Skip to main content

ထွက်ပြေးချင်တယ်

မိုးလင်း လင်းခြင်း

သီချင်းလှိုက်လှိုက်၊ ပန်းငုံကိုက်ဆိတ်

ချိုးသိုက်-ဖိုမ၊ ချိုမြအေးလဲ

စိတ်လေးကြပ်ညပ်ရူးချင်တယ်။

မြို့လုံးနေရောင်

အိမ်ခေါင်မိုးတွေ၊ မီးခိုဝေညစ်

နွေမိုးဆောင်းတိုင်း၊ အိုကိုင်းညွှတ်လာ

ရပ်ရွာလူသူ၊ စကားဆူညံ

အူချာလည်ပြေး၊ အသက်မွေးကြ

ရင်လေးကြပ်ညပ်ရူးချင်တယ်။

တခါချိန်၌

မီးအိမ် ငြိမ်းလိုက်၊ ညဉ့်ဦးမိုက်မဲ

ကြယ်လဲမပွင့်၊ လ မမြင့်မှာ

လွတ်ခွင့်ကိုရှာ၊ စိတ်ချမ်းသာခြင်း

မှောင်မှာတွေ့ငြား ထွက်လာမိ။

မှောင်ကြီးမဲကြီး

မရဲတရဲ၊ တယောက်ထဲပင်

ဘာလဲမမြင်၊ စမ်းသတ်ဝင်ခဲ့

မြေပြင်သိပ်သဲ၊ မောပမ်းလှဲချ

ကြဲကြဲမှောင်ပိတ်၊ စိမ်းမြရိပ်၌

အိပ်မယ်ကြံမှာ၊ မောင့်ကိုလာတွေ့၊

ဘယ်ခါလွတ်ပါ့မလဲကွယ်။ (ကြည်အေး)

တာရာမဂ္ဂဇင်း ၁၉၄၉ နိုဝင်ဘာလ

ဒေါက်တာတင့်ဆွေ

Comments