကျွန်တော့ဇာတိ၊ ပုလဲမြို့နယ် မင်းရွာမှာ ထမင်းကြမ်းလှုံ့တယ်လို့ ပြောပါတယ်။ စာကို ကူးတင်ပြချင်ပေမဲ့ တဝမ်းပူစသတ်တွေကြောင့် မတင်တော့ပါ။

ယောသူယောသားများပြောသော ယောစကား

ယောစကားပြောပုံကို မလေ့လာမီ ယောသံနှင့်အောက်သံအကြောင်း ပထမရှင်းလင်းရန် လိုအပ်မည်ဖြစ်ပါသည်။

ယောဒေသသည် ပထဝီအနေအထားအရ ဧရာ၀တီမြစ် ဝဲယာ နေထိုင်ကြသည့် မြန်မာများနေထိုင်သော မြေမျက်နှာပြင်ထက် မြင့်ခြင်း၊ အထက်ကျခြင်းကြောင့် မြေပြန့်မှမြန်မာများ ပြောသောစကားသံကို အောက်သံဖြင့်ပြောသည်။ အောက်သံကို တူအောင်ပြု၍ပြောသော (သို့မဟုတ်) အောက်သံဖြင့်ပြောသော ယောသားများကို “အောက်သံခတ်၍ပြောသည်”ဟု သတ်မှတ်ကြပါသည်။ “ခတ်သည်”ဆိုသည်မှာ ရွှေပန်းတိမ်သုံးစကားအရ “တူအောင်ပြုသည်”ဟု ဆိုလိုရင်းဖြစ်ပါသည်။ မြန်မာစကားသံကို တူအောင်ပြု၍ ပြောသည်ကို အောက်သံခတ်သည်ဟု ယောသားများက ပြောဆိုကြပါသည်။

ယောသားများပြောသော စကားသံကို “ယောသံ”၊ မြေပြန့်မှမြန်မာများ ပြောသောစကားသံကို “အောက်သံ”ဟု ခေါ်ကြောင်း ဖော်ပြပြီးဖြစ်ပါသည်။ 

ယောသားများသည် မြန်မာများပင်ဖြစ်ကြပြီး စာပေသီးခြားမရှိဘဲ မြန်မာစာပေ မြန်မာစကားကို အသံအားဖြင့် ကွဲပြားပြောဆိုနေကြသည့် လူမျိုးစုတစ်စုသာဖြစ်ပါသည်။ ယောသံနှင့်အောက်သံကို အသံအားဖြင့်ကွဲပြားခြင်း၊ အသုံးအနှုန်းကွဲပြားခြင်း၊ ဝေါဟာရအားဖြင့် ကွဲပြားခြင်းများကို တွေ့ရမည်ဖြစ်ပါသည်။

(တစ်)

အသံအားဖြင့် ကွဲပြားခြင်း

အသံအားဖြင့်ကွဲပြားမှုကို သဘောပေါက်လွယ်အောင် တင်ပြရလျှင် မြန်မာစာပေတွင် သတ်စစ်ဆယ်ပါးကို အခြေခံ၍ ရှင်းလင်းရန် လိုအပ်ပါသည်။ မြန်မာစာပေတွင် သတ်စစ်ဆယ်ပါးရှိပါသည်။ ယင်းတို့မှာ

(၁) က သတ်၊ 

(၂) င သတ်၊ 

(၃) စ သတ်၊ 

(၄) ည ဉ သတ် (ညကြီးသတ်နှင့် ဉ လေးသတ်)

(၅) တ သတ်၊ 

(၆) န သတ်၊ 

(၇) ပ သတ်၊ 

(၈) မ သတ်၊ 

(၉) ယ သတ်၊ 

(၁၀) ၀ သတ် တို့ပင်ဖြစ်ပါသည်။ 

ယင်းသတ်စစ်ဆယ်ပါးဖြင့် သတ်စေ၍ ရေးသားသည့်စာပေ၊ (သို့မဟုတ်) စကားပြောဆိုရာတွင် အချို့သာကွဲပြားမှုရှိပြီး အချို့သတ်စစ်များအတွက် ကွဲပြားမှုမရှိပေ။ ကွဲပြားမှုရှိသော သတ်စစ်ဖြင့်သတ်၍ ရေးသားပြောဆိုမှုကိုသာ ဖော်ပြသွားပါမည်။

🍀(၁) က - သတ်(ကကြီးသတ်)သံကွဲပြားပုံ

ယောသံနှင့် အောက်သံတွင် “က” သတ်ဖြင့် ရေးသားပြောဆိုသော စကားလုံးအားလုံး အသံထွက်ပုံခြင်း လုံး၀တူညီမှုမရှိပေ။ အင်္ဂလိပ်စာပေတွင် ယောသံ၏ “က” သတ်သံဖြင့်တူညီသော အသံထွက်ပုံ စကားလုံးများကို တွေ့ရပါသည်။ အင်္ဂလိပ်စာပေတွင် ark (သို့မဟုတ်) ork ဖြင့် အဆုံးသတ်သော စကားလုံးများကို ထွက်ဆိုသော အသံထွက်သည် “က” သတ်သံကို ယောသံဖြင့် ထွက်ဆိုသောအသံနှင့် တူညီမှုရှိသည်ကို တွေ့ရပါသည်။

ဥပမာအားဖြင့် (Work အလုပ်) (Mark အမှတ်၊ မှတ်ချက်) (Dark မှောင်သော) (Bark သစ်ခေါက်) (Park သတ်မှတ်ထားသည့်နေရာ၊ နားနေရာ) စသည့် စကားလုံးများကို ထွက်ဆိုသော အသံထွက်သည် ယောသံဖြင့် “၀” ကို ကသတ်ခြင်း၊ “မ” ကို ကသတ်ခြင်း၊ “ဒ” ကို ကသတ်ခြင်း၊ “ဘ” ကို ကသတ်ခြင်း၊ “ပ” ကို ကသတ်ခြင်းကို ပြောဆိုသော အသံထွက်ဖြင့် တူညီကြောင်း တွေ့ရပါသည်။ အခြား ကြက်၊ ငှက်၊ ပြက်၊ ချက်၊ လက်၊ ခွက်၊ ယက်၊ ၀က်၊ တက် စသည်ဖြင့် ကသတ်အသံများကို ယောသံဖြင့်ပြောဆိုပါက Kyark, Hngark, Pyark, Chark, Lark, Khwark, Yark, Wark, Tark, စသည့် အင်္ဂလိပ်စာပေတွင် ark တို့ဖြင့် အဆုံးသတ်သော စကားသံထွက်ကို ရွတ်ဆိုသည့်အသံနှင့် ယောသံ “က” သတ်သံနှင့် တူညီကြသည်ကို တွေ့ရပါသည်။

(၂) င သတ်သံကွဲပြားပုံ

မြန်မာစာပေတွင် ဗျည်းကိုဖြစ်စေ၊ သရကိုဖြစ်စေ “င” ဖြင့်သတ်ထားသည့် စာများကို အသံထွက်ဖတ်ဆိုရာတွင် ထွက်ပေါ်လာသော အသံထွက်များသည် ယောသံနှင့်အောက်သံ အသံထွက်ပုံခြင်း တူညီမှုမရှိသည်ကို တွေ့ရပါသည်။ အင်္ဂလိပ်စာပေတွင် (In) (Isn) ဖြင့်ဆုံးသော စကားလုံးများကို ဖတ်ရာတွင် ထွက်ပေါ်လာမည့် အသံထွက်သည် ယောသံနှင့်အောက်သံ ကွဲပြားမှုရှိပါသည်။ Pin (အပ်) Socialisn (ဆိုရှယ်လစ်ဝါဒ) Division (တိုင်း/ပြည်နယ်) Bin (ပုံး၊ ခွက်) စသည့် အင်္ဂလိပ်စာလုံးများကို အသံထွက်ရာတွင် “င” သတ်သံကို အောက်သံဖြင့် အသံထွက်တူညီမှုရှိပါသည်။ အင်္ဂလိပ်စာပေတွင် Young (ငယ်သော)၊ Monkey (မျောက်)၊ Donkey (မြည်း)၊ Jungle (တော) စသည့် စကားလုံးများကို ထွက်ဆိုသော အသံများသည် ယောသံဖြင့် “င” သတ်သံကို ပြောဆိုပုံနှင့် တူညီမှုရှိပါသည်။ Young, Mon, Don, Jun တို့ကို ယောသံဖြင့် ယင်း၊ မင်း၊ ဒင်း၊ ဂျင်း ဟုထွက်ဆိုသောအသံနှင့် တူညီမှုရှိသည်ဟု ဆိုလိုရင်းဖြစ်ပါသည်။

(၃) ည သတ်သံကွဲပြားပုံ

မြန်မာစာပေတွင် ညကြီးသတ်နှင့် ဉ လေးသတ်နှစ်မျိုးရှိရာတွင် ဉ လေးသတ်သံကို ပြောဆိုရာတွင် အောက်သံနှင့်ယောသံကွဲပြားမှုမရှိပေ။ ညကြီးသတ်သံကို ပြောဆိုရာတွင် အချို့စကားလုံးများတွင် ကွဲလွဲမှုရှိပြီး အချို့စကားလုံးများကိုမူ ကွဲပြားမှုမရှိချေ။ ည ကြီးသတ်ဖြင့် ရေးသားသည့် စာများကို ပြောဆိုရာတွင် “ယ” သတ်သံဖြင့် ဖလှယ်၍ပြောဆိုခြင်း၊ သဝေထိုးသံဖြင့် ဖလှယ်၍ပြောဆိုခြင်း၊ နောက်ပစ်သံဖြင့် ဖလှယ်၍ပြောဆိုခြင်း၊ မူလ ညကြီးသတ်သံအတိုင်း ပြောဆိုခြင်းများကို ယောသံရောအောက်သံတွင်ပါ တွေ့ရှိရပါသည်။ ညကြီးသတ်သံကို ယောသံဖြင့်ပြောဆိုသော စကားကို အောက်သံဖြင့် သို့မဟုတ်အောက်သားများက ယောသံအတိုင်း ပြောဆိုမည်ဆိုက အခက်အခဲမရှိကြောင်းကိုလည်း တွေ့ရမည်ဖြစ်ပါသည်။ ယောသံနှင့်အောက်သံ ကွဲပြားပုံကို-

ကုန်သည် = ကုန်သယ် (ယောသံ အောက်သံ တူညီပါသည်)

စည်ကား = စယ်ကား (ယောသံ “ယ”သတ်ဖြင့် ဖလှယ်၍ပြောပါသည်)

ထင်းစည်း = ထင်းစဲ (ယောသံက နောက်ပစ်သံဖြင့် ဖလှယ်၍ပြောပါသည်)

မလုပ်ချည်နဲ့ = မလုပ်ချေန (သဝေထိုးသံဖြင့် ပြောပါသည်။

အစည်းအဝေး = အစည်းအဝေး (ယောသံနှင့်အောက်သံတူညီပါသည်)

စသည့် စကားရပ်များပြောဆိုပုံကို လေ့လာကြည့်ပါက အသံတူညီမှုရှိသလို ကွဲလွဲမှုလည်းရှိကြောင်း တွေ့ရပါသည်။

(၄) တ သတ်နှင့် ပ သတ်ကွဲပြားပုံ

မြန်မာစာပေတွင် “၀” ဗျည်းမှအပ ကျန်ဗျည်းကိုဖြစ်စေ၊ သရကိုဖြစ်စေ တ၀မ်းပူနှင့် ပစောက်သတ်သံကို ပြောဆိုရာတွင် အောက်သံနှင့်ယောသံ ကွဲပြားမှုမရှိကြောင်း တွေ့ရပါသည်။ သို့ရာတွင် “၀”ဗျည်းကိုလည်းကောင်း၊ ကျန်ဗျည်းနှင့်သရကို “၀” ဆွဲ၍လည်းကောင်း၊ ယင်းတို့ကို တ၀မ်းပူနှင့် ပ စောက်သတ်သော စကားလုံးများကို ပြောရာတွင် ယောသံနှင့်အောက်သံ ကွဲလွဲမှုရှိပါသည်။ “၀”ဗျည်းကိုဖြစ်စေ ကျန်ဗျည်းကို “၀”ဆွဲသည်ဖြစ်စေ မဆွဲသည်ဖြစ်စေ၊ သရကို “၀”ဆွဲသည်ဖြစ်စေ မဆွဲသည်ဖြစ်စေ၊ တ ၀မ်းပူနှင့် ပ စောက်သတ်သော စကားလုံးများကို ယောသားများက အာစောက်ရင်းကို အခြေခံ၍ နှုတ်ခမ်းကိုဖွင့်၍ဆိုသော ဖွင့်သံဖြင့် အားလုံးကိုပြောဆိုကြပါသည်။ အောက်သံတွင် ဤသို့မပြောဆိုကြဘဲ “၀” ဗျည်းကိုလည်းကောင်း ဗျည်းနှင့်သရကို “၀”ဆွဲ၍လည်းကောင်း ပြောဆိုသော အသံထွက်ကို လေ့လာကြည့်ပါက အောက်နှုတ်ခမ်းကို အထက်သို့စုစည်းမတင်၍ နှုတ်ခမ်းဖျားမှ ထက်၀က်ပိတ်သံဖြင့် ပြောဆိုကြောင်း တွေ့ရပါသည်။

အင်္ဂလိပ်စာပေတွင် Whai (ဘာလဲ)၊ West (အနောက်အရပ်)၊ Wet (စိုထိုင်းသော) စသည့် at-st-et တို့ဖြင့် ဆုံးသော အင်္ဂလိပ်စကားလုံးများကို အသံထွက်ပုံနှင့် ယောသံဖြင့် “တ” သတ် “ပ” သတ် အသံထွက်ပုံခြင်း တူညီမှုရှိပါသည်။ ယပ်တောင်တက်ခတ် စပ်စပ်စုစု၊ အထပ်ထပ်အခါခါ တည့်တည့်(တဲ့တဲ့)မတ်မတ် စသည့် စကားရပ်များကို ပြောဆိုရာတွင် ယောသံနှင့်အောက်သံကွဲပြားမှုမရှိကြောင်း တွေ့ရပါသည်။

အင်းဝခေတ် ရှင်အဂ္ဂသမာဓိ စပ်ဆိုတော်မူသော နေမိဘုံခန်းပျို့ ပိုဒ် (၉)တွင် “ဆရစ်လတ်လတ် လေပြည်ခတ်က ပြဿဒ်၀န်းကျင်”ဟု လည်းကောင်း၊ ပိုဒ်ရေ (၁၁)တွင် “မိုးစွန်အထွဋ်၊ ကြယ်ကိုစွတ်သို့ မလွတ်တပျဉ်”ဟုလည်းကောင်း စပ်ဆိုထားသည့် ကဗျာနှစ်ပိုဒ်ကို ရွက်ဆိုသောအခါ “တ”သတ်အသံများကို ရွတ်ဆိုသံသည် ပထမပိုဒ်အတွက် ယောသံနှင့် အောက်သံကွဲပြားမှု ရှိသော်လည်း ဒုတိယစာပိုဒ်ကို ရွက်ဆိုရာတွင် ကွဲပြားမှုမရှိကြောင်း တွေ့ရမည်ဖြစ်ပါသည်။ ပိုဒ်ရေ (၈)တွင် “သောကလောင်ထပ် လှည်းကြောင်းကျပ်သို့ ရိပွတ်ပူလှိုက် ဆင်းရဲထိုက်လည်း”ဟု စပ်ဆိုထားသည့်စာပိုဒ်ကို ယောသံဖြင့် ကာရံသံဖြင့် ပွတ်ဟူသောစကားသံကိုရွတ်ဆိုရာတွင် ကာရံသံပြောင်းလဲမှုရှိကြောင်း တွေ့ရမည်ဖြစ်ပါသည်။

(၅) န သတ် မ သတ်သံကွဲပြားပုံ

“၀” ဗျည်း ဗျည်းနှင့်သရကို “၀” ဆွဲသောစားလုံးများကို နသတ်ခြင်း၊ မသတ်ခြင်းဖြင့် ပြောဆိုသော စကားလုံးများမှအပ ယောသံနှင့်အောက်သံထွက်ဆိုပုံခြင်း တူညီကြမည်ဖြစ်ပြီး ဖော်ပြပါ “၀” ဗျည်းကို နသတ် မသတ်ခြင်း၊ ဗျည်းနှင့်သရကို “၀”ဆွဲ၍ နသတ် မသတ်ခြင်းများကို ထွက်ဆိုသော အသံများအတွက်မူ ယောသံနှင့်အောက်သံ ကွဲပြားမှုရှိပါသည်။ အင်္ဂလိပ်စာပေတွင် When (ဘယ်အခါ)၊ Went (သွားခဲ့သည်)၊ Wondeful (အံသြဖွယ်ကောင်းသော)စကားလုံးများကို အသံထွက်ပုံနှင့်ယောသံဖြင့် ဝှမ်း၊ ၀န့်တ်၊ ၀မ်းဒါးဖူး စသည့် စကားလုံးများကို ပြောဆိုသောအသံထွက်နှင့် တူညီမှုရှိကြောင်း တွေ့ရပါသည်။ နသတ် မသတ်တို့ကို ပြောဆိုသည့် နိဂ္ဂဟိတ်သံကို ပြောဆိုရာတွင်လည်း ကွဲပြားမှုရှိပါသည်။ နေမိဘုံခန်းပျို့ အပိုဒ်ရေ (၆)တွင် “ခြိုက်ခြိုက်ချစ်ဝှမ်း၊ စည်းစိမ်ဝှမ်းသို့၊ သာချမ်းပို့တင်”ဟု လည်းကောင်း၊ ပိုဒ်ရေ (၉)တွင် “ပြာညက်ညံ့ညံ့၊ ရွယ်ဖွဲ့ဖွဲ့၍၊ တွံ့တွံ့တုံ့တုံ့၊ ပြင်ဆုံ့ဆုံ့နှင့်၊ ကြေးမုံမျက်နှာ”ဟုလည်းကောင်း ရေးစပ်ထားသည့် စာပိုဒ်ကိုရွတ်ဆိုရာတွင် ယောသံနှင့်အောက်သံကွဲပြားမှုရှိပါသည်။

မြန်မာစာပေတွင် သတ်စစ်ဆယ်ပါးရှိသည့်အနက် အထက်ဖော်ပြပါ “က” သတ်၊ “င” သတ်၊ “ည” သတ်၊ “န” သတ်၊ “မ” သတ်၊ “တ” သတ်၊ “ပ” သတ်တို့ကို ထွက်ဆိုသော အသံထွက်များတွင်သာ ကွဲပြားမှုရှိပြီး “စ” သတ်၊ “ဉ” သတ်၊ “ယ” သတ်တို့ကို ထွက်ဆိုသော အသံထွက်များကိုမူ ကွဲပြားမှုမရှိကြောင်း တွေ့ရပါသည်။

(နှစ်)

အသုံးအနှုန်းကွဲပြားမှုရှိခြင်း။

(၁) “န” နှင့် “နဲ့” အပြော

လမ်းပေါ်မသွားနဲ့လို့ပြောတာ ဘာလို့သွားတာလဲ၊ သေသွားချင်သ(သည်)လား ဆိုသည့် မြန်မာများ (အောက်သား)၏ စကားကို ယောသံဖြင့် “လမ်းပေါ်မသွားပါနလို့ ပြောတာ ပါလို့ သွားတာလဲ သေသွားချင် (Khyun) ဒ (ဒယ်)လော”ဟု ပြောဆိုမည်ဖြစ်ပါသည်။

(၂) “လော” နှင့် “လား” အပြော

မင်း ဟိုကောင်မလေးကို ရည်းစားစကား ပြောတယ်ဆိုတာဟုတ်လား ကို ယောသံဖြင့် “မင်း (Mung) ဟိုကောင်မလေးကို ရည်းစားစကားပြောတယ်ဆိုတာ ဟုတ်သလော”ဟု ပြောပါသည်။

(၃) “နား” နှင့် “နှား” အပြော

အလုပ်လုပ်ရတာ မောတယ် နားအုံးမယ် ကို ယောသံဖြင့် “အလုပ်လုပ်ရတာမောတယ် နှားအုံးမယ်”ဟု ပြောပါသည်။

(၄) “ချည်လား” “လား” နှင့် “တကား” အပြော

မင်းကောင်မလေး သိပ်ချောပါလား၊ သိပ်ချောလှချည်လား ဆိုသည်ကို ယောသံဖြင့် “မင်းကောင်မလေး သိပ်ချောပါတကား၊ သိပ်ချောလှပါတကား”ဟု ပြောဆိုမည်ဖြစ်ပါသည်။

(၅) အသံလေး အသံပေါ အပြော

မြန်မာစာပေတွင် ဗျည်းသုံးဆယ့်သုံးလုံးရှိပါသည်။ “က” မှ “မ” အထိ (၂၅) လုံးကို အစု ဗျည်းဟုလည်းကောင်း၊ “ယ” မှ “အ” အထိ (၈) လုံးကို အစုလွတ်ဗျည်းဟုလည်းကောင်း ဆိုပါသည်။

က၊ ခ၊ ဂ၊ ဃ၊ င ဟူသော “က” အစုဗျည်းတွင် ပထမအက္ခရာ “က” နှင့် ဒုတိယအက္ခရာ “ခ” ကဲ့သို့ ကျန်အစုဗျည်း၏ ပထမအက္ခရာ၊ ဒုတိယအက္ခရာနှင့် သ အက္ခရာ ဤ(၂၁)လုံးသည် အသံပေါ့ (အဃောသ) အသံများ ဖြစ်ကြပါသည်။ ကျန်အစုဗျည်းနှင့် အစုလွတ်ဗျည်းများဖြစ်သည့် ယရလ၀ဟဠ ဤ (၂၁)လုံးသည် အသံလေး (ဃောသ) အသံများဖြစ်ကြပါသည်။ ယောသံနှင့် အောက်သံပြောဆိုရာတွင် အသံလေး၊ အသံပေါ့ ပြောဆိုပုံအချို့ ကွဲလွဲမှုရှိကြောင်း တွေ့ရပါသည်။

“ငါနေမကောင်းဘူး၊ ထမင်းစားချင်စိတ်လဲမရှိဘူး၊ ပြန်ကြတော့မလား၊ နောက်လာခဲ့ပါအုံး” ဆိုသည့်စကားကို အောက်သံဖြင့်ပြောပါက “ငါနေမကောင်းဘူး၊ ထမင်းစားဂျင်ဇိတ်လည်းမရှိဘူး၊ ပြန်ကြဒေါ့မလား၊ နောက်လာဂဲ့ဘာအုံး”ဟု ပြောဆိုမည်ဖြစ်ပြီး၊ ယောသံဖြင့် “ငါနေမကောင်းဖူး၊ ထမင်း စားချင်ဇိတ်လဲမရှိဖူး၊ ပြန်ဂြဒေါ့မလော၊ နောက်လာခဲ့ဘာအုံး”ဟု ပြောဆိုဆိုမည်ဖြစ်ပါသည်။ ဤစကားပြောပုံကိုကြည့်ပါက အသံလေးနှင့်အသံပေါ့ ပြောဆိုပုံတူညီမှုရှိသလို ကွဲပြားမှုရှိကြောင်း တွေ့ရပါသည်။

(၆) ပေါ့၊ ပဲ၊ ဘဲ နှင့် ဖဲ၊ ဘာ့၊ ပါ့ အပြော

ယောစကားတွင် ဖဲ၊ ဘာ့၊ ပါ့ အပြောများသာရှိပြီး၊ အောက်သံ (မြန်မာစကား)တွင် ပေါ့၊ ပဲ၊ ဘဲ အပြောသာရှိကြောင်း တွေ့ရပါသည်။ “ပါ့” ဟူသောစကားသည် “ပါ၏” အနက်ရပါသည်။ ရေးချအောက်မြစ်တွင် အောက်မြစ်ခြင်းသည် “၏”ဟူသော အနက်ကို ပေးကြောင်း စာပေတွင် လေ့လာမှတ်သားရပါသည်။

မှားတော့မှားတာပေါ့၊ ဒါပေမဲ့ မမှားဘူးကို ယောသံဖြင့် “မှားတော့မှားတာဘာ့ တာပေမယ့် မမှားဖူး”ဟုလည်းကောင်း၊

အေဘီစီဒီမတတ်ဘဲနဲ့ အရပ်ထဲကိုလည်(လယ်)ကို ယောသံဖြင့် “အေဘီစီဒီ မတတ်ဖဲန အရပ်ထဲကိုလယ်”ဟု လည်းကောင်း၊

“တတ်ပဲ တတ်နိုင်လွန်းတယ်”ကို ယောသံဖြင့် “တတ်ပါ့ တတ်နိုင်လွန်းတယ်”ဟု လည်းကောင်း၊ “ခက်ပဲ ခက်ရချည်ရဲ့”ကို ယောသံဖြင့် “ခက်ပါ့ ခက်ရချေရဲ့”ဟုလည်းကောင်း ပြောဆိုပုံကွဲပြားမှုရှိကြောင်း တွေ့ရမည်ဖြစ်ပါသည်။

(၇) ဗ သေး (ပါ့သေး) အပြော

ယင်းဗသေး (ပါ့သေး)အပြောကို ယောသားများ အထူးသဖြင့် ဖျောက်ဖျက်၍မရအောင် ပြောဆိုကြသော စကားဖြစ်ပါသည်။ လေးနက်စေလိုသည့်စေတနာမြှင့်တင်လိုသည့် စေတနာဖြင့်ပြောသောစကားမျိုးဖြစ်ပါသည်။ 

ယောသူ ယောသားများ အောက်ပြည်အောက်ရွာ (မြေပြန့်)တွင် နေထိုင်ကြပြီး အောက်သံဖြင့် ပြောဆိုနေကြသော်လည်း ယင်း ဗသေး (ပါ့သေး) အသုံးကို အမှတ်မဲ့သုံးနှုံးပြောဆိုတတ်ကြကြောင်းကို တွေ့ရပါသည်။ မြေပြန့်တွင် သိဖူးကျွမ်းဖူးခြင်းမရှိသောလူနှစ်ယောက်တွေ့ပါက ယောသားဖြစ်ပါက အမှတ်မဲ့ ဗသေးကိုပြောမပြော လေ့လာကြည့်လျှင် ယောသားဟုတ်မဟုတ် သိနိုင်သည့်အဆင့်အထိ သုံးနှုံးပြောဆိုတတ်ကြပါသည်။

ဥပမာအားဖြင့် အသားကို ဓားရှသည့်အခါ (သို့မဟုတ်) ဓာပြတ်သည့်အခါ အခြေအနေ တစ်စုံတစ်ခုကြောင့် သက်သာမှုရှိသည် သို့မဟုတ်ပါက ပို၍ဆိုးနိုင်သည့်အခြေအနေကို ဖော်ပြပြောဆိုလိုသည့်အခါ “ထာတောင် ဓားက အသွားတုံးလို့ဗသေး (ပါ့သေး) တာမဟုတ်ရင် ပိုင်းပိုင်းပြတ်သွားနိုင်တယ်”ဟု လေးနက်စေလိုသည့်အခါတွင် သုံးနှုံးပြောဆိုကြပါသည်။

“သူ့ညီတော်မျိုးထွန်းဆိုတဲ့လူက စစ်ဗိုလ်ကြီးဗသေး၊ စစ်ဗိုလ်ကြီးတာဗသေး”ဟု စစ်ဗိုလ်ကြီးဖြစ်ကြောင်းကို မြှင့်တင်လိုသည့်အခါတွင်လည်းကောင်း၊ အစ်ကိုဖြစ်သူကို သိက္ခာမြှင့်တင်လိုသည့် အခါတွင်လည်းကောင်း ပြောဆိုတတ်ကြပါသည်။ ဗသေးအသုံးအနှုံးကို ယောသားများ၊ အလွယ်တကူဖျောက်ဖျက်၍မရသောအသုံးဖြစ်ကြောင်း အကျဉ်းမျှသာ ဖော်ပြရပါသည်။

(သုံး)

ဝေါဟာရအားဖြင့်ကွဲပြားခြင်း

မြန်မာစာပေလောကတွင် ဝေါဟာရ၊ ပေါရာဏ၊ ဘမ်းစကား စသည်ဖြင့်ရှိပါသည်။ ဝေါဟာရဆိုသည်မှာ အရပ်သုံးစကားများဖြစ်ကြပြီး၊ ပေါရာဏဆိုသည်မှာ ရှေးမြန်မာစကားဟုလည်းကောင်း၊ ဘမ်းစကားကို အရပ်သုံးစကားဆန်းများဟုလည်းကောင်း သတ်မှတ်ရပါမည်။

ယောဒေသတွင် ယောသူ ယောသားများပြောဆိုသော အချို့စကားလုံးများသည် ရှေးမြန်မာများပြောဆိုသော ပေါရာဏစကားများတွေ့ရပါသည်။ ဥပမာ အားဖြင့် ရာဇူ၊ တင်းတိမ်၊ အလေးမူ၊ ၀မ်းပါး၊ မာလဖျင် စသည့် စကားလုံးများကို မြန်မာစာပေတွင် ပေါရာဏအဖြစ် သတ်မှတ်ထားသည့်အတွက် ယောသားများသည် ရှေးမြန်မာများဖြစ်ကြဟန်ရှိကြောင်း ယူဆရန်ရှိပါသည်။ ဝေါဟာရကွဲပြားပုံကို အောက်တွင် အကျဉ်းမျှ ဖော်ပြထားပါသည်။

"အရီလေး အိမ်၀င်း၀ယ်တာ ညားခဲ့လော"-ယောစကား

(ဒေါ်လေး အိမ်ဝိုင်း၀ယ်တာ အဆင်ပြေခဲ့လော-ဗမာစကား)

"ဒယ်ပဆိုးန ငါန မညားဘူး"ယောစကား

(ဒီပုဆိုးနဲ့ ငါနဲ့ မတော်ဘူး၊ မကိုက်ဘူး-ဗမာစကား)

''နွားဖြူန နွားနီန မညာပကား"ယောစကား

(နွားဖြူနဲ့ နွားနီနဲ့ ဘက်မညီပလား၊ မကိုက်ညီပါလား-ဗမာစကား)

(က) စကားအဆုံးအသတ် ကွဲပြားပုံ

ယောစကား=====ဗမာစကား

မဟုတ်လော==မဟုတ်လား

အဲပါ==အေးပါ၊ ဟုတ်ကဲ့ပါ

သြ==ဟုတ်ကဲ့

သူန==သူနဲ့၊ သူနှင့်

ပကား==ပါလား

ဒါပ၊ ဒါဘ==ဒါပေါ့

(ခ) အခေါ်အထူးနှင့်ပတ်သက်၍ ကွဲပြားပုံ

ယောစကား=====ဗမာစကား

အော့==ရှင့်

အော==ရှင်

(ဂ) မိဘ ဆွေမျိုးတို့နှင့်ပတ်သက်၍ ကွဲပြားပုံ

ယောစကား====ဗမာစကား

အဘ၊ အဖ==အဖေ

အမဲ့==အေမ

မအဲ၊ မအဲလေး==သမီး

မောင်အဲ၊ မောင်အဲလေး==သား

အပေါင်==အဖွား

အဘအို၊ အဖအို==အဘိုး

ဘကြီး၊ ဘလတ်၊ ဘလေး==ဦးကြီး၊ ဦးလတ်၊ ဦးလေး(အဖေဘက်မှ တော်စပ်သူ)

အုန်းကြီး၊ အုန်းလတ်၊ အုန်းလေး==ဦးကြီး၊ ဦးလတ်၊ ဦးလေး(အမေဘက်မှ တော်စပ်သူ)

အရီးလေး==ဒေါ်လေး(အဖေဘက်မှ တော်စပ်သူ)

မိလေး==ဒွေးလေး(အမေဘက်မှ တော်စပ်သူ)

(ဃ) လုံး၀ကွဲပြားသော ဝေါဟာရများ

ယောစကာ====ဗမာစကား

ကလိပ်ထိုး == ကလိထိုး

ကောက်နှဲဆန်==ကောက်ညှင်းဆန်

ကျေး==ကြက်တူရွေး

ကျိပ်ဖူ:==ပြောင်းဖူး

ကြေးစေ==ကြေးစည်

ကြက်အင်ခါးသီး==ကြက်ဟင်းခါးသီး

ကြောင်ညှာသီး==ကြောင်လျှာသီး

ကင်ပေါင်း==အပေါင်းကြော်

ခွေးစားကျား==ကျားသစ်

စပ်သီး==ငရုတ်သီး

စက်ကဲ==ဘုတ်စိုက်

ဆရက်==ဆက်ရက်

ညားသည်==တွေ့ကြုံထိတွေ့သည်

ညဲညူ==ညည်းညူ

ဇွန်းသားလေး==ဇွန်းငယ်လေး

တောက်စလင်း==ကိုယ်တုံးလုံး

တောက်ဆိတ်==ပုစွန်ဆိတ်

တင်းတိမ်==စောင်(ငါးစပ်စောင်)

တမြတ်စဲ==တံမြက်စည်း

ထွမ်း==ပလိုင်း

ထပိုးကျဲ==ထမ်းပိုးကျည်း

နှီနေတယ်==မှီနေတယ်

နေကောင်းရဲလော==နေကောင်းရဲ့လား

ဒန့်တင်==ရေတံခွန်

ပေါင်သည်==ကူညီသည်

ပလောရွက်==ပီလောရွက်

ဖူးသီးကင်ပေါင်း==ဘူးသီးပေါင်းကြော်

ဖရုံမွဲသီး==ကျောက်ဖရုံသီး

မကျဲသီး==မန်ကျည်းသီး

မိုးသီးတယ်==မိုးသည်းတယ်

မွှမ်းပင်==ပိုးစာပင်

မှန်ခလာသီး==မာလကာသီး

မရောက်ကျင်ဖူး==မရောက်မိဘူး

ရဲစား==ရည်းစား

ရှပဲ==ပဲပုတ်

ရုံးပလေသီး==ရုံးပတီသီး

ရန်စရှယ်==ရန်စရှည်

ရှပ်==ရစ်(ဗိုင်းငင်သောရစ်)

လတ်သီး==အိမ်ဦးခန်း

လဟောရွက်==ဆူးပုပ်ရွက်

ဝမ်းပါးသည်==နှစ်သက်သည်

သလိုမလုပ်န==ဒီလိုမလုပ်နဲ့

သလဲ==သဲ

သောင်သာ==သက်သက်သာသာ

ဟင်းခွပ်ပင်==သခွပ်ပင်

ဟုတ်စနိုင်းနိုင်း==ဟုတ်လိမ့်နိုးနိုး

အဖိုးအပေါင်==အဖိုးအဖွား

အမြဲမြဲတယ်==အမြည်းစားတယ်

အရှဲ့ရှဲ့==အတူတူ

အခွံနွေးသည်==အခွံနွှာသည်

အုန်းကြီးအုန်းလေး==ဦးကြီးဦးလေး

အမဲ့==အမေ

အဲပါ(အဲဗား)==အေးပါ

အဟုတ်ကြီးပါတကား==အဟုတ်ကြီးပါလား

သြ။သြော်။သြော့==ရှင်။တော့( ထူးသံ)

ပေါက်ဆိန်ဒူး==ပုစဉ်း

ဒုတ်မီး==ဓာတ်မီး

ခါကျင်ကောင်==ပုရွတ်ဆိတ်

တောက်ဆိတ်==ပုဇွန်ဆိတ်

ဆောင်မှီးခါးရသည်==နှာစေးသည်

ဘဇွန်==ဂဏန်း

ဖက်၀င်ပင်==နံနံပင်

ရှပ်==လင်းကွင်း

အိုးစရယ်==ထမင်းရေ

ဒန့်တင်==ရေတံခွန်

ရာဇူ = ချိန်ခွင် 

 အလေးမူ=ဂရုစိုက်

 ၀မ်းပါး (နှစ်ခြိုက်၀မ်းပါး၊ မြင်မိငြားလည်း၊ ရပ်ခြားလူ့ရွာ၊ မကျွမ်းပါသော်၊ ချင်းရာစိမ်းဆွဲ၊ မေတ္တာလဲခဲ့)= နှစ်သက်

  မာလဖျင်=မျက်နှာကျက်

လဟော်ရွက် (လေဟော်ရွက်)= ဆူးပုတ်ရွက် 

ပေါင်သည်= ကူညီသည် 

 အခွံနွေး= အခွံခွာ(နွှာ)

အရပ်အရှဲ့ရှဲ့= အရပ်တူတူ 

 ထမင်းလှုံ့=ထမင်းကြော်

အရွေ့လုပ်သည် (အရွေ့တမင့်လုပ်သည်)= တမင်လုပ်သည် 

အရွေ့စသည် (နောက်သည်)= အလကားစသည် 

 တောက်စာလင်း=ကိုယ်တုံးလုံး

(လုံချည်မပါခြင်း)= (လန်ကွက်တီ) 

အိမ်းမှုသည်= နှုတ်ဆက်

မာကြောလော= နေကောင်းကြလား

 စက်ကလိပ်မွှေး= ချိုင်း (ဂျိုင်း)မွှေး

 သရော်သည်=နောက်ပြောင်ပျက်ရယ်ပြုသည်

ပွန်သည်= ပလိသည် 

မွှန်းပင်= ပိုးစာပင် 

 ငံ့သည် (ငံ့လင့်သည်)= စောင့်ဆိုင်းသည်

စိတ်ဆိုး၍ဟိုထုဒီထုဖြင့်ကြမ်းနေသည် = ကလ၀င်းသည် (ကလွင်းသည်)

(လေး)

ယောစကားလေး ပြောကြည့်မယ်

ဤအခန်းတွင် ယောသူယောသားများ စကားပြောပုံကို အကျယ်တစ်၀င့် ရေးသားဖော်ပြရန် သင့်သော်လည်း စာဖြင့်ရေးသား ဖော်ပြရသည့်အတွက် နှုတ်ဖြင့်လက်တွေ့ပြောပြရသည်လောက် ရှင်းလင်းတိကျမှု ရှိနိုင်မည်မဟုတ်သောကြောင့် သဘောမျှသာ ဖော်ပြသွားလိုပါသည်။ အထက်တွင် ဖော်ပြထားပြီးသောအကြောင်းအရာများကို လေ့လာကြည့်ပါက ယောသားများပြောသော စကားအသံအကြောင်း အတော်အသင့် သဘောပေါက်ကြမည်ဟု မျှော်လင့်ယုံကြည်ပါသည်။ အထက်တွင်ဖော်ပြခြင်းမပြုခဲ့သေးသည့် ယောဒေသတွင် ဆွေမျိုးတော်စပ်မှုကို သုံးနှုံးပြောဆိုပုံကို သိသာနိုင်ရန်အတွက် စကားပြောပုံ ရေးသားရာတွင် ထည့်သွင်းဖော်ပြသွားလိုပါသည်။ မြန်မာများပြောရသောစကားကို ပထမဖော်ပြ၍၊ ထိုစကား ယောသားများပြောဆိုပုံကို ဖော်ပြသွားမည်ဖြစ်ပါသည်။

လာကွာ ငါ့ညီထိုင် မင်းဘယ်တုံးက လာသလဲ၊ ဘာကိစ္စလာလဲ … ကို (လာကွာ ငါ့ညီထိုင် မင်း (ယောသံ) ဖယ် တုံးကလာသလဲ၊ ဖာကိစ္စလာလဲ)

ဘကြီးကောနေကောင်းရဲ့လား၊ ဒေါ်လေးကော ဘယ်လိုနေလဲ … ကို (ဖကြီး (အဖေ၏အစ်ကို) ကား မာရဲ့လော၊ အရီးလေး (အဖေ၏ညီမ) ကား ဖယ်လိုနေလဲ)

ဘကြီးနေကောင်းပါတယ်၊ ဒေါ်လေးလဲ သက်သာပါပီ၊ ဒါပေမဲ့ မင်းအဖွားကတော့ မသက်သာသေးဘူး၊ မင်းအဖိုးကတော့ နေကောင်းပါတယ် … ကို (ဖကြီးကနေကောင်းပါတယ်၊ အရီးလေးလဲ သက်သာပါပီ၊ ထာပေမဲ့ မင်းအပေါင်ကတော့ မသက်သာသေးဘူး၊ မင်းဖအိုကတော့ နေကောင်းပါတယ်)

ဒီနှစ်ပြောင်းဖူး စိုက်သေးလား၊ ငါတို့ဦးကြီး ဦးလေးတို့ကော ဘာတွေစိုက်ကြလဲ … ကို (သယ်နှစ်ကျိတ်ဖူး စိုက်သေးလော၊ ငါတို့အုံးကြီး (အမေ၏မောင်အကြီး) အုံးလေး(အမေ၏မောင်အငယ်)တို့ကော ဖာတွေစိုက်ကြလဲ)

ဒို့ဒေါ်လေးရဲ့သားကြီး၊ သားလေးတို့က ဘယ်နှစ်တန်းရောက်ကြပြီလဲ … ကို (ဒို့မိလေး (အဖေ၏ညီမ) ရဲ့မောင်သားကြီး၊ မောင်သားလေးတို့ကား၊ ဖယ်နှစ်တန်းရောက်ကြပြီလဲ)

စကားပြောဆိုရာတွင် ကွဲပြားပုံကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြရပါက များစွာပင် ဖော်ပြရန်ရှိပါသည်။ ဆွေမျိုးတော်စပ်မှု အခေါ်အဝေါ်များကို များစွာပင်ဖော်ပြရန်ရှိပါသည်။ သို့ရာတွင် သဘောမျှသာ သိသာနိုင်ရန် ဖော်ပြလိုက်ရပါသည်။

ယောသား ယောသူများ အမှတ်မထင်ခံစားရသည့်အခါ ပြောဆိုတတ်သော အာမေဋိတ်စကားသုံးနှုံးမှုကို လူမျိုးတိုင်းတွင်ရှိကြပါသည်။ ယောသားများက အပူကြောင့်ဖြစ်စေ၊ အအေးကြောင့်ဖြစ်စေ အမှတ်မထင် ခံစားရသောအခါ အပူရော အအေးကြောင့်နှစ်ခုစလုံး “အဆူဆူ”ဟု ပြောဆိုတတ်ကြပါသည်။ ထိခိုက်မှုရသည့်အခါ နာကျင်မှုကို “အနော်နော်”ဟု ပြောတတ်ကြပါသည်။ မည်သို့ပင်ဖြစ်စေ ယောစကားအကြောင်း ဖော်ပြရသည့်အတွက် ကြေနပ်မှုရရှိပါသည်။ ပြီးပြည့်စုံအောင် ဖော်ပြရေးသားမည်ဆိုပါက များစွာပင် ရေးစရာများရှိပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော လူမျိုးစုအားလုံးတွင် “ယောသား”ဆိုသော လူတစ်မျိုး၊ “တောင်သား”ဆိုသောလူတစ်မျိုးစကားမည်သို့ ပြောကြကြောင်းကို သဘောမျှသိနိုင်စေရန် တင်ပြလိုက်ရပေသည်။

၀န်ခံချက်/ အထက်ပါစာများ၌ မိမိ၏ Term paper စာတမ်းမှ ဝေါဟာရ အသုံးအနှုံးများကိုသာ အနည်းငယ် ထည့်ရေးထားခြင်းမှအပ ကျန်သော စာများမှာ ဆရာတော်ဦးခမာစာရ(31-8-2014=sun-8:37pm) ရေးသားထားသော စာများသာ ဖြစ်ပါသည်။

အရှင်ဉာဏဝရ (ယောနယ်နှင့်သာသနာ)

သာသနတက်ကသီလဓမ်မာစရိယ 

သာသနတက်ကသီလမဟာဓမ်မာစရိယ

B.A (Hons;) ၊ M.A (Part-2)

09-401526093

အဆောင် (၇)၊ အခန်း (၄)၊

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်။(မန္တလေး) 

ရွာသစ်ရွာ၊ ဂန့်ဂေါမြို့နယ်။ မကွေးတိုင်း။ 

ကျမ်းကိုး

၁။ ထီးလင်းမြို့နယ်မဂ္ဂဇင်း (၁၉၉၄)

၂။ အခြေပြုသဒ္ဒါ (အရှင်ဇနကာဘိဝံသ)

၃။ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း (၁၉၈၆)

၄။ ကန်တောရသာသနာ နှစ်တစ်ရာ(အရှင်ယောနက) နှာ ၂၄၉-၂၅၀-၂၅၁

၅။ ယောဓလေ့(စောကြူမောင်) နှာ ၁၅၂-မှ ၁၇၄ 

၆။ ပုံတောင် ပုံညာ (မောကျွန်း စိုးမြင့်) နှာ ၂၄၀မှ ၂၄၆

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ