(၁)
လခြမ်းလှေပေါ် ထိုင်ပြီး
အချစ်နိုင်ငံဆီ သွားရအောင်။
ရှတစူးတူး အချစ်နဲ့
တမြမြ မူးယစ်ပြီး
ဘဝကို လက်ပစ်ကူးရအောင်။
အနေ့နေ့ အလလကို
မနေ့တနေ့က ထင်မှတ်ပြီး
ဆတ်ဆတ်တုန် ပန်းကလေးတပွင့်နှယ်
အချစ်ပွင့်ကလေး တညွတ်တနူး
မလွှတ်ဘူး မလွှတ်ဘူးဟန်နဲ့
ဆွတ်ခူးရအောင် အချစ်ရယ်။
အိပ်မက်တွေထဲမှာလည်း
သိင်္ဂါရ အလှရနံ့ တွေနဲ့
သင်းပျံ့ မွှေးထုံ
အချစ်ဘုံ အချစ်တေးတွေနဲ့
အဝေးမြင် အနီးမြင်
မွှေးရင်ခွင် ကြည်ပြာလဲ့မှာ
တီတီတာတာ အနွဲ့တွေနဲ့
သီကာသီကာ ဖွဲ့ရအောင်ကွယ်။
အချစ်သူရာ တခွက်သောက်ပြီး
ဘဝကို လက်မြှောက်ချင်သတဲ့
ကြယ်ပြောက်ညရိပ် ပန်းအဖူးဖူးမှာ
အလွမ်းမူးကလေး မူးချင်တယ်။
မူးရိပ် မူးရိပ်နဲ့
ဆူးစူးတဲ့ အဆိပ်နဲ့
အတိတ်ခါးခါးတွေကို
တံခ်ိတ်ပါး တံခါးပိတ်ပြီး
အရိပ်ဝါးဝါးကလေးမျှ မမြင်မတွေ့ရအောင်
တမင်မေ့ပါရစေ အချစ်ရယ်။
ဘဝမှာ ဒဏ်ရာတွေပါမှ
ကဗျာတွေ လှတတ်တယ်။
ကဗျာတွေ အမှန်လှပေမယ့်
ဒဏ်ရာကတော့ ပြင်းပါတယ်။
မငြင်းမဆန် လက်ခံရမယ့်
ဘဝရဲ့ သြဇာအောက်
ကျရောက်ရမယ့် လူသားချည်းပါ။
သို့တည်းမဟုတ်
ကျွန်ုပ်လည်း မရှိနိုင်
သင်လည်း မရှိနိုင်
ကံမခိုင်
သံတိုင် အိမ်ဆောက်သော်လည်း
ကံမှောက်လျင် ကျိုးတက်သတဲ့
ကံကိုးသူ ကံခေခဲ့ပါတဲ့
ကံကြမ္မာရဲ့ သားကောင်များမို့
စကား မလှမပ
ဟဟတောင် မပြောချင်ပြီဆိုတော့
ချောနှမငဲ့
မောလှပါတယ် မိန်းကလေးရယ်။
ဘဝတောမှာ
အမောမပြေသူမို့
တောထန်းရည် တခွက်မြှောက်ပြီး
သောက်လိုက်ပါရစေကွယ်။
(၂)
ခံစားမှု … ခံစားမှုနဲ့
အတုတွေလည်း အများသားကလား
အမှားနဲ့ အမှန်
တပြန်တလှည့်စီ
အချိုးညီညီလည်းမဟုတ်
ဖြုတ်ခနဲ ပျောက်
ဖြောက်ခနဲ ပေါ်
ထော်လော်ကန့်လန့်နဲ့
တကန့်စီဖြစ်မလာတဲ့
ဘဝကဗျာ ကာရံမဲ့မှာ
အိုးလည်း ရွဲ့ချင်ရွဲ့မယ်
စလောင်းလည်း ရွဲ့ချင်ရွဲ့မယ်
အလှည့်ကျဇယားတော့ မဟုတ်
ရှုပ်နေတဲ့ဇယားလို့လည်း မဆိုသာ
ကိုယ်သာလျင် ဖန်တီးသူ
ကိုယ်သာလျင် ဖျက်ဆီးသူ
လူဆိုတာ မရေရာတဲ့သတ္တဝါ
လူဆိုတာ မသေချာတဲ့သတ္တဝါ
ပြောစရာလည်း မကုန်
ကုန်အောင်ပြောစရာလည်း မရှိ
အသိခက်လှချည့်
မျက်လှည့်ကြည့်ရသလိုပါကလား။
အကွေ့အလှည့် ပဉ္စလက်တွေနဲ့
အဝင်ခက်တဲ့ လူ့ဘဝမို့
မနုသဘုံဆိုတာ
ဒုက္ခစုံပါကလားနော်။
(၃)
ငါဟာ
ဘာမှ မဟုတ်
သမုဒ္ဒရာထဲက ရေတစက်
သဲကန္တာရထဲက သဲတပွင့်။
အမြဲလွင့်နေတဲ့
မုန်တိုင်းထဲက သဲပွင့်ပါ။
ဘာမှ မကြီးကျယ်
သံသရာခရီးအလယ်မှာ
တွယ်စီးနေရတဲ့ ဘတ်စ်ကားက
မတ်တပ်သွား ခရီးသည်ပါ။
အသက်တွေ တရက်ကြီး
ပျက်စီးမှု အသင်္ချေနဲ့
သစ်သီးတွေ ကြွေသလို
တကြွေတည်း ကြွေနေရတယ်။
သံဝေဂတွေး
ဟစ်ကြွေးနေတာ မဟုတ်ပါ။
သိသာလှတဲ့
နိယာမကို
အဘိဓမ္မာချလိုက်ခြင်းမျှသာ။
မမြဲတဲ့ အရပ်မှာပဲ
တဖက်ယပ် တဲကလေးဆောက်
အမှောက်အမှားတွေ
အကြောက်တရားတွေ
အမှန်တရားတွေ
အချစ်တရားတွေနဲ့ အခန်းဖွဲ့ပြီး
လွမ်းခဲ့ရတဲ့ ဘဝတခုပါကွယ်။
မောဟတံတိုင်း
သောကလှိုင်းတွေနဲ့
လောဘအရိုင်းတွေ ဗလောင်ဆန်နေတဲ့
ငွေသောင်ယံက တဲကလေးတလုံးပေါ့။
ဒီတဲမှာ ငါ နေတယ်။
ဒီတဲမှာ ငါ သေမယ်။
မခိုင်မမြဲ
ယိုင်လဲနေတဲ့ ဘဝတဲကလေးမှာ
လှိုင်းသံသာကလေးနဲ့ နေရတယ်။
ကံကြမ္မာ ပြဌာန်းသမျှနဲ့
ဇတ်လမ်းကပြရတယ်။
ကြိုးရှုပ်ရှုပ်နဲ့
တမိုးချုပ်ရတော့မယ်။
သောင်ပြင်မှာ ကြိုးခွေခွေ
မောင်ရင်လာ မိုးစွေစွေပေါ့လေ။
နေချင်သလိုနေ
ပေချင်နေချင်လို့လည်း မရ
ပုံစံချလို့လည်း မရ။
အဲဒါ ဘဝရဲ့ သဘာဝ။
(၄)
အကွေ့အကောက်
ကျောက်တုံးကျောက်ဆစ်ကြားမှာ
ရစ်ကာခွေကာ ပွတ်တိုက်ပါမှ
ရေစီးသံ သာစမွဲ။
လူသားဘဝမှာ
ထာဝရ ငြိမ်သက်နေရင်
သင်္ချိုင်းမြေပဲ ဖြစ်မယ်။
နေထွက်တာနဲ့ အတူ
ရှေ့တလမ်းတက်ရဲမှ ဖြစ်မယ်။
နေကို မျက်နှာမူ
လူဆိုတာ အခက်အခဲ မကြောက်
ဒူးမထောက်စတမ်း
လျှောက်ရဲရမယ်။
လျှောက်ရဲ ဖောက်ရဲမှ
လမ်းဖြစ်တယ်။
မခို့တရို့နဲ့
မစို့မပို့ အမူအရာနုနုကလေးနဲ့
ညုတုတု ညာတာတာ
ဘာဘာညာညာ လုပ်နေလို့လည်းမဖြစ်။
အသစ်ရှာအသစ်တွေ့
တခေတ်မေ့ တခေတ်ဆောက်
အသစ်ဖောက်ရမယ့် လမ်းချည်းပါပဲ။
မကြောက်စတမ်း
လျှောက်လှမ်းရမယ့် ခရီးအကွေ့မို့
မငြီးငွေ့စရာ စခန်း
အငြီးမွေ့ရာ လမ်းဖြစ်တယ်။
ရမ်းရမ်းကားကား
လမ်းသလားပြီး
မျက်ကန်းလမ်းသွားသလို
သွားလို့လည်း မလျော်ကန်။
တော်လှန်တွေ
မော်ဒန်တွေ
အညှော်နံနေသလား အချစ်ရယ်
စိတ်ညစ်နေလို့လည်း မဖြစ်ဘူးလေ
ရေအလျင် တသွင်သွင်စီးသလို
မညဉ်းတမ်း မနားတမ်း
သည်စမ်းကလေး
တအေးအေး စီးနေမှ ဖြစ်ချေမယ်။
ယောနိသော မန သီကာရ
မျှတသင့်တင့်တဲ့ နှလုံးသွင်းနဲ့
မုန်းခြင်း ချစ်ခြင်းကို မျက်လွှာချ
သက်သာရာရအောင် တွေးရှုပြီး
ဘဝကို အလေးဂရု ပြုရပေမယ်။
အရေးတခုတွေးမှုနဲ့ စခန်းဆိုက်
ပန်းတိုင်ဆီ လိုက်ကြစို့။
(၅)
ချိုသောနှစ်များလည်း
ခါးခဲ့ရပြီ။
ငယ်ရွယ်နုပျိူမှုများလည်း
မှုန်ဝါးပျောက်ကွယ်
အရွယ်ရင့်ရင့်
ကြွေလွင့်လွင့် ဖြစ်ခဲ့ရပြီ။
ပန်းချီကားတွေလည်း စုတ်ပြတ်
စပ်ထားတဲ့ ကာရံပုံလည်း
မှောက်ခုံ ကျွမ်းထိုး
ကျိုးပြတ် လွင့်ကျေ
ပုတီးစေ့ ကြိုးပြေသကဲ့သို့
တွေဝေ ပျံ့ကြဲခဲ့ရပြီ။
အချစ်ကြိုးနဲ့သီပေမယ့်
သီလို့မရ
သောကလှိုင်းတံပိုး ပုတ်ခဲ့ပြီ။
တခါက မီးရထား
ငါက ခရီးသွားနေစဉ်
အဆီးအတားတွေနဲ့တွေ့
မီးပွားတွေလည်း တဝေ့ဝေ့
တနေ့တာ ကုန်ဆုံး
လမ်းမှာပဲ ရှုံးခဲ့ပြီ။
ဒီလိုနဲ့
နှစ်ရဲ့စာမျက်နှာတွေလည်း
ဝါကြန်ဆွေးရိပြီး
လွန်မိတဲ့နှစ်များလည်း
ဝန်ပိလို့ သွားခဲ့ချေပြီ။
ဘဝနာရီတွေကလည်း
အလှရာသီတွေချည်း မဟုတ်ခဲ့ပါတကား။
(၆)
မုန်တိုင်းမိတဲ့ ငှက်
ဆက်လက်ရှင်သန်
လေဆန်ကို ပျံရဲတဲ့သတ္တိ
မင်းမှာလည်း ရှိတယ်။
ငါ့မှာလည်း ရှိတယ် ။
ဖြစ်လာသမျှတော့
အနှစ်တရာကျလည်း ရုန်းကန်ရမှာ
ထုံးစံပဲ မဟုတ်ပါလား။
'ပြေက ကြီးသနဲ့
ရေကြီးငဲ့ ဘောင်ဘင်
ပျို့ဦးရင် အပြန်ခက်ရှာလိမ့်'တဲ့
အပြန်ခက်ပေမယ့်
ဒဏ်ချက် လှံချက်တွေ မေ့ပြီး
ဆက်၍ဆက်၍သာ ပျံသန်းရမှာပဲ။
ဘဝအားမာန်ဆိုတာ
ခဏတားရန် မဖြစ်နိုင်။
အချစ်ရေ …
ကိုယ်ကတော့ အကောင်းမြင်သမား
ဘဝအတွက် မောင်းတင်ထားပြီ။
ပေါင်းပင်များကိုလည်း ရှင်းရဦးမယ်။
ကောင်းကင်တလွှားမှာလည်း
ဆောင်းအဝင်ကစားလို့ ပျော်ဦးမယ်။
(၇)
တခါတလေတော့
ငါနေတဲ့ ကမ္ဘာမြေဟာ
သာယာလို့ နေတယ်။
လေပြေလေညှင်း တသွေးသွေး
ပန်းရနံ့လေး တမွှေးမွှေးနဲ့ပေါ့။
အရေးဟဲ့ အကြောင်းဟဲ့ဆိုရင်
သွေးနဲ့လောင်းတဲ့ ပန်းပင်တွေကလည်း
လန်းလန်းရှင် လွင်လွင်ရဲပြီး
ဘဝင်ထဲမှာ စွဲငြိစေလိမ့်မယ်။
အချစ်ပန်းဆိုတာ
အမြဲသစ်ဆန်းနေမှာချည်းပါ။
ပန်းတွေနဲ့ဝေပြီး
လန်းဆန်းနေဦးမယ့်မြေပါ။
သည်မြေမှာ မွေး
သည်မြေမှာ ကစားပြီး
သည်မြေက စပါးကြောင့်
သည်သား သည်သမီး
ကြီးပြင်းခဲ့ကြရတယ်။
သည်မြေမှာ တာဝန်ထမ်းပြီး
သည်လမ်းတွေ ငါတို့ဖောက်
ငါတို့တတွေ တည်ဆောက်ရဦးမယ်။
မဖောက်မပြန်
အကောက်မကြံပဲ
တို့နိုင်ငံကို တို့ချစ်ရဦးမယ်။
သည်အချစ်ကိုလည်း
သစ်မြစ်လို အခြေစွဲ
ခိုင်မြဲမှ ဖြစ်ပေမယ်။
(၈)
ထနောင်းပင် စိမ်းလဲ့လဲ့
ယိမ်းနွဲ့နေတဲ့ အညာကျေး
ငါ ပြေးလို့ မြင်မိတယ်။
အညာလမ်းက
တမာတန်းကိုလည်း
ငါ လွမ်းလို့နေမိတယ်။
ရွှေချူကုံးတွေ
လှည်းစီးကုံးတွေနဲ့
ဖုန်လုံးတွေ ထောင်းထောင်းထ
လှည်းယဉ်ကလေး တကြွကြွနဲ့
လူလုံးပြခဲ့တာကိုလည်း သတိရတယ်။
'လှူမသာ / ရှိလေရာမှာ
လည်ကာဝါကြွား
လက်ဖက်စားသည်
ဘုရားမကြိုက်တဲ့ လူစုတည်း'လို့
ဦးပုည သရော်ခဲ့တဲ့
တကယ့်လူကြွား
စာသမား ပရမတ်သမားတွေကိုလည်း
မပြတ်သား သတိရမိတယ်။
ကျောင်းကန်ဘုရား
စေတီအကြား
နေရီရီ ဝိုးတဝါးမှာ
ဥပုသ်သည်များ ဥပုသ်ဆေးတဲ့
တရားရေအေးကိုလည်း ကြားယောင်မိတယ်။
သီးနှံတွေ သိမ်း
အလုပ်တွေငြိမ်းတဲ့ လ, ရတုမှာ
သားရှင်ပြု အလှူပွဲတွေက
ဆိုင်းသံဗုံသံ ညံမစဲခဲ့တာတွေ
အမြဲတမ်း လွမ်းမိတယ်။
ရှင်လောင်းဘဝ
မျက်နှာချေလေး တသသနဲ့
သူငယ်ချင်းတွေ စ, ကြတာကိုလည်း
ကြားရသယောင်ယောင်
လွမ်းရိပ်ယောင် သန်းမိတယ်။
ပြောစကားမလှပေမယ့်
သဘောထားလှတဲ့
တောသားဘဝကို လွမ်းမိပါတယ်။
(၉)
အတိတ်ဘဝဟာ
အရိပ်ပြ နမိတ်ပြတဲ့
စိတ္တဇ ပန်းချီကားလို
ဝိုးတဝါး ပေါ်လာတက်ပါတယ်။
လူ့ဘဝရဲ့
အမှတ်တရကလေးများဟာ
ဇာတ္က, သလို
အနတ္တဇာတ်ခုံထက်
တီးကွက်တွေ မစုံမလင်နဲ့
ကတုန်ကရင် ခင်းပြတတ်ပါရဲ့
ဇာတ်ထုပ်က မပီ့တပီမို့
ကသီ့ကရီတော့ နိုင်ပေလိမ့်မယ်။
(၁၀)
အညာမြေ ဝါခင်းကုန်းမှာ
တဲကလေးတလုံး
ဖလံပင်ရိပ်မှာ
ကျိတ်ထိုးစင်ကလေးတခု။
အဖေက စက်ချုပ်
အမေက ချက်ပြုတ်ရင်း
နက်ကြုတ်ကြုတ်အသားနဲ့
ကလေးများက တပြုံ။
ရေနွေးအိုး မြေကရားနားမှာ
ဘိန်းစားတယောက်
ပေါက်ပေါက်ရှာရှာ
တွေ့ကရာ ပုံပြင်တွေပြောလို့
တသောသော ရယ်မောနေကြတယ်။
ဝါခင်းအဆုံးက ဘုန်းကြီးကျောင်း
ထနောင်းရိပ် ကျောင်းရိပ်နဲ့
စိတ်ကြည်လင်စရာ
ခေါင်းလောင်းသံ သာသနဲ့။
ကန်တောင်ဦးမှာ
မကျည်းရွက်ခူး ဆေးရွက်ခူး
ရွာညွန့်ဖူး အပျိုမတစု
ပြေးကြလွှားကြ ရုန်းရင်းခတ်
စက်သေနတ်သံ လေယာဉ်ပျံသံနဲ့
ပန်ထားတဲ့ပန်းလည်း ပြုတ်
ရေမှုတ်တခြား အိုးတခြား
ကိုးရိုးကားယားတွေ ဖြစ်လို့
စစ်အတွင်း ရှုခင်းပါပဲ။
(၁၁)
တို့နေတဲ့ ကျောင်းလည်း
ခေါင်းလောင်းသံဆိတ် တံခါးပိတ်ပြီ။
ကျောင်းစာမကျက်
တောလည် ထွက်
ချိုး / ဆက်ရက်ရှာရင်း တနေကုန်။
နွေခါနွားလိုက် / မိုးခါဖားရိုက်
ကြက်တိုက် ငှက်နှိုက်
စရိုက်မျိုးစုံ တနေကုန်။
စစ်အတွင်းမို့
မျှစ်ဟင်းမျှ ဝဝမစားရ။
ကစားကြတော့လည်း
ဂျပန်က ဖမ်း / အင်္ဂလိပ်က ဖမ်း
စစ်တိုက်တမ်းချည်းသာ။
လေယာဉ်ပျံ သတ္တုပန်းကန်ပြားနဲ့
ထမင်းစားရ
စားရင်း လေယာဉ်ပျံလာတော့
ပုန်းကျင်းရှာ ခိုအောင်း
ဗြောင်း ဒိန်း ဒုန်းသံ
တောလုံးညံလေရော့
ဂျပန်တခေတ်လုံးပါပဲလေ။
ဗုံးချတဲ့ ကျင်းဟောင်းဟာ
တို့ကျောင်းလို့ပဲ ဆိုပါစို့။
(၁၂)
တို့များပျင်းလို့
တို့ကစားရင်းနဲ့
သီချင်း ဆိုချင်ရင်လည်း
'ရိုဂျနိ အာကာကု
ရှီရိုမာရု ဆိုမေထေ
အားအုစု ကုရှိယား
နီပွန်နို ဟတဝ'
သီချင်းအဆုံးချတော့
ဟာသဥာဏ် ရုတ်တရက်လင်းပြီး
'ပွန်ဟင်းချို ချိုလိုက်တာ'လို့
တခါတခါ ဗမာပီပီ
ရယ်စရာ လုပ်မိကြသေးတယ် ။
ဒီလိုနဲ့
စစ်ဘေးရန်က စစ်အစတေးခံ
ဂျပန်ဖက်ဆစ်ခေတ်မှာ
ဖြစ်သလို ကြီးပြင်း
ငယ်ဘဝ ပျက်ယွင်းခဲ့
တခြွင်းခြွင်း ကွဲကျတဲ့
ကြေးမုံမှန်ကွဲစများ။
(၁၃)
ဗုံးသေနတ်သံ စဲလို့
ရွာထဲ ပြန်ပြောင်း
ကျောင်းတွေ ပြန်ဖွင့်ကြတော့
လွင့်နေတဲ့ အလံက
အနီခံ ကြယ်ဖြူပွင့်
မိုးကောင်းကင်မှာ တင့်ပါပေ့။
ဗုံးကျတဲ့ မြောင်းနံဘေးမှာ
ကျောင်းကလေး ဖွင့်ပြီ။
ကျောက်သင်ပုန်းပေါ်မှာ
ဝလုံးတွေ ပေါ်လာပြီ။
လူကောင်က ကြီး အတန်းက သေး
စာရေး စာဖတ်
စာမှတ် စာကျက်နဲ့
ဂဏန်းတွက်နေတုန်း
သွေးတစက် ကျလာတယ်။
ပြည်တွင်းစစ် အစ
တောထဲက သေနတ်သံ
လွတ်လပ်တဲ့ နိုင်ငံရဲ့
သန်းခေါင်ယံ တေးတပုဒ်ပေါ့။
မကြာမီ
ကျောင်းကလေး မီးလောင်
ရွာလုံး ပြောင်
တောတောင်လည်း လန့်
တောကြောင်တွေလည်း အနှံ့
ရွာလည်း မသန့်တော့ပါကလား။
တို့ရွာဦးက
ချောင်းကူးတံတားလေးကလည်း ကျိုး
လယ်ယာတွေလည်း ဖုန်းဆိုး
ကျည်ဆန်မိုး ရွာနေဆဲ
ကျောင်းထဲမှာ
ခေါင်းလောင်းကလေးလည်း အက်ကွဲလို့ပေါ့။
(၁၄)
အာရုံစိတ်မှာ
ပုံရိပ် ပြန်မကြည့်ပါရစေနဲ့တော့။
အတိတ်ကားတွေလည်း
အရိပ်များလို ပျောက်စေတော့။
(၁၅)
လမင်းဝါဝါ
ပန်းပြာပြာတွေနဲ့
ညချမ်းလည်း သာတော့မယ်ထင်ရဲ့။
ညအရေးကောင်းကောင်း
လ,ကလေး စောင်းစောင်းမှာ
ဘဝအရေး / ဘဝအဆွေးကလည်း ပြောင်းခဲ့ပြီ။
ခေါင်းလောင်းသံသာတဲ့ တေးကို
ဟိုအဝေးက နားစွင့်ပြီး
ပန်းကလေး တပွင့်
ရှက်ပြုံးနဲ့ ဖူးပွင့်နေရှာဆဲ
ခူးလင့်ပန်ဆင်ဖို့ စောင့်စားနေကြတယ်။
ညချမ်း သဘင်မှာ
အလှပန်းတွေ တဆင်ဆင်နဲ့
ကဗျာ့နန်းရင်ပြင် သာတော့မယ်လေ။
(၁၆)
အခုတော့ -
အတိတ်ကြေးမုံကို တွေးရှုပြီး
'လုငယ် လာလု
တမ်းခုခုငေး'ဆိုသလိုပေါ့ကွယ်။
လာမယ့်လမ်းမှာ
အချစ်ပန်းခင်းကလေးတွေ ဖြန့်ကျင်း
တသင်းသင်းနဲ့ ကြည်နူး
ပန်းအခူး ထွက်ကြစို့လေ။
အနာဂတ် ကမ္ဘာမှာ
မသာယာတာ မရှိစေရ။
ပရိဒေဝမီး မလောင်စေရ။
` အချင်းချင်း
အမျက်အအီ တစေ့ မရှိ
ချစ်သောမျက်စိဖြင့် ရှုကြရစေ၏။
ဆိုတဲ့ ဆုတောင်းလို
ကောင်းသော အမြင်မှန်နဲ့
မေတ္တာနိုင်ငံ တည်ဆောက်ချင်တယ်။
အချစ်ရယ် -
ဘဝတခု ဖြစ်လာပြီးနောက်
တည်ဆောက်မှုဆိုတာ
တခုတလေမျှ မလုပ်ခဲ့ရရင်
သေအံ့မူးမူး ကာလမှာ
သာဓုသံချိုမြမြကလေးမှ
ခေါ်ခွင့်ရပါ့မလားကွယ်။
ဘဝရဲ့အဓိပ္ပါယ်ဟာ
အကျယ်ကြီးပါ။
ကောင်းကင်ကြီးပါ။
ဘဝ ကောင်းကင်ထဲက
ကြယ်မှုံကြယ်မွှား တပွင့်မျှသာရှိတဲ့
ငါဟာ
ဘာအလင်းရောင် တစွန်းတစကလေးမျှ
မပေးနိုင်ခဲ့ရင်
ဘယ်လို ကြွေကွဲဖွယ်ကောင်းမှာလဲကွယ်။
ဒီတော့ -
ဘဝရဲ့ မြတ်သောဆု
ကောင်းမှုတခုခု လုပ်ကြပါစို့။
(၁၇)
ချစ်စွာသော သူတို့ရေ -
အချစ် သမိုင်းမှာ
အဖြစ်ရိုင်းတယ်လို့ ကဗ္ပည်းထိုးရတဲ့
ပန်းဖျက်ပိုး ဘယ်သူလဲ။
သစ္စာအလှကို ဖျက်
အချစ်ရွာဘဝကို ပျက်အောင်
မနက်ကို ညလုပ်တဲ့
ဖုတ်တစ္ဆေဟာ ဘယ်မှာလဲ။
တို့ရဲ့ အချစ်ရွာမှာ
သစ္စာဟာ အသက်
သစ်စာဟာ ပန်နကျပါ။
အရှက်ရှိမှလည်း ပန္နက်ထိမှာမို့
အမျက်နဲ့ ကြည့်မနေပါနဲ့တော့
အသက်ရှိဖို့ သစ္စာစောင့်
အမှောင့်ကင်းစင်ဖို့ လိုပါတယ်။
မိုးချုပ်ညများ
လွန်သွားခဲ့ပြီ။
အရုဏ္တံခါး
ဖွင့်သံ ကြားပြီ။
ချစ်သူနဲ့ငါ
လက်တွဲကာလျင်
အနာဂတ်ကို တည်ဆောက်မယ်။
ရောင်နီပေါ်စ မိုးသောက်ထမှာ
နှမ အိပ်ယာနိုးပါလော့။
မုန်တိုင်းကျလည်း
နှမနဲ့မောင် / ပြည်တည်ထောင်အံ့။ ။
(တင်မိုး၊ ၂၀ - ၉ - ၁၉၉၀၊ နဒီငါးသွယ်)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment