မိုးလင်း လင်းခြင်း
သီချင်းလှိုက်လှိုက်၊ ပန်းငုံကိုက်ဆိတ်
ချိုးသိုက်-ဖိုမ၊ ချိုမြအေးလဲ
စိတ်လေးကြပ်ညပ်ရူးချင်တယ်။
မြို့လုံးနေရောင်
အိမ်ခေါင်မိုးတွေ၊ မီးခိုဝေညစ်
နွေမိုးဆောင်းတိုင်း၊ အိုကိုင်းညွှတ်လာ
ရပ်ရွာလူသူ၊ စကားဆူညံ
အူချာလည်ပြေး၊ အသက်မွေးကြ
ရင်လေးကြပ်ညပ်ရူးချင်တယ်။
တခါချိန်၌
မီးအိမ် ငြိမ်းလိုက်၊ ညဉ့်ဦးမိုက်မဲ
ကြယ်လဲမပွင့်၊ လ မမြင့်မှာ
လွတ်ခွင့်ကိုရှာ၊ စိတ်ချမ်းသာခြင်း
မှောင်မှာတွေ့ငြား ထွက်လာမိ။
မှောင်ကြီးမဲကြီး
မရဲတရဲ၊ တယောက်ထဲပင်
ဘာလဲမမြင်၊ စမ်းသတ်ဝင်ခဲ့
မြေပြင်သိပ်သဲ၊ မောပမ်းလှဲချ
ကြဲကြဲမှောင်ပိတ်၊ စိမ်းမြရိပ်၌
အိပ်မယ်ကြံမှာ၊ မောင့်ကိုလာတွေ့၊
ဘယ်ခါလွတ်ပါ့မလဲကွယ်။ (ကြည်အေး)
တာရာမဂ္ဂဇင်း ၁၉၄၉ နိုဝင်ဘာလ
ဒေါက်တာတင့်ဆွေ
Comments
Post a Comment