Skip to main content

ပစ္စန္တရစ်

ပစ္စန္တရစ် (သိပ္ပံမောင်ဝ)

ပစ္စန္တရစ် (ဝိဇ္ဇာမောင်ပိန်)

သိပ္ပံမောင်ဝရေးတဲ့ ပစ္စန္တရစ်ကို မူရင်းအတိုင်းတခု၊ မူလွဲနဲ့တခု တွေ့ရတယ်။

၁။ မြန်မာစာလေ့လာနေသူများ - မူလွဲသတ်ပုံ

၂။ သောကြာကြိုက်သောစာစုများ - မူရင်းအတိုင်း

၁၉၆၄-၆၅ ခုနှစ်က ကျွန်တော်တို့ ဆယ်တန်းမှာ သင်ရတယ်။ တအုပ်လုံး သတ်ပုံတွေ မှန်ပါတယ်။

ပစ္စန္တရစ်

တပေကုလား ဆိုသော အမည်သည် ဆန်း၏။ထိုအမည်ကား မောင်လူအေး၏နယ်အတွင်းရှိ တံငါရွာကလေးတရွာ၏အမည် ဖြစ်လေသည်။ တပေကုလားရွာသာ မဟုတ်။ တပေကုလားအင်း ဟူ၍လည်း ရှိသေး၏။ တပေကုလားကွင်း ဟူ၍လည်း ရှိသေး၏။ တပေကုလားချောင်း ဟူ၍လည်း ရှိသေး၏။

တပေကုလားအင်းကို အကြောင်းပြု၍ တပေကုလားရွာ ဟူ၍ပင် ခေါ်ဆိုသလော။ တပေကုလားရွာကို အကြောင်းပြု၍ တပေကုလားချောင်း၊ တပေကုလားအင်း၊ တပေကုလားကွင်း ဟူ၍ပင် ခေါ်ဆိုသလောဟု မည်သူမျှ မပြောပြနိုင်။ တပေကုလားရွာသားတို့အား မေးသောအခါကား ရှေးအတီတေ ပဝေဏီကပင် ရှိခဲ့သည်ဟု ပြောကြ ဆိုကြကုန်၏။ ကမ္ဘာဦးအခါကပင် ဆင်းသက်ပေါ်ပေါက်လာသည်ဟူ၍များ ထင်မှတ်နေကြလေရော့သလား။

“တပေကုလား" ဆိုသော စကား၏အဓိပ္ပါယ် မည်သို့နည်းဟု နှိုက်နှိုက်ချွတ်ချွတ် မေးလေ့ရှိသူတို့က မေးကောင်း မေးကြပေလိမ့်မည်။ ရွာတွင် အသက်အကြီးဆုံး အဖိုးကြီး ဦးနောက်တိုးအား မေးကြည့်သောအခါ “တပေကုလား”ဆိုသော စကားမှာ “တပေကုလား”ဟူ၍ အဓိပ္ပါယ်ရကြောင်းနှင့် ပြောပြလေသည်။ သူ၏စကားကို ယုံမှားဘွယ်မရှိ။ ဦးနောက်တိုးကား အသက် ၈၅ နှစ်ပင် ကျော်ပြီဖြစ်သောကြောင့် ရှေးမှီ နောက်မှီ အဖိုးကြီး ဖြစ်လေသည်။ အချို့ အတွေးကောင်းသော သူတို့ကမူကား တပေကုလားဆိုသည်မှာ တပေခန့်ရှိသော ကုလားပုကလေးတယောက်က စတင်တည်ထောင်၍ ထားခဲ့သောရွာဖြစ်သောကြောင့် တပေကုလားရွာဟု အမည်တွင်ကြောင်း တွေးတောကောင်း တွေးတောကြပေလိမ့်မည်။ သို့သော် ဦးနောက်တိုးပေးသော အဓိပ္ပါယ်လောက် မကြိုက်။

တပေကုလားဆိုသော စကား၏အဓိပ္ပါယ်ကို ရှင်းလင်းပြီးသည်၏ အခြားမဲ့၌ တပေကုလားဟူသော အကြင်တံငါရွာကလေး၏တည်ရာ အခြေနှင့် သာယာပုံကို ရေးသားဦးအံ့။ ထိုရွာကလေးကား အလွန်နောက်ကျိ၍ ရွှံ့အတိပြီးသော တပေကုလားချောင်းကလေး၏ ဘေးတွင် တည်ရှိလေသည်။ ဤချောင်းကလေးမှတပါး အခြားဘေးပတ်လည်တွင် ကွင်းပြင်လဟာကြီးဖြင့် ခြံရံလျက် တရွာလုံးပင် ကုက္ကိုပင် သုံးလေးပင်အပြင် အခြားအပင်ဟူ၍ မရှိ။ ကွင်းခေါင်ခေါင်ကြီးတွင် တည်ထားသော ရွာကလေးတည်း။ နွေဥတုတွင် ပူပြင်းလိုက်သည်မှာ ပြောစရာမရှိ။ ရွာထိပ်တွင် ဘုန်းတော်ကြီးဦးဇဝနကျောင်းတကျောင်း ရှိ၏။ အင်းသားများ သေခါနီး ဆည်းကပ်ရာကျောင်းပေတည်း။ ရွာတောင်ဖက်စွန်းတွင် ဦးဘိုးထွန်း တူးထားသော ရေကန်တကန် ရှိလေသည်။ ရွာသားတို့ သောက်ရေ ခပ်ယူရာတည်း။ ထိုရေကန်နှင့် ကပ်လျက် အန္တရာယ်ကင်း ကိုးတောင်ပြည့်ဘုရား၊ ကွင်းခေါင်ခေါင်တွင်။

ရွာတွင် အိမ်ခြေကား သုံးလေးဆယ်ခန့်။ သက်ကယ်မိုး၊ ဝါးကပ်ကာ၊ ဝါးခြမ်းခင်း၊ ဝါးတိုင်တွေနှင့် အိမ်များသာ။ အိမ်နှစ်ဆောင်ပြိုင် ကျယ်ကျယ်ဆောက်ကာထားသောအိမ်ကား နတ္ထိ။ ပျဉ်ထောင်အိမ်ဟူ၍ကား မရှိ။ တအိမ်လျှင် အလွန်ဆုံး ငွေ ၁ဝိ ခန့်တန်၏။ သို့သော် အင်းခံဝန်ပေးကြသောအခါ ငါးရာတန်သည်ဟု ကျမ်းကိုင်ကာ ဆိုကြလေသည်။

အိမ်အောက်များတွင် ဝက်တွေ ကြက်တွေ ဘဲတွေ အနှံ့အပြား လွှတ်၍ထားလေသည်။ ဆူဆူညံညံနှင့် အိမ်ရှေ့ အိမ်နောက်ဖေး အိမ်ပတ်ဝန်းကျင်များတွင် ငါးပိအိုးတွေ၊ ငန်ပြာရည်အိုးတွေ အနန္တနှင့် နံလိုက်တဲ့ဖြစ်ခြင်း။ သင်းတို့ရွာသားတွေ ဘယ်လိုနေကြသည်မသိ၊ ရောဂါလဲ မရ၊ ဒုက္ခလဲ မဖြစ်။

တရွာလုံးတွင် အိမ်သာတလုံးမျှ မရှိ။ တကဲ့ရွာသားတွေ။ ရွာလမ်းကား ကျယ်ပါ၏။ နွေအခါတွင် ဖုံတထောင်းထောင်း။ မိုးအခါတွင် ရေမြုပ်။ လမ်းချည်းသာ ရေမြုပ်သည်မဟုတ်။ အိမ်များလည်း ရေမြုပ်၏။ ရွာသားများ အိမ်အပေါ်ထပ်တွင် တက်၍နေကြရလေသည်။ ကြက်လည်း သည်မှာ၊ ခွေးလည်း သည်မှာ၊ ဝက်လည်းသည်မှာ၊ ဘဲလည်း သည်မှာ၊ ကြောင်လည်း သည်မှာ၊ တော်တော်ပျော်စရာကောင်း၏။ အိပ်လည်း သည်မှာ၊ စားလည်း သည်မှာ၊ ထမင်းဟင်းချက်လည်း သည်မှာ၊ ကျန်းမာရေးဆရာများအတွက် သင်ခဏ်းစာတခုရပြီ။

မိုးတွင်းအခါတွင် မြွေပွေးတွေ ပေါလိုက်သည်မှာလည်း ပြောစရာမရှိ။ ဝါခေါင်လအတွင်းက မောင်ဘိုးသောင်ဇနီး အပေါ်ထပ်တွင် အိပ်နေခိုက် မြွေပွေးခဲ၍ သေရှာလေပြီ။

ဤမျှနှင့် တပေကုလားရွာကလေး၏ သာယာပုံအကြောင်း သိလောက်ပြီထင့်။ ရွာသားရွာသူတို့အကြောင်း ရေးသားပါရစေဦး။

တရွာလုံး ရေနှင့် အသက်မွေးသူချည်း။ ရွာပတ်ဝန်းကျင်တွင် အင်းပေါင်း ခြောက်အင်းခန့် ရှိ၏။ ထိုအင်းတို့တွင် ရှိသော ငါးများအပေါ်၌ အုပ်ချုပ်ကာ မင်းလုပ်၍နေကြသော အင်းသားကြီးကား ခြောက်ယောက်ခန့်ပင် ရှိလေသည်။ တပေကုလားသူကြီး ဦးငွေလှလည်း တယောက်အပါအဝင် ဖြစ်၏။ ထိုအင်းသားကြီးခြောက်ယောက်တို့မှ အပဖြစ်သော အခြားရွာသားတို့ကား အချခံ အင်းသားကလေးများနှင့် အင်းကူလီများသာတည်း။ လယ်သမားဟူ၍ အောင်ဖေနှင့် ဦးဘိုးဆင်တို့ နှစ်ယောက်သာ ရှိလေသည်။ သူတို့နှစ်ယောက်ကား တရွာလုံးနှင့် မသင့်။ နှစ်ယောက်နှင့် တရွာလုံး ဖြစ်သော်လည်း အောင်ဖေတို့တွင် အနည်းငယ်မျှ ကြောက်စိတ်မရှိ။

အောင်ဖေ သတင်းပေးချက်အရ၊ ယစ်မျိုးအရာရှိ ဦးဘမော် ပိုက်ပူကြီးရွာသို့ တိတ်တဆိတ်လာ၍ မွှေနှောက်သွားလေသည်။ သူကြီးသား မောင်ပြားလက်ထဲမှ ဘိန်းငါးကျပ်သား မိ၏။ သူကြီး၏တူ ထွန်းတင်၏အိမ်မှ ချက်အရက် ခြောက်ပုလင်း မိလေသည်။ ဒဏ်ငွေ ၇၅ ကျပ်စီ အရိုက်ခံကြရ၏။ မောင်ပြားနှင့် ထွန်းတင်တို့မှာ အခဲမကျေကြ။ သူကြီးမင်း ဦးငွေလှမှာလည်း အောင်ဖေအပေါ်တွင် အချက်ရှာလျက်နေလေတော့သည်။ အောင်ဖေမှာလည်း ခေါင်းမာသူတယောက် ဖြစ်၏။ လူခွန်ကို မဆောင်။ ကတ်ဖဲ့လုပ်၍ နေလေသည်။ သူကြီးမင်း၏ အချက်ပေါ်ပြီ။ မြို့ပိုင်မင်းထံ တိတ်တဆိတ်သွား၍ ဝါးရမ်းစာတစောင် ထုတ်ခဲ့လေသည်။ ညတိတ်တဆိတ် အောင်ဖေ၏အိမ်ကို ဝိုင်း၍ အောင်ဖေကို ဖမ်းကြကုန်၏။ အောင်ဖေလည်း မပြေးသာ အဖမ်းခံရရှာ၏။ သူကြီးမင်းလည်း ဝရမ်းစာကို ပြပြီးလျှင် အောင်ဖေအား လက်ထိတ်ခတ်လေတော့သည်။ ပြီးလျှင် မီးတုတ်တွေနှင့် ရွာလယ်ခေါင်တွင် လျှောက်၍ပြလေသည်။ တရွာလုံး တအုံးအုံးနှင့် နေ၏။ အောင်ဖေ၏အရှက်ကား ဆိုစရာမရှိပြီ။ သူ၏မယားက နောက်တနေ့တွင် လူခွန်ငါးကျပ်နှင့် စရိတ်ငါးကျပ် ပေါင်း ငွေတဆယ်ဆောင်တော့မှ အောင်ဖေအား ရွာသူကြီးမင်း လွှတ်လိုက် လေတော့သည်။

မိမိ၏တပည့်ကို အရှက်ခွဲသောကြောင့် ဦးဘိုးဆင်မှာ အသည်းနာလျက်နေ၏။ တနေ့သော် ပုလိပ်အရာရှိများနှင့် ပူးပေါင်းပြီးသကာလ ဆယ်အိမ်ခေါင်း ဘိုးထင်တို့အိမ်တွင် ဖဲဝိုင်းကိုဖမ်း၏။ ဘိုးထင်ကား အောင်ဖေအား သူကြီးဖမ်းစဉ်က ရှေ့ဆောင် ဖြစ်လေသည်။ ထိုဖဲဝိုင်း ဖမ်းရာတွင် အင်းသားကြီး ထွန်းစိန်၊ အင်းလက်ထောက် အချခံ စိန်ဘိုး၊ သူကြီးကတော် ဒေါ်ရု၏တူ မောင်အောင်တို့လည်း အဖမ်းခံကြရလေသည်။ တရားသူကြီးက တယောက်လျှင် ဒဏ်ငွေ အစိတ်စီ ရိုက်လိုက်လေသည်။

ဤအမှုအတွက် ဦးဘိုးဆင်အပေါ်၌ သူကြီးမင်း စိတ်ခုပြန်လေပြီ။ အချက်ကို ရှာပြန်၏။ ဦးဘိုးဆင်ကား လူခွန်လည်း ဆောင်ပြီးပြီ။ မြေခွန်လည်း ဆောင်ပြီးပြီ။ ဖဲဝိုင်းထောင်သူလည်းမဟုတ်။ ဘိန်းတို့ အရက်တို့ကိုလည်း မရောင်း။ အကြံရ အိုက်လျက်နေ၏။ သို့သော် အကြံကို မလျှော့။ ဦးဘိုးဆင်မှာ သစ်ပင် ပန်းပင် စိုက်ပျိုးခြင်းကို ဝါသနာပါ၏။ သူ၏အိမ်ရှေ့တွင် ပန်းခြံကြီးကို ခမ်းနားစွာ ပြုစုပျိုးထောင်၍ထားလေသည်။ ထိုပန်းခြံအတွင်းရှိ ပန်းပင်၊သစ်ပင်ကလေးတို့ကိုသာလျှင် အရိပ်တကြည့်ကြည့်နှင့် နေ၏။ ထို ဦးဘိုးဆင်၏ဥယျာဉ်မှာ ရွာလမ်းထဲသို့ ဆယ်ပေခန့် ကျူးလွန်၍ နေလေသည်။

သူကြီးမင်း၏ အချက်ပေါ်ပေပြီ။ ဦးဘိုးဆင်သည် ရွာလမ်းအပေါ်၌ ကျူးလွန်နေကြောင်းကို အရေးပိုင်မင်းထံ အစီရင်ခံစာ ရေးသား ဆက်သွင်းလိုက်၏။ မကြာမီ အရေးပိုင်မင်းထံမှ ထိုကျူးလွန်၍နေသော မြေပေါ်ရှိ သစ်ပင် ပန်းပင်တို့ကို ခုတ်ပစ်ရန် အမိန့်ရောက်ရှိလေသည်။ သူကြီးမင်း၏ဝမ်းမြောက်ခြင်းကား ပြောမပြနိုင်ပြီ။ မိမိအိမ်ဦးခန်းတွင် ဆွဲ၍ထားသော မောင်းကွဲကြီးကို အကြိမ်ပေါင်း များစွာ ထု၏။ ရွာသား သုံးဆယ်ခန့် ဓါးကိုယ်စီ၊ တုတ်ချွန် ကိုယ်စီနှင့် ရောက်ကြလေပြီ။ သူကြီးမင်းလည်း ထိုရွာသား သုံးဆယ်ကျော်တို့နှင့် ဦးဘိုးဆင်၏အိမ်ရှေ့သို့သွား၍ လမ်းတွင် ကျူးလွန်၍နေသော ဥယျာဉ်တွင်းရှိ သစ်ပင်ပန်းပင်တွေကို စိစိညက်ညက် ကြေအောင် ဖျက်ဆီးလိုက်ကြလေပြီ။ ဦးဘိုးဆင်က တား၏။ သူကြီးမင်းက အရေးပိုင်မင်း၏အမိန့်စာကို ပြ၏။ ဦးဘိုးဆင်၏အသည်းကို ကျွဲဝင်၍ ခတ်လေပြီ။ အဘယ်မှာ အခဲကြေနိုင်အံ့နည်း။

တနေ့သော် မောင်ဟန်ကြီးနှင့် မပန်းစိန်တို့၏ မင်္ဂလာဆောင်အိမ်တွင် ဦးဘိုးဆင်၏သမီး မပန်းအောင်က သူကြီးမင်း ဦးငွေလှသည် မတရားသောသူကြီး၊ ရွာသား ရွာသူတို့အား နှိပ်စက်သောသူကြီး၊ ဘိန်းစားသောသူကြီး ဟူ၍ ခပ်ကျယ်ကျယ်ကလေး ဆိုလျက်နေလေသည်။ သူကြီးကတော်ကြီး ဒေါ်ရု ကြားလျှင် မခံနိုင်။ မင်္ဂလာဆောင်အိမ်တွင် ရန်ပွဲကြီး စလေတော့၏။ ဒေါ်ရု၏ အဒေါ်တော်စပ်သူ ဒေါ်ရွှေခက်က ထမီတတောင်လောက် မြှင့်ကာ သူကြီး ကတော်ဖက်မှ ဝင်၍ကူ၏။ ဦးဘိုးဆင်၏တူမ မပန်းရီက မပန်းအောင်ဖက်မှ ဝင်၍ ရန်တွေ့၏။ ဤရန်ပွဲကား မိန်းမတွေနှင့်သာ ကိစ္စတုံးမူကား ကောင်းလေစွ။

ဟော ဟော ဪ..သူကြီးသား မောင်ပွားနှင့် သူကြီးတူ ထွန်းတင်တို့ ပေါက်၍လာကြလေပြီ။ မောင်ပွား လက်ထဲတွင် ဓားမြှောင်နှင့်။ ထွန်းတင် လက်ထဲတွင် သံတုတ်နှင့်။ မိန်းမအချို့ မင်္ဂလာဆောင်အိမ်မှ ဆင်း၍ ပြေးကြလေပြီ။ သို့သော် မပန်းအောင်နှင့် မပန်းရီတို့ကား ထီပင်မထီ။ ဂရုပင် မစိုက်။ အရေးပင် မလုပ်၊ ဆဲမြဲတိုင်း၊ တိုင်း မြဲတိုင်း၊ ရေမြဲတိုင်း။

မောင်ပွားနှင့် ထွန်းတင်တို့ ဒေါ်ရုဖက်မှ ကူ၍ ဆဲကြလေပြီ။ ရွာသားများ မည်သူမျှ မကပ်ဝံ့ကြ။ တော်တော်ဆိုးတဲ့ အကောင်တွေ။ မပန်းအောင်၏ယောက်ျား မောင်သာအိက အိမ်မှ ပြေးလာပြီးလျှင် ထွန်းတင်အား ဓားနှင့် ခုတ်လေပြီ။ မောင်ပွါးက သာအိကို ဓားမြောင်နှင့် ထိုး၏။ ထွန်းတင်နှင့် သာအိ နှစ်ယောက်သား ပုံလျက် လဲနေကြလေပြီ။ ဟောဟိုမှာ သာအိညီ ကဇန်းနှင့် ဘိုးကျားတို့ ပေါက်လာကြပြီ။ ဆွဲကြပါအုံး။ ဆွဲကြပါအုံး။ သည်တခါ ခက်တော့ မည်။ လှံတွေ ကိုယ်စီနှင့်။ ဆွဲသူကဆွဲ။ ဖက်သူက ဖက်ထားကြ၏။ မနိုင်။ မောင်ပွားဖက်မှ ကူညီရန် ထွန်းအောင်နှင့် ထွန်းမောင်တို့ ညီအစ်ကိုလည်း မှိန်းကြီးတွေ ကိုယ်စီနှင့်။ ခက်ကုန်ပြီ။ ခက်ကုန်ပြီ။ လုပ်ကြပါအုံး။ သူကြီးကို အကြောင်းကြားမှပေါ့။ သူကြီးအိမ်မှ မောင်းကွဲသံကြီး ဆူညံနေပြီ။ တရွာလုံး အုတ်အုတ်ကျက်ကျက်။ သူကြီးလည်း မနိုင်တော့ပြီ။ သူကိုယ်တိုင်ပင် ဤစစ်ပွဲတွင် ပါဝင်နေသလား မပြောတတ်။ ဆွေမျိုးတွေအားလုံး မီးစက်ကုန်ကြလေပြီ။ အနားအနီး ရွာများကပင် ဆူညံနေသောအသံကြီးကို ကြားကြရကုန်၏။ ဤရန်ပွဲကြီး မည်မျှကြာမည် မသိ။ နောက်တနေ့၌ တပေကုလား ရွာသူရွာသား ၂၀ ခန့် ဆေးရုံသို့ ရောက်၍နေကြလေသည်။

တရွာလုံး တိတ်လျက်နေပေပြီ။ ဘုန်းတော်ကြီး ဦးဇဝနကျောင်းတွင် မွေးထားသော အောင်နက်၊ ဂျိုကာ၊ အာဝါဒေး စသော ခွေးများလည်း ထမင်းငတ်ကြကုန်၏။ ဘုန်းတော်ကြီး ဦးဇဝနကိုယ်တိုင်ပင် ဆွမ်းမဝတဝသာ ဘုဉ်းပေးမည် ဟူသော ဓူတင်ကို ကျင့်ရလေ၏။ ဆွမ်းပို့သူရှိ။ ဆွမ်းခံ၍ ရသမျှနှင့်သာ တင်းတိမ်ရရှာလေတော့သည်။ အဆိုပါ ရန်ပွဲကြီးကား ရွာသူရွာသားတို့ကိုသာ ထိခိုက်သည် မဟုတ်။ ဘုန်းတော်ကြီး ဦးဇဝနကိုပင် ထိခိုက်သော ဟူ၏။

ဘုန်းတော်ကြီး ဦးဇဝန တပေကုလားရွာသို့ ရောက်သည်မှာ သုံးဝါပင် ရှိလေပြီ။ ယခုကဲ့သို့ တခါမျှ ခေါင်းပါးခြင်း မဖြစ်ခဲ့ဘူး။ မိမိ တပေကုလားသို့ မကြွလာမီ ထိုကျောင်းတွင် ထိုင်ခဲ့သော ဘုန်းကြီး ဦးဝိဇယလက်ထက်တော်အခါကမူကား ရွာသားများနှင့် မသင့်သောကြောင့် တော်တော်ပင် ခေါင်းပါးခဲ့လေသည်။ အကြောင်းကား ဦးဝိဇယကိုယ်​တော်က ငါးဖမ်းခြင်း၊ ငါးပိလုပ်ခြင်းတို့ဖြင့် အသက်မွေးခြင်းသည် မကောင်းသော အသက်မွေးခြင်းဖြစ်သည် ဟူ၍ ဟောတော်မူသောကြောင့် ဖြစ်လေသည်။

ဘုန်းတော်ကြီးဦးဇဝနကား ဘုန်းတော်ကြီး ဦးဝိဇယကဲ့သို့မဟုတ်၊ အင်းသားတွေနှင့် ဆန့်ကျင်ဖက်ဖြစ်သော တရားကို မဟော။ တသက်ပတ်လုံး သူတကာ၏အသက်များကို သတ်ဖြတ်၍နေသော်လည်း သေခါနီး ကောင်းသောဇောကို ဝင်လိုက်လျှင် ကောင်းရာသုဂတိသို့ လားရသည် ဟူ၍ ပုံတွေ ဝတ္ထုတွေနှင့် ဟောလေ့ရှိ၏။ ထိုတရားကို ဟောကြားသည့်နေ့မှစ၍ ဘုန်းတော်ကြီး ဦးဇဝနကျောင်းတွင် ဆွမ်းအုပ်တွေ မနည်းပြီ။ ကန်တော့ပွဲတွေ မနည်းပြီ။ ကျောင်းသားလည်း မနည်းပြီ။

ဘုန်းတော်ကြီး ဦးဇဝနမှာ တရားဟောသော နေရာတွင်သာ ခေတ်ဆန်သည် မဟုတ်၊ ကျောင်းသားများအား စာသင်ကြားသော နေရာတွင်လည်း ခေတ်ဆန်လေသည်။ ကျောင်းသားများ၏စိတ်ကို ချုပ်ချယ်ခြင်းမပြု၊ သူတို့အား လွတ်လပ်စွာ ထား၏။ ကျောင်းသားများ ကျောင်းတက်ချင်သောအချိန်တွင် ကျောင်းတက်နိုင်၏။ အလျင်း ကျောင်းမတက်ဘဲ နေလိုက နေနိုင်၏။ သင်ကြားလိုသောစာကို သင်ကြားနိုင်၏။ ထင်သလိုနေနိုင်သော ကျောင်းတည်း။

ထိုသို့ လွတ်လပ်ခွင့်ကို ပေးထားသောကြောင့်မဟုတ်လော။ ကျောင်းသားများ ထမင်းဟင်း စားသောက်ပြီးကြလျှင် ကျောင်းတွင် တယောက်မျှ မရှိ။ တပေကုလားချောင်းထဲတွင် ရေကူးသူကူး၊ ငါးဖမ်းသူက ဖမ်း၊ ဂဏန်းနှိုက်သူက နှိုက်၊ လွတ်လပ်လိုက်တဲ့ကျောင်းသားတတွေ။ အင်္ကျီ လုံချည်ဆို၍ မကပ်ကြ။ ခေါင်းတုံးပြောင်ပြောင် ကိုယ်ရောင်မဲမဲ၊ သရဲကလေးတွေနှင့် မခြား။ ဆေးပြင်းလိပ်တွေ ပါးစပ်ထဲ ခဲထားကြသေး။ အရွယ်ကလေးတွေက ကိုးနှစ် ဆယ်နှစ်သာ။

ထိုကျောင်းသားများအနက် နောင် နှစ်ပေါင်း လေး ငါးဆယ် လွန်မြောက်လျှင် တယောက်တလေ မြန်မာပြည် သမတ မဖြစ်ဘူး ဟူ၍ မည်သူ ပြောကြားနိုင်အံ့နည်း။ သမတ ဆိုသည်မှာ အများ သဘောတူလျှင် ဖြစ်စတမ်း။

(သိပ္ပံမောင်ဝ - ဂန္ထလောက၊ ၁၂၉၅ ခု၊ ဝါဆိုလ။)

မြန်မာစာမှာ တပေ ဆိုတာ ၁၂ လက္မမဟုတ်ဘူးတဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

နိုင်ငံတော်သီချင်း

နိုင်ငံတော်သီချင်းကို တင်ထားတာ တွေ့တယ်။ မူရင်းသီချင်း မဟုတ်ပါ။ သတ်ပုံရော စာသားပါ မှားအောင်ပြင်ထားတာဖြစ်နေတယ်။ အမှန်ကိုသိသူ အတော်ကို ရှားသွားပြီ။နိုင်ငံတော်သီချင်း  တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ တို့ပြည် တို့မြေ များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည် တို့ပြည် တို့မြေ ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ အဓိဋ္ဌာန်ပြုပေ ထိန်း သိမ်း စို့လေ။ (ကမ္ဘာမကျေ၊ ဗမာပြည်၊ တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ) ၂ ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ။ ဒါ တို့ပြည် ဒါ တို့မြေ တို့ပိုင်နက်မြေ။ တို့ ပြည် တို့ မြေ - အကျိုးကို  ညီညာစွာ တို့ တတွေ ထမ်းဆောင်ပါစို့ လေ  တို့ တာဝန်ပေ  အဖိုးတန် မြေ။ မှတ်ချက် - ပြည်ကို ပြေဟု ဖတ်ပါ။ တို့ ကို ဒို့ ဟာ ဖတ်ပါ။ နိုင်ငံတော်သီချင်း မူရင်း ဖြစ်ပါတယ်။ အခုတော့ ဗမာပြည် မရှိတော့ပါ။ တို့တတွေလည်း မရှိတော့ပါ။ သတ်ပုံမှန်တွေကို ဖျက်လိုက်ပြီ။ စစ်အစိုးရ ဒုတိယမျိုးဆက်မှာ ဗမာ နဲ့ မြန်မာ ဝေါဟာရကို အငြင်းပွားလာကြတယ်။ စစ်ထောက်လှမ်းရေးက စတာ။ ကနေ့အသုံး ဂျင်း (ချင်း) ဖြစ်တယ်။ တိုင်းရင်းသားအမျိုးမျိုးကလည်း ဗမာဆိုတာ တကောင်းကစခဲ့တဲ့ ပုဂံ (ပျူ) လူမျိုးနဲ့သာဆိုင်တယ်၊ မြန်မာကသာ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ