တင်မိုးကို ကဗျာဆရာ လူအေးတဦးအဖြစ်သာ လူသိများပါတယ်။ ရိုးရိုးကုပ်ကုပ်နေသူလို့သာ နားလည်ထားကြပါတယ်။ ဒီလိုပြောတဲ့အတွက် မရိုးမကုပ်-လူပူ လူဆူတဦးလို့ ဆိုလိုတာမဟုတ်ပါဘူး။ အလွန် လှုပ်လှုပ်ရှားရှား နေတတ်သူ၊ အလုပ်တခုခုကို အားထုတ်လုပ်ကိုင်နေတတ်သူအဖြစ် သူ့ကို ကျနော် အနီးကပ်မြင်ခဲ့ရလို့ ဖြစ်ပါတယ်။ သူ အထူး လုပ်ချင်တာကတော့ ဦးလေး လူထုဦးလှလို ထုတ်ဝေသူ-သတင်းစာဆရာ လုပ်ချင်တာပါပဲ။
တင်မိုး တက္ကသိုလ်ဝင်တန်းအောင်တာက ရေစကြိုမြို့ကပါ။ ရေစကြိုကျောင်းမှာနေတုန်းက ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌက ‘ကိုကျော်’ တဲ့။ ကိုကျော်က အမတ်အဖြစ် အရွေးခံရတယ်။ ဒါကြောင့် ‘ကျောင်းသားအမတ် ကိုကျော်’ လို့ နိုင်ငံရေးသမား လောကမှာ ထင်ရှားတယ်။ ကိုကျော်နဲ့ တင်မိုးနဲ့က သူငယ်ချင်းဆိုတော့ ကျောင်းရဲ့စာပေလှုပ်ရှားမှုဟူသရွေ့ တင်မိုး လုပ်ချင်တာတွေကို ကိုကျော်က နောက်ကနေ လိုက်လုပ်ပေးတယ်။
ကျောင်းသားသမဂ္ဂ နံရံကပ်စာစောင်၊ ကျောင်းမဂ္ဂဇင်း၊ ကျောင်းသတင်းစာ စသဖြင့် ထုတ်ဝေခဲ့ဖူးတယ်လို့ ကျနော့်ကို ပြောဖူးပါတယ်။ နံရံကပ်စာစောင်ဆိုတာ နံရံမှာကပ်ရတယ် ဆိုတာကလွဲပြီး သူ ဘာမှမသိဘဲ လုပ်ခဲ့သတဲ့။ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ သတင်းအားလုံး သူ့စိတ်ကူးနဲ့ သူ တယောက်တည်း ရေးခဲ့ကြောင်းကို ပြန်ပြောပြဖူးပါတယ်။ ရေစကြိုသတင်းစာ တစောင်ထုတ်ခဲ့ဖူးတာရှိပေမယ့် သူကိုယ်တိုင် အယ်ဒီတာလား၊ သူ ဘယ်အခန်းကပါခဲ့သလဲ ဆိုတာကိုတော့ ရေစကြိုသားတွေဆီ ပြန်မေးရပါအုံးမယ်။
တခုသေချာတာက သူဟာ ရောက်ရာအရပ်တိုင်းမှာ စာကြည့်တိုက် (စာဖတ်အသင်း) တခုကို ထောင်ဖြစ်အောင် ထောင်တော့တာပါပဲ။ စာစောင်တခုခုလည်း ထုတ်ဖြစ်အောင် ထုတ်တာပါပဲ။ ဒါကတော့ ဦးလေး လူထုဦးလှနဲ့ ဝါသနာ တူပါတယ်။ စာမေးပွဲအောင်ဖို့၊ ဂုဏ်ထူးရဖို့ဆိုတာတွေကို စိတ်မဝင်စားပါဘူး။ ဂုဏ်ထူးရလို့သာ ရတာပါ။
တင်မိုးတက္ကသိုလ်ရောက်တော့ တက္ကသိုလ်နှစ်လည် မဂ္ဂဇင်းမှာ မြန်မာစာအယ်ဒီတာအဖြစ် တာဝန်ယူရဖူးပါ တယ်။ ၁၉၆၀-၆၁ ခုနှစ်အတွက် ဖြစ်မယ်ထင်ပါတယ်။ သူက စိတ်ဝင်တစားလုပ်ခဲ့ပါတယ်။ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်း ဆိုတာ သူ မရောက်ခင်ကတည်းက ရှိနှင့်ပြီးသားပါ။ ‘အမြုတေ’ဆိုတဲ့ စာပေမဂ္ဂဇင်း ထုတ်ခဲ့ဖူးပါတယ်။ ၁၉၅၇-၅၈ သူနဲ့ မောင်သိန်းနိုင် (ဂုဏ်ထူးသိန်းနိုင်)တို့ နှစ်ယောက်ရောက်တဲ့နှစ်မှာတော့ ‘ကလောင်ရှင်အသင်း စာစဉ်’ ထုတ်ရအောင်လို့ သူကပဲ စတင် အဆိုတင်ပါတယ်။ အခြားထုတ်စရာမရှိလို့ သူ့ကဗျာစာအုပ် ‘ဖန်မီးအိမ်’ ကိုပဲ စာစဉ်(၁)အဖြစ် ၁၉၅၉ မှာ စီစဉ်ထုတ်ဖြစ်ခဲ့ပါတယ်။ နောက်စာအုပ်က ကြည်အောင်နဲ့ မောင်စွမ်းရည် နှစ်ယောက်တွဲ ‘စိတြ ကဗျာ’ များ စာအုပ် ဖြစ်ပါတယ်။ နောက်ထပ်ထုတ်ဖြစ်တဲ့ ဝင်းကြွယ်ရဲ့ ‘ခေါင်းလောင်သံ ကဗျာများ’ စာအုပ်နဲ့ ဘုတလင် ချစ်လေးရဲ့ ‘ကချေသည်ကဗျာများ’ ကတော့ ကျနော်တို့ပဲ ဆက်ထုတ်ခဲ့ပါတယ်။ အထူးကတော့ ဆရာဇော်ဂျီရဲ့ ‘ရသစာပေအဖွင့်’ ထုတ်တာပါပဲ။
တင်မိုးဟာ စာအုပ်ထုတ်ဝေဖို့ကိစ္စကို အမြဲမပြတ်စဉ်းစားနေတာပါပဲ။ ဖန်မီးအိမ် ကဗျာစာအုပ်ကို ဆုရပြီးမှ နောက်တကြိမ် ထပ်ထုတ်ပါသေးတယ်။ ပေါ်ဦးသက် ပန်းချီ၊ ကဲနက်ဘစိန်ရဲ့ အင်္ဂလိပ်ဘာသာပြန်နဲ့ပါ။ သူကိုယ်တိုင် စိတ်ကြိုက် စီစဉ်ခဲ့ပါတယ်။
တင်မိုးဟာ စာတော်ပေမယ့် ဘွဲ့မရခင်ကျောင်းထွက်ပြီး ပြင်ပမှာ စာပြရင်းက စာမေးပွဲပြန်ဖြေပါတယ်။ တက္ကသိုလ်ဝင်တန်း အောင်ပြီး ၈ နှစ်ကြာမှာ ဘွဲ့ရပါတယ်။ ဒီကြားထဲမှာ ထုတ်ဝေသူလုပ်ဖို့ အမြဲကြိုးစားပါတယ်။ သူကြိုးစားတာက သူငယ်ချင်းတွေစုပြီး ပုံနှိပ်စက် ဝယ်မယ်။ ထုတ်ဝေရေးကို သူ ဦးစီးမယ် တဲ့။ သူနဲ့ တကသ ဥက္ကဋ္ဌဟောင်း ကိုစောလွင်နဲ့ စိတ်ဝင်စားစွာ စီစဉ်ကြပါတယ်။ ကိုစောလွင်ရဲ့အိမ်က ခြံဝန်းရော၊ အိမ်ရော ကျယ်ပါတယ်။ သနပ်ဖက်ပွဲရုံဟောင်းကြီးပါ။ အဲဒီခြံမှာစီစဉ်တာ မအောင်မြင်ခဲ့ဘူး။ ကျနော်က နာမည်ပဲ ပါခဲ့ပါတယ်။ လူလည်းမစိုက်၊ ငွေလည်း မစိုက်ပါဘူး။ ကိုသာနိုးက ဘာသာပြန်ပေးပါတယ်။ မြန်မာစာပေမဂ္ဂဇင်းတစောင်ကို အင်္ဂလိပ်လိုထုတ်ဖို့ တင်မိုးပဲ စိတ်ကူးယဉ်ခဲ့ဖူးပါ တယ်။ မောင်သာနိုးကို အားကိုးပြီးတော့ပါပဲ။
ရေစကြိုသားတယောက်အနေနဲ့ လုပ်တာကတော့ တော်တော် အောင်မြင်ပါတယ်။ သူရဲ့ကျောင်းသုံးသဒ္ဒါစာအုပ် ထုတ်ဖူးတယ်။ ကျနော်က စာအုပ်ဖုံး ဆွဲပေးရပါတယ်။ ဆရာဇော်ဂျီရဲ့ ‘ရသစာပေနိဒါန်း’၊ ဆရာမင်းသုဝဏ်ရဲ့ ‘ပန်းနဲ့ပင်စည်’၊ မောင်ထင်ရဲ့ ‘ငဘ’ တို့ကို ထုတ်ဝေတာ အောင်မြင်ပေမယ့် သူတပည့်တွေက စာအုပ်လည်း ခိုးရိုက်၊ ငွေလည်း ခိုးသုံးကြလို့ ပြုတ်သွားပါတယ်။ အဲဒါက ‘ကမ္ဘာခေတ်’ စာပေတိုက်တဲ့။ အဲဒါ တင်မိုးရဲ့ ခြေရာလက်ရာချည်းပါပဲ။ သူ့တပည့်က မိန်းမတယောက်ထပ်ယူတယ်။ မကြာခင်ဆုံးပါတယ်။
မကြာခင် မောင်မိုးသူက ‘မိုးဦးပန်း’ စာအုပ်တိုက် ထောင်တယ်။ ထုတ်ဝေရေးအောင်မြင်ပေမယ့် ငွေရေးကြေးရေး စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ သူလည်း တာရှည်မခံဘူး။ တင်မိုးက ထုတ်ဝေစိတ်ထက်သန်လွန်းတော့ အနောက်ကျုံးထိပ် နေပြည်တော် အလွတ်ပညာသင်ကျောင်း (၁၉၆၃-၆၅ ?) မှာ မြန်မာစာဆရာဝင်လုပ်ရင်း ဝါသနာတူ သူငယ်ချင်း တောင်သာသား ကျောင်းဆရာ ကိုညိုကြီးနဲ့တွဲပြီး ပုံနှိပ်တိုက်နဲ့ စာအုပ်တိုက်တည်ထောင်ပြန်ပါတယ်။ ဆရာမင်းသုဝဏ်ကို ဦးထိပ်ရွက်ပြီး ‘သပြေ စာအုပ်တိုက်’ အမည်နဲ့ စာအုပ်ထုတ်မယ်ဆိုတော့ သူ့သူငယ်ချင်း မောင်စွမ်းရည်ရဲ့ ‘အနီနှင့်အပြာ ကဗျာများ’ စာအုပ်ကို မောင်သာနိုးရဲ့ အင်္ဂလိပ်ဘာသာပြန်နဲ့ ထုတ်ပါတယ်။ မောင်စွမ်းရည်က ကိုယ့်စာအုပ်ထုတ်တာကိုတောင် သိပ် လှည့်မကြည့်ပါဘူး။ တင်မိုးက စာမူစုတယ်၊ အင်္ဂလိပ်ဘာသာပြန်ကို ကိုသာနိုးဆီက ရအောင်လုပ်တယ်။ ကျနော်က ကိုဝင်းဖေဆီက မျက်နှာဖုံးရဖို့ပဲ လုပ်ပေးရပါတယ်။ တင်မိုးရဲ့‘လှေတစင်းနဲ့ သီချင်းသည်’ (၁၉၆၃) မှာ ထုတ်တယ်။ မောင်သာနိုးဘာသာပြန်နဲ့ တွဲထုတ်တယ်။ ကျနော် ဘာမှလုပ်မပေးတော့ အမှာစာ ဇွတ်ရေးခိုင်းလို့ ရေးပေးရတယ်။ ကျနော်က မရေးရဲဘူးဆိုတော့ စမ်းရေးကြည့်ခိုင်းပါတယ်။ စမ်းရေးတာကိုပဲ သူက ကြိုက်သတဲ့။ ဒါနဲ့ ဆရာ တာရာရဲ့ အမှာစာတခု။ ‘သူငယ်ချင်းတဦး’ လို့ပဲ တပ်ပါဗျာ လို့ ပြောရတယ်။ နောက်ထပ် ဘာစာအုပ်တွေထုတ်သလဲ မမှတ်မိတော့ပါဘူး။ အဲ – သပြေစာအုပ်တိုက်ရဲ့ သပြေခက်ပုံ တံဆိပ်ကလေးကိုတော့ ကိုပေါ်ဦးသက် ရေးပေးပါတယ်။
အလွတ်ပညာသင်ကျောင်း ပြည်သူပိုင်သိမ်းပြီးတော့ ထင်တယ်။ ညောင်ပင်လေးဈေးအနီးမှာ တင်မိုးအိမ်ငှားနေတော့ သူပိုင်စာအုပ်တိုက် ‘ဖန်မီးအိမ်’ ဆိုတာကို ၁၉၆၅ မှာ တည်ထောင်တယ်။ ပုံနှိပ်တိုက်နဲ့ အလုပ်သမားတွေနဲ့ အကျအနပါ။ ဖန်မီးအိမ်စာအုပ်တိုက်က စာအုပ်ထုတ်မယ်ဆိုတော့ ကျနော့်ကိုပဲ စာအုပ်ရေးပါတဲ့။ ကျနော်ရေးတာမရှိဘူး။ ဒေါ်ဒေါ် အမာ ပေးထားလို့ ဟိုချီမင်း ကဗျာစာအုပ် ‘အကျဉ်းထောင် ဒိုင်ယာရီ’ ဘာသာပြန်စမ်းကြည့်နေတယ်ဆိုတော့ သူ ထုတ်မယ် တဲ့။ ‘အကျဉ်းထောင် ဒိုင်ယာရီ’ ဆိုတော့ နေ့စဉ်မှတ်တမ်းလို့ ထင်ပြီး စိတ်မဝင်စားဘဲ နေမှာစိုးတယ်။ အဲဒီစာအုပ်ထဲက ကဗျာတပုဒ်ကို အကြောင်းပြုပြီး ‘အကျဉ်းထောင်က ပုလွေသံ’ လို့ စာအုပ် နာမည်ပေးမယ်တဲ့။ အဖုံးကို သူအိမ်အလည်လာ တဲ့ ပန်းချီအောင်စိုးကို အဆွဲခိုင်းပါတယ်။
တင်မိုးရဲ့ ‘အမေ့ကျောင်း’ဆိုတာလည်း ဖန်မီးအိမ် စာအုပ်တိုက်ကပဲ ထုတ်တယ် ထင်ပါတယ်။ ပေါ်ဦးသက်ရဲ့ သရုပ်ဖော်ပုံလေးတွေနဲ့ပါ။ သိန်းသန်းထွန်းက “မင်းရေးတာမျိုး ငါလည်း စပ်တပ်တာပေါ့” ဆိုပြီး သူလည်း ကလေးကဗျာစာအုပ်ရေးမယ် တဲ့။ ချက်ခြင်း ရေးပါတယ်။ မဆလ အစိုးရ သဘောကျ နိုင်ငံရေးလေး ဘာလေး နည်းနည်း ထည့်တယ်။ စာအုပ်နာမည်ကိုလည်း ‘ပြည်ထောင်စု ကဗျာများ’ လို့ပေးပါတယ်။ နိုင်ငံရေးနာမည် ပေးပြီး တင်မိုးကို ထုတ်ပါလို့ ခိုင်းတယ်။ တင်မိုးကလည်း မငြင်းဘဲထုတ်ပေးပါတယ်။ အဲသလို သူငယ်ချင်းတွေရဲ့ စာအုပ်တွေကို ထုတ်ဝေပေးရင်း အရင်းပြုတ်သွားပါတယ်။ သိန်းသန်းထွန်းရဲ့ ကလေးကဗျာလေးတွေဟာ စပ်နည်းမှန်ပေမယ့် တင်မိုးကိုတော့ ဘယ်မီမလဲ။
ဒီလိုနဲ့ ကျနော်တို့အတူနေရင် ကျနော်မှတ်မိသလောက် (၁) ကမ္ဘာ့ခေတ် (၂) သပြေ (၃) ဖန်မီးအိမ် ဆိုပြီး စာအုပ်တိုက် သုံးတိုက် တည်ထောင်၊ အုပ်ချုပ်ထုတ်ဝေခဲ့ပါတယ်။ သူငယ်ချင်းတွေကို ဒရွတ်တိုက်ဆွဲခေါ်ပါတယ်။ သူငယ်ချင်းတွေရဲ့ စာအုပ်တွေကိုချည်း ဦးစားပေးထုတ်ဝေခဲ့ပါတယ်။ ကျနော်ရဲ့ ‘အနီနဲ့အပြာ’ ကဗျာစာအုပ်ဟာ သူပဲ စီစဉ်ပြီး သူ့စာအုပ်တိုက် က သူပဲထုတ်ဝေခဲ့တာဖြစ်ပါတယ်။ အဲဒီစာအုပ်ဟာ ၁၉၆၄ ခုနှစ် အမျိုးသားစာပေဆုရခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။
မဆလ အစိုးရခေက်မှာ ကျောင်းတွေလည်း ပြည်သူပိုင်သိမ်း၊ သူ ကဗျာအယ်ဒီတာ (တနင်္ဂနွေအချပ်ပို) လုပ်နေတဲ့ လူထု သတင်းစာလည်း အပိတ်ခံရ (၁၉၆၇) ငွေစက္ကူသိမ်းတာတွေလည်းဖြစ်လို့ သူ့ဘဝ ရုန်းရကန်ရနဲ့ ရန်ကုန်တက္ကသိုလ် ဘာသာပြန်ဌာန ဆရာမင်းသုဝဏ်ခေါ်ရာကို လိုက်သွားတဲ့အခါ မန္တလေးမှလုပ်ခဲ့တဲ့ ထုတ်ဝေရေးလုပ်ငန်းတွေ အကုန် ရပ်ဆိုင်းသွားခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် ဘာသာပြန်ဌာနဝင်ငွေနဲ့ သူ့မိသားစု နေရေးထိုင်ရေး အဆင်မပြေနိုင်ပါဘူး။ ပြင်ပမှာ စာပြတဲ့အလုပ်တွေ ဝင်လုပ်ရပါတယ်။ ကဗျာဆရာဆိုတော့ ဝတ္ထုရေးသူတွေလို ဝင်ငွေမှ မကောင်းတာကိုး။
စာပြတာကိုတော့ အလွန်ဝါသနာပါပေမယ့် စာမေးပွဲအတွက် ကျက်စာ မှတ်ရေးရတာတွေကို သူ စက်ဆုပ်ပါတယ်။ စာမေးပွဲအတွက် ပုံစံခွက်ထဲထည့်ပြီး သင်ရတာတွေကိုလည်း မနှစ်သက်ပါဘူး။ စာအုပ်ထုတ်ဝေရေးကိုလည်း သူငယ်ချင်းတွေနဲ့ မခွဲတမ်း အတူလုပ်ချင်ရှာပါတယ်။ ရန်ကုန်မှာ စိတ်ကူးယဉ်ချိန်မရရှာပါဘူး။
ဒီလိုနဲ့ ဒီမိုကရေစီ အရေးတော်ပုံကြုံတော့ မန္တလေးက ဆင်းလာတဲ့ သူငယ်ချင်းတွေနဲ့အတူ ပါဝင်ဆင်နွှဲပါတယ်။ မောင်သာနိုး၊ မောင်မိုးသူ၊ မုံရွာတင်ရွှေ၊ ဟံသာဝတီ ကိုဝင်းတင်၊ ဝင်းဖေ၊ သိန်းနိုင်၊ ဇော်ဇော်အောင် အားလုံးပါကြတယ်။ မောင်ကြည်အောင်တို့၊ ကိုလေးတို့က အထက်ဗမာပြည်က ပါဝင်ဆင်နွှဲကြတယ်။ တင်မိုးထောင်ကျတယ်။ ထောင်ကလွတ် ထွာက်လာတော့ နိုင်ငံခြားကို ထွက်လာခဲ့တယ်။ ဂျပန်၊ ဥရောပ၊ ထိုင်း၊ အမေရိက ရောက်ရာအရပ်မှာ စာစောင်လေးတွေ ထုတ်ကြတာကို သူအားပေးပါတယ်။ ဖေးမပါတယ်။
တဖြည်းဖြည်းနဲ့ သူကိုယ်တိုင် စာအုပ်ထုတ်တာတွေ လုပ်လာမလားလို့ စဉ်းစားနေမိပါတယ်။ ခုတော့ အသက် ၇၃ နှစ်အရွယ်မှာပဲ ကွယ်လွန်ခဲ့ရှာပါပြီ။ တင်မိုး တည်းဖြတ်ထုတ်ဝေခဲ့တဲ့ စာအုပ်များ ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတပုဒ် ရေးချင်ပေမယ့် စာအုပ်ပြည့်စုံအောင် ပြန်ပြီး မကြည့်နိုင်သေးလို့ မရေးနိုင်သေးပါ။ သူ အလွန်စိတ်အားထက်သန်ခဲ့ရှာတာကို ကျနော်တို့က ဒရွတ်တိုက်လိုက်ခဲ့တာကိုပဲ အားနာလျက်ပါ။
(မောင်စွမ်းရည်)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment