ကဗျာကို ဖွင့်ဆိုချက်လုပ်ပေးဘို့ ပြောတာဖြစ်ပါတယ်။
မကြာခဏ တင်ပြပါတယ်။ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ပါ။
ကဗျာတို့ စိတ္တဇပန်းချီတို့ကို အဓိပ္ပါယ်ဆိုတဲ့အခါ အထူး သတိထားရတယ်။ ရေးကြ ပြောဟောကြပေမဲ့ မူရင်းပညာရှင်ရဲ့အာဘော်ကို ထိထိမိမိ ဖွင့်ဆိုနိုင်ခြင်း မရှိဘူးလို့ဆိုရင် လွန်တယ်လို့ မထင်ပါ။
ကျွန်တော်လည်း တခါခါ အင်္ဂလိပ်လိုရေးထားတဲ့ကဗျာ၊ စာညွန့်၊ ဇင်တရား စတာတွေကို မြန်မာလို ဘာသာပြန်ပါတယ်။ ဒါပေမဲ့ ရေးသူရဲ့ နှလုံးသားအထိ ရောက်ရှိခြင်း မရှိတာ ကိုယ်တိုင်သိပါတယ်။
(၁)
စံနစ်တကျသင်ပေးတဲ့ဆရာတွေက ခက်ဆစ်အဓိပ္ပါယ်ဖွင့်ပေးကြပါတယ်။ ကဗျာစာအုပ်တွေမှာ ဝေါဟာရအနက်၊ ဝေါဟာရ လေ့လာချက်၊ စကားပြေ၊ လိုရင်းအချုပ်၊ ဝေဖန်ချက်ပါထည့်တယ်။ ဦးကြီးရေးတဲ့ စပ်ဟင်းချို လွမ်းချင်းကို တင်ပြပါရစေ။
စပ်ဟင်းချို
တခါလေလိုက်ခဲ့တော့၊ စရိုက်ကယ်ဘာသာ၊ တို့တောရွာမှာ၊ စားစရာဆန်ထမင်းမှာလ၊ မုရင်းနီတျာနှင့် သီတာရောတဲ့ချိန်ကိုလေး။
စပ်ဟင်းချိုမူ ယုန်ကိုပြက်ပြက်၊ ကင်ပလင်း ဂုံမင်းဖက်လို့၊ ငပျက်ကယ်ရောရီ၊ လောရွှေပီနှင့်၊ ပတီရုံးပြုံး စပ်ကာ ကျိုပြီးလျှင်၊ ဇီးချိုပင်ရိပ်သာမှာ၊ နှစ်မျက်နှာ ယှဉ်ပြိုင်ပြုံးလို့၊ သုံးရအောင်လေး။ ။
ဝေါဟာရအနက်
နီတျာ = နီရဲသော
သီတာဆန် = ကောက်ကြီးဆန်တမျိုး။
ပြက်ပြက် = အနည်းငယ်။
ငပျက် = ငါးအငယ်စားတမျိုး။
ရောရီ = ရောနှော၍။
ပြုံးစပ်ကျို = ရောမွှေ၍ကျိုသည်။
ထမင်းကို မုရင်းဆန်နီနီနှင့် သီတာဆန်ရောချက်တယ်။
ဟင်းချိုကို ကင်ပလင်းရွက်၊ + ဂုံမင်းရိုး + ပီလောရွက် + ရုံပတီးသီး ရောမွှေပြီးကျိုတယ်။
တောဓလေ့ရေးတဲ့ ဦးကြီးကတော့ 'တခါလေ' ကို 'တစ်ခါလေ' လို့ မရေးပါ။ မြို့ဓလေ့ ဆရာကြီးတွေ၊ နေပြည်တော်ဓလေ့ ဆရာမကြီးတွေကတော့ ထင်ရာရေးကြ ဟောပြောနေကြတယ်။
(၂)
ဆရာ မဂ်လာပါ(မင်္ဂလာပါ) အခြေခံပညာ အဆင့်မြန်မာစာ မှာပါတဲ့ ခက်ဆစ် ဆိုတာ ဘယ်လိုနားလည်ရပါသလဲ။ ပီးတော့(ပြီးတော့) ကျောင်းသားတွေက ဘာလို့ ခက်ဆစ်ကို တလုံးမှ အလွဲ မခံပဲ နူတ်ကျက် ဖတ်နေရပါသလဲ။
ရှေးကရေးထားတဲ့ စာတွေ ကဗျာတွေမှာ အလွယ်မသိနိုင်တဲ့စာလုံးတွေ ပါလေ့ရှိတယ်။ ကျောင်းသုံးစာအုပ်ထဲ သုံးရင် ကဗျာအောက်မှာ ခက်ဆစ်အဓိပ္ပါယ်ဆိုပြီး ရှင်းလင်းချက် ထည့်ပေးရတယ်။
ပန်းလောင်ကြောက ပိန်းကောရှင် (ဝန်ကြီး ပဒေသရာဇာ)
ခက်ဆစ်
သိုး = အဝတ်အထည်ဖြင့်ပြုလုပ်သော-အနားလေးဘက်ခေါက်၍ထားသော ပေါင်းရစ်ဦးထုပ်တမျိုးဖြစ်သည်။
လမိုင်း = လယ်စောင့်နတ်။ ။ ထမင်းခူးသော်၊ တဆုပ်နေ့တိုင်း၊ လမိုင်းရှိပူဇော် = လယ်စောင့်နတ်ကို ထမင်းခူးတိုင်း တဆုပ်-တဆုပ်တင်သည် ဆိုလိုသည်။
ဟန်တခါပြင် ရွှေစင်ဆယ်တင်း - ပပငယ်လေဝင်းဝင်း-ချီ ပတ်ပျိုး (သိန်းတန်တဲ့မေ ပတ်ပျိုး)
ခက်ဆစ်
စံလွတ်ကျွန်း = စံဘက်ပြိုင်ဘက်မရှိဟု ဆိုလိုသည်။ လွတ်ကျွန်းမှာ တုကျွန်းကဲ့သို့ အတုမဲ့ အတုမရှိဟု ဆိုလိုသည်။
အလွတ်ကျက်မှတ်စေခြင်းကတော့ သင်ပြတဲ့မြန်မာစာဆရာဆရာမတွေအပေါ်မူတည်ပါမယ်။ ကဗျာကိုသာ တလုံးမလွဲ သိရမှာဖြစ်ပေမဲ့ ရိုးရိုးဝါကျနဲ့ရေးတဲ့ ရှင်းလျင်းချက်ကတော့ အဓိပ္ပါယ်မလွဲဘို့သာ အရေးကြီးပါတယ်။ တိုတိုလေးတွေဆိုရင်တော့ အလွတ်ရနေတာ ကောင်းပါမယ်။
ပုံကတော့ အလယ်တန်း မြန်မာကဗျာ လက်ရွေးစင် ၁၉၇၅ ထုတ်၊ စာမျက်နှာ ၁၄၂ ဖြစ်ပါတယ်။ သင်းမြေနဲ့တကြိုင် ကို စသတ်နဲ့ မရေးပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment