မြကြိုင်သည် သူမ၏အိမ်ကလေးကို ပြင်ဆင်လျက်ရှိသည်။ သူမနာမည်နှင့် အမေဝယ်ပေးသွားသောအိမ်၊ တခါတုန်းကတော့ မသန့်ရှင်းသောအိမ်ရယ်လို့ မီးတင်ရှို့ခဲ့ချင်စိတ်တောင်ပေါက်သည်။ ယခုတော့ သူမ သန့်ရှင်းတယ် မသန့်ရှင်းဘူးဆိုတာတွေကို ဂရုမစိုက်တော့ပြီ။ သန့်ရှင်းခြင်းတို့၏ကွဲပြားမှုကို ကိုယ်တွေ့လည်း ကြုံခဲ့ပြီ။ ဒါတွေဟာ အလကားအယူသည်းမှုတွေပဲ။ သူမသည် အသက်သုံးဆယ်လောက်ရောက်ပြီး ကျော်ဇောထင်ရှားခြင်း၏အထွတ်အထိပ်ကို ရောက်နေပြီဆိုလျှင်တော့ ယခု ငါးနှစ်လောက်အတွင်း ဖြစ်ပျက်သမျှတို့သည် စကားထဲပြောစရာကောင်းလောက်အောင် အရေးကြီးတော့မည်မဟုတ်ဟု ယူဆသည်။
သူမ၏အိမ်သည် အငြိမ့်ပိုင်ရှင်ဖြစ်လာပြီမို့ ဧည့်သည်လာမည်ဖြစ်ရာ သပ်သပ်ရပ်ရပ်ရှိမှ ဖြစ်မည်။
သူမသည် ဖခင်ဖြစ်သူကို အုန်းတံမျက်စည်းရှည်ကြီးဖြင့် ကြပ်ခိုးများ လှဲခိုင်းသည်။ သူမက မြက်တံမျက်စည်းနှင့် လိုက်လှဲပြီး သံပုံးတလုံးနှင့် ကြမ်းတိုက်သည်။
ကြမ်းတိုက်ရင်း သီချင်းတကြော်ကြော်နှင့် နေသည်။ သူမသည် အမှန်အတိုင်းဖွင့်ပြောရလျှင် ပျော်၏။ သူမသည် ယခုအခါ အကြောင်းအရင်းတွေကို ဂရုစိုက်လေ့ရှိသူမဟုတ်တော့။ ရရှိလာသည့်အကျိုးကိုသာ စေ့ငုတတ်သည်။ ကြမ်းတိုက်ရင်း စိတ်ကူးနေသည်မှာ ဆိုင်းဘုတ်တင်ဖို့ပင်။ လက်ထဲမှာ ငွေ ပိုပိုမိုမိုရှိလျှင် ရွှေစာလုံးတပ်ရလျှင် ကောင်းမည်ဟု တွေးသည်။
"မြစပယ်ကြိုင်အငြိမ့်"
ဒါပဲ ရေးရလျှင် မကောင်းဘူးလား။ သို့ပေမည့် အချို့လူများ ပွဲကြည့်ရခြင်း၏ရည်ရွယ်ချက်များမှာ လူပြက်၏ဟာသကို အကဲခတ်ဖို့ပေတည်း။ သည်တော့ လူပြက်ပန်နကစ်နှင့် ဘယ်သူ ထည့်ရပါ့မည်ဟု တွေးသည်။ ကိုပွေလီကိုတော့ သတိပင် မရချင်ပြီ။
လူပြက်တယောက် ရှာရဦးမည်။ ဘဘကို ရှာခိုင်းမှထင်ရဲ့။ သူမကိုယ်တိုင်လည်း ရှာနိုင်ပါ၏။ အငြိမ့်ဆရာအဖြစ်နှင့်များတော့ ဘာလုပ်ရလုပ်ရ လုပ်နိုင်၏။ ဟိုတလောက လူပြက်ကျဘမ်းနှင့်သူ့အငြိမ့် စကားများသံကို ကြားရသည်။ ထွက်ပြီလားတော့မသိ။ ကိုကျဘမ်းကို ခေါ်ရလျှင် ကောင်းမည်။ နာမည်ကြီး အပြက်ကောင်းမို့ ကြေးကြီးလျှင် ကြီးပစေ။ လူကောင်းတွေရလျှင် တော်ပြီ။ တီးဝိုင်းထဲကတောင် မတော်တဲ့သူတွေ ထုတ်ပစ်ပြီး တော်တဲ့လူတွေသွင်းဖို့ ဆိုင်းဆရာကို ပြောရဦးမည်။
မြကြိုင်သည် အဖေ သူမအနားမှာ ရစ်ဝဲရစ်ဝဲလုပ်နေသည်ကို တွေ့ရလေသည်။ ကြမ်းတိုက်ပြီးသောနေရာနှင့် မတိုက်ရသေးသောနေရာကို ကူးချေသန်းချေလုပ်နေသဖြင့် ကြမ်းတိုက်ပြီးသား ကြမ်းပြင်အသန့် ခြေရာတွေ ပေကုန်သည်။ သူမသည် ဘာမှမပြောဘဲ နေသေးသည်။ ကြာသော် သူ့ဟာသူ သိပုံမရ၍ ပြောရသည်။
"အဖေကလဲ၊ ကြမ်းပြင်အသန့်ပေါ်မှာ ငြိမ်ငြိမ်နေစမ်းပါ။ ဟိုလျှောက်သည်လျှောက် လျှောက်နေတော့ တိုက်လို့ကို မဖြစ်ဘူး။ ဒါမှမဟုတ်လည်း ကျွန်မအိပ်ရာပေါ် တက်နေပါလား "
အဖေက အထပ်ခိုးပေါ်တက်သွားသော်လည်း ဂဏာမငြိမ်ဟန်နှင့် တရွရွ လျှောက်လျက်ရှိပြန်သည်။
သူမသည် အဖေ ဘာများလိုချင်လို့လဲဟု လျှောက်စဉ်းစားသည်။ သူ့မှာ အဝတ်အစားတော့ အပြည့်အစုံပဲ။ ဘာမှ ထူးထူးထွေထွေ လိုချင်စရာအကြောင်းမရှိ။ သူမသည် တွေး၍မရ။ အဖေ့အပြောကို စောင့်ပြန်တော့ ထိုနေ့အဖို့ ဘာမှမပြောဘဲ အိပ်ရာဝင်ကြသည်။
နောက်တနေ့နံနက်ကျတော့ အဖေက မဝံ့သောမျက်လုံးများနှင့် မြကြိုင်အကြည့်နှင့် ဆုံသွားလျှင် မျက်လွှာချလိုက်နှင့်၊ မြကြိုင် စိတ်များပင်မရှည်ချေ။
သည်လိုနှင့် ထမင်းစားပွဲမှာ ထိုင်မိကြသည်။ မြကြိုင်သည် အဖေက မပြောလျှင် မေးတော့မည်ဟု စိတ်ကူးသည်။
အဖေက "နင့်အမေ သတိရသဟယ်" ဆိုသည်။
အင်း … စတော့ လာပြီ။
မြကြိုင်က
"ဟုတ်ကဲ့ … အမေရှိရင် ဝမ်းသာမှာ"ဟု ပြော၏။
"နင့်အငြိမ့်က ဆိုင်းဘုတ်မရေးရသေးဘူးလား"
ခက်ပဲခက်ရချေရဲ့။
"ကဲ … အဖေ၊ ဘာပြောချင်လို့လဲ "ဟု သူက မေးလိုက်လေသည်။
"လူပြက်က ကိုပန်နကစ်ပဲ ရသေးတယ်ဆို"
"ဟုတ်ကဲ့၊ တယောက် ရှာရဦးမယ်"
အဖေ ငြိမ်ပြီး နေပြန်သည်။ သူသည် အတော်ကို အားတင်းနေဟန်ရှိကာ တင်းရင်း တင်းရင်းနှင့် ပျော့ကျလာသည်ကို တွေ့မြင်ရလေသည်။
သူမသည် ဖခင်ကို ထပ်ပြီး အားတင်ဖို့ အချိန်ပေးသောအားဖြင့် လူပြက်ကောင်း ဘယ်လောက်ရှားသည့်အကြောင်းကို လျှောက်ပြောနေသည်။
အတန်ကြီးကြာမှ ဖခင်က "မြကြိုင်"ဟု ခေါ်သည်။
"ရှင်"
"နင် နင့်အငြိမ့်ဆိုတော့ ဘာမဆို နင့်သဘောချည်းပဲမဟုတ်လား"
"ဟုတ်ပါတယ်အဖေရဲ့၊ အဲဒါ ဘာဖြစ်သလဲ "
"လူ … လူ ပြက် တယောက်လိုတဲ့ နေရာမှာ ငါ့ … ငါ့ကို အစားမသွင်းနိုင်ဘူးလား ဟယ် "
မြကြိုက်သည် ယောင်မအော်မိအောင် အတော်ကြိုးစားလိုက်ရလေသည်။ သူမသည် ဖခင်ဖြစ်သူကို အံ့ဩစွာ စိုက်ကြည့်မိလေသည်။
အကြိမ်ကြိမ် ရှုံးနိမ့်သူ၊ ယခုအခါ ဘယ်သူကမှ စဉ်းစားခြင်း မပြုတော့သောသူ။ သူမသည် ရင်တွင်း၌ ဆို့ကြပ်လာလေ၏။ အသနားကြီး သနားနေမိလေသည်။ ဖခင်၏ကျဉ်းမြောင်းမှေးမှိန်သော မျက်လုံးများ၏ အကြည့်ကို မခံနိုင်အောင် ရင်တွင်းမှ နာကျင်မိ၏။ ယခုထိမလျှော့သေးသောစိတ်ကို ချီးမွမ်းမိသည်။
"ဟင် ငါ့ကို မထည့်နိုင်ဘူးလား"
"ကျွန်မ စဉ်းစားဦးမယ်အဖေ"
ဤမျှသာ ပြောနိုင်သည်။
စင်စစ်တော့ သူမသည် မထည့်နိုင်ပေ။ သူမ၏အငြိမ့်မှာ အောင်မြင်သူများသာ စုဝေးရာ ဖြစ်စေရမည်။ ဖခင်ဖြစ်သူသည် မင်းသမီးပြောသမျှကိုတောင် "ဟုတ်ပါ့ဗျာ"ဟု ဌာန်ကရိုဏ်းကျအောင် လိုက်တတ်မည့်ပုံမပေါ်ချေ။
သည်လိုနှင့် ရက်များလွင့်စင်သွားကြသည်။
လူပြက်ကိုကျဘမ်းကိုလည်း ဘဘက ဆွဲခေါ်လာသည်။
မြကြိုင်သည် ကိုယ်တိုင်ပင် လမ်းမတော် သံဖြူလမ်းသို့သွားပြီး ဆိုင်းဘုတ်ရေးခိုင်းသည်။ ထို့နောက် ဆိုင်းဘုတ် ဆေးမခြောက်သေးခင် အိမ်သို့ လန်ချားနှင့်သယ်လာသည်။ အိမ်နားနီးချင်းကောင်လေးများကို "ဟဲ့ လာကြပါဦး"ဟု ခေါ်ကာ ဆိုင်းဘုတ်တင်ခိုင်းသည်။
"ငှားသည်
မြစပယ်ကြိုင်အငြိမ့်
လူပြက်
ကျဘမ်းနှင့် ပန်နကစ်"
မြကြိုင်သည် ခါးထောက်မော့ကြည့်ရင်း ကျေနပ်စွာ "ငါ့အသက် ၂၆ နှစ်မှာ အငြိမ့်ထောင်တယ်"ဟု တယောက်တည်း ပြော၏။ အိမ်ကလေးကို မော့ကြည့်၏။ သည်အိမ်တွင်းမှ အောင်မြင်သူ နှစ်ယောက် ထွက်ခဲ့သည်။
အိမ်တွင်းသို့ ဝင်ခဲ့လျှင် ဖခင်ဖြစ်သူကို မတွေ့၊ စောစောကပင် အိမ်ရှေ့မှာ ထိုင်နေသေးသည်။ အဖေ … အဖေနှင့် ခေါ်ကြည့်၏။ မထူး။ သူမသည် ဖခင်ကို နှစ်သိမ့်ချင်၏။ အဖေက စိတ်ငယ်တတ်သည်။
အိမ်နောက်ဖေး၌လည်း မတွေ့။
အကြံရကြပ်နေစဉ်တွင် အထပ်ခိုးပေါ်မှ ရှပ်ကနဲ ကြားသည်။
ပြေးတက်လာသည့်အခါ မိမိ၏အိပ်ရာခြေရင်း၌ ငုတ်တုတ်ထိုင်နေသော ဖခင်၏ကျောကုန်းကို မြင်ရ၏။
"အဖေ"
တသက်နှင့်တကိုယ် ခေါ်တာကို ပထမဆုံးအကြိမ် မထူးဘဲ လှည့်မကြည့်ဘဲနေသည်။
သူမသည် စိုးရိမ်၍သွားပြီး အိပ်ရာပေါ်ထိုင်ကာ … ထိုင်လျက် ရွှေ့၍ အဖေ့မျက်နှာကို ကြည့်၏။ အဖေက မျက်ရည်စများနှင့် ရှိသည်။
မြကြိုင် ထိတ်လန့်ပြီး "အဖေ … ဘာဖြစ်တာလဲ"ဟု မေးသည်။
ဖခင်က နွမ်းပျော့သော ထားဝယ်လုံချည် အကွက်ကျဲအနားဖြင့် မျက်ရည်စများကို သိမ်း၏။ ထို့နောက် နှပ်တချက်ညှစ်ကာ အရှိုက်တဝက် စကားတဝက်ဖြင့် ပြော၏။
"ငါ့ ဘယ်သူကမှ အလိုမရှိတော့ဘူး။ နင်ဟာ ဟိုတနေ့ကထဲက ငါ့ကို အမှန်အတိုင်း ပြောဖို့သင့်ပါရဲ့။ ငါကတော့ မျှော်လင့်နေတာ၊ နင့်ဆိုင်းဘုတ်ကိုမြင်တော့ ငါ ဝမ်းနည်း … "
အဖေက ရှိုက်သည်။ မျက်ရည်များသည် တတွေတွေ ကျပြန်သည်။ မြကြိုင်က အသက်ရှူရ မွန်းသလိုဖြစ်သည်။ အော်ပြီး ငိုလိုက်ချင်စိတ်ပေါက်သည်။ တကယ်တော့ အဖေ့ကို ငါသိပ်ချစ်တာပဲဟု တွေးမိသည်။ အဖေ့ပုခုံးကို ကိုင်ရုံသာ ကိုင်တတ်ပြီး
"တော်ပါတော့အဖေရယ်၊ အသက်လည်း ကြီးမှပဲ၊ အေးအေး ထိုင်စားပါတော့။ အဖေ့မှာ ဂုဏ်ယူစရာမယားလည်း ရှိခဲ့ပြီ၊ သမီးလည်း ရှိခဲ့ပြီပဲ။ ကျွန်မက အဖေ့ကို အရှက်မကွဲစေချင်လို့ မထည့်တာပါ"ဟု နှစ်သိမ့်၏။
သည်တော့မှ အဖေက ထပ်ပြီး ရှိုက်ပြန်သည်။
သူမသည် ဘာမှမလုပ်တတ်။
"အဖေရယ် … ကျွန်မအောင်မြင်တာ အဖေရှုံးနိမ့်ခဲ့လို့ပါပဲ၊ ကျွန်မ အဖေ့ကို ကျေးဇူးတင်ပါတယ် "
သို့သော်လည်း သူက နှစ်သိမ့်သမျှသည် အဖေလုပ်သူအဖို့ ပိုပြီး ပူဆွေးစရာဖြစ်လေသည်။
သူမသည် မကြည့်ရက်တော့ဘဲ အိမ်အောက်သို့ ဆင်းခဲ့သည်။ အဖေ့ရှိုက်သံကို ကြားတုန်းပင်။ မကြားချင်သည်နှင့် အိမ်ရှေ့သို့ ထွက်လာ၏။ လမ်းမ၌ မှောင်ပြေပြေဖြစ်သည်။ လမ်းမသို့ရောက်သော် အပြာပေါ်မှ အဖြူစာလုံးသည် ညဉ့်အခါ၌ ထင်လင်းစွာ ပေါ်သည်။
"မြစပယ်ကြိုင်"
သူမသည် အဖေဖြစ်သူကို တဒင်္ဂမျှ မေ့သွားကာ ကောင်းကင်ကို မော့ကြည့်သည်။
တန်ဆောင်မုန်းည၏ကြယ်စုံတို့သည် စောစီးစွာ ထွက်၍နေကြသည်။ ချစ်စဖွယ်ကောင်းသည့်ကြယ်တို့သည် သူမကို ငုံ့ကြည့်နေသလိုပင်။ သည်ကောင်းကင်အောက်မှာ အငြိမ့်စင်ထိုးပြီး ကမယ်။ သည်ကြယ်တွေကို ထမီမှာ ခေါင်းလောင်း … ပန်းဆင်တပ်ချင်သည်။
သူမသည် ပရိသတ်၏အသံကို ကြား၏။ ဝေါကနဲ ဝေါကနဲ နေသည်။ လေချွန်သံ၊ လက်ခေါက်မှုတ်သံ၊ ရယ်သံ၊ ငါဟာ အကြီးကျယ်ဆုံး ပုဂ္ဂိုလ်ဖြစ်ရမယ်ဟု ကြုံးဝါး၏။
အထပ်ခိုးကလေးမှ ရှိုက်သံသည် လမ်းမဆီသို့ တချက်သာ ယဲ့ယဲ့ကလေး ပြန်ထွက်လာနိုင်လေသည်။
ပြီး ပါ ပြီ။
(ကြည်အေး)
မေတ္တာဖြင့်
သောကြာကြိုက်သောစာစုများ စာပေပေ့ခ်ျထဲမှတဆင့် ကူးယူမျှဝေပေးပါသည်။ ချစ်ခြင်းများစွာဖြင့်
မူရင်းစာအတိုင်း တင်ပေးထားတဲ့ "ဝတ္ထုတို ဝတ္ထုရှည်များ" ကျေးဇူး + ကွန်ဂရက်ကျူလေးရှင်း။
အခုခေတ်မှာ စာတွေကို မူရင်းအတိုင်းမဟုတ်ဘဲ စာလုံးပေါင်း၊ သတ်ပုံ၊ အမည်၊ အချက်အလက်တွေကို ထင်သလိုပြင်ပြီး ထုတ်ဝေ၊ ကိုးကားနေကြတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment