ခေါက်ဆွဲထုပ်
ဟိုအရင်က ခေါက်ဆွဲထုပ်ကို အင်ဖက်နဲ့ ထုပ်ကြပါတယ်။ လျှော်ကြိုး၊ သင်ကြိုးလေးနဲ့ ချည်ထားတယ်။ အားလုံးက အော်ဂဲနစ်တွေ။ ပလပ်စတစ်မဟုတ်။ ဖေါ့ မဟုတ်။ နိုင်လွန် မဟုတ်။
အထဲက ခေါက်ဆွဲကလည်း စားကောင်းတယ်။
တောနယ်တွေမှာ ရွာဦးကျောင်းကျောင်းက ဆွမ်းခံလာရင် သတ္တုခွက်ဖြူလေးတွေနဲ့ ဆွမ်းဟင်း လောင်းလှူကြရတယ်။ ပဲဟင်း၊ သရက်ချဉ်၊ ဝက်သားဟင်း။
ဆွမ်းခံဘုန်းကြီးကျောင်းသားတွေက စစ်စေးသုတ်ထားတဲ့ ဗျပ်နဲ့ အုပ်ဆောင်း ထမ်းကြရတယ်။
ယွန်းထည်တွေလည်း သုံးတယ်။
ဆွမ်းအုပ်နီနီ အမေရွက်လို့
နက်ဖြန်မနက် ကျောင်းထွက်မယ်။
နောက်တော့ မြို့တွေမှာ သုံးဆင့်ချိုင့်၊ ငါးဆင့်ချိုင့်တွေ ပေါ်လာတယ်။ စတီးနဲ့လုပ်တယ်။
ဥပုသ်သည်တွေက ငါးဆင့်ချိုင့်တွေနဲ့ ဟင်းကောင်းတွေ၊ လက်ဖက်သုပ်တွေယူလာပြီး ရပ်ကြောင်းရွာကြောင်း ပြောဆိုကြလေ့ရှိတယ်။
ယောက်ျားကြီးတွေက ယွန်းကွမ်းအစ်ရှေ့ထားပြီး ငြင်းခုန်ကြတယ်။ အနီ၊ အဝါ၊ ကွန်မြူနစ်။
အရင်ကတော့ သံပန်းကန်နဲ့သာ ဆွမ်း၊ ထမင်းစားကြရတယ်။ တိုက်ပန်းကန် ခေါ် ကြွေပန်းကန်ဆို အဆင့်မြင့်လာပြီ။
နောက်တော့ ရယ်ဒီမိတ်တွေ သုံးလာကြတယ်။
အင်ဖက်လည်း ပျောက်သလောက်ဖြစ်သွားပြီ။
ယွန်းအုပ်ဆိုတာ မြန်မာ့ယဉ်ကျေးမှု အမှတ်တရအဖြစ်သာ ပြခန်းတွေ၊ ဧည့်ခန်းတွေမှာသာ ထားကြပါတော့တယ်။
အင်ဖက်နံ့လေးသင်းနေတဲ့ စမြိန်ထုပ်ကို သတိရတယ်။ တကျပ် ငါးမူးသာ ပေးရတာ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment