(မောင်အောင်မွန် ခေါ် ဦးဝင်းအောင်ကြီး ရေးတဲ့စာကို ကူးယူတင်ပြတာဖြစ်ပါတယ်။ တခါတခါ ဦးဝင်းအောင်ကြီးဆီက ဖုန်းလာပါတယ်။ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြတယ်။ သူ့ဆီက ဖုန်းမလာတာ နည်းနည်းကြာပြီ။ မောင်အောင်မွန် နေကောင်းပါစေသတည်း။)
လေသူရဲ လက်နှိပ်စက်နှင့် မြသန်းတင့်
(၁)
ကျနော် Radio Moscow တွင်အလုပ်လုက်ပြီး မြန်မာ့အသံသို့ပြန်အလာ (၅၂)လမ်း၌တိုက်ခန်း၀ယ်နေ၊ ပါလာသည့် ရေခဲသေတ္တာ၊ ခြင်ကာတံခါး၊ ပန်ကာ၊ တယ်လီဖုန်း၊ ရေဒီယိုဂရမ်ကြီးနှင့် ဓာတ်ပြားများ၊ Grundic Recorder ကြီးနှင့် သီချင်းတိပ်ခွေများ စသဖြင့် ဇိမ်ကျကုံလုံ သို့သော် အဖော်မဲ့တကိုယ်တည်း စည်းစိမ်ရှင်ဆီ အပေါင်းအသင်း ကြီးငယ်တို့မကြာခဏ လာကြကုန်၏။
Privacy ကိုအင်မတန်ခုံမင် အထိမခံသမို့ ခင်မင်သူတိုင်းကိုပင် ကြိုတင်အသိမပေးလျှင် လာခွင့်မပြု။
မှန်မှန်ရောက်လာသူက စာရေးဆရာ မောင်တင်မြ၊ တခါတလေယောက်တည်း၊ တခါတလေ အတွဲ၊ တခါတလေ ရဲသုံးဖော်၊ တယ်လီဖုန်းဆက်ဖို့မလို ကျနော့်အလုပ်ချိန် သိနေသမို့ ကိုင်တင်မြအတွက် ၀င်ချင်၀င် ထွက်ချင်ထွက်ပေါ့။
တနေ့ ကိုတင်မြက အမျိုးသားတယောက်ခေါ်လာ၊ ပါလာသော အထုပ်များအတွက် ကျန်နော်က ပန်းကန်ယူလာပေးစဉ် သူ့ဆီမှာဘာစားစရာမှမရှိလို့ အိမ်ကြွက်တွေတောင် တခြားသွားရှာစားရတာဟု ကိုတင်မြကပြော၏။ အမြည်းများ အငမ်းမရ ယူစားနေသည်ကိုကြည့်ပြီး မျက်နှာစိမ်းဧည့်သည်က Say thank you. You are very rude. စာရေးဆရာချင်း Thank you လေးတောင်မပြောဘူးလားဟုပြောရာ-- ဒေါသထွက်ရမည်ထက် အံ့သြစွာ မျက်နှာစိမ်းဧည့်သည် အားငေးကြည့်နေမိ၏။
ကိုတင်မြက ခပ်အေးအေး-- စာရေးဆရာ လေသူရဲ(တဦး)ဟု မိတ်ဆက်ပေးသည်။
သူလည်းးတေးဂီတကြိုက်သမို့ ၀တ္ထုတိုရေးသမား ၃ ယောက် စကားပြောလို့ကောင်း၊ သီချင်းရွေးကြ နားထောင်ကြ၊ အချိန်တွေကုန်မှန်းမသိကြနှင့် အပြန်တွင် လေသူရဲ(တဦး)လည်း Thank you ပြောဖို့သတိမရ။ ခင်မင်ရင်းနှီးသွားလိုက်ကြတာ-- နှစ်ပေါင်းများစွာကြတော့ Thank you လည်းဘယ်ပျောက်သွားသည်မသိ။
ထိုပုံစံနှင့် ၁၉၆၉ ခု၊ နွေညတည ပူစပ်စပ်ကာလ ရန်ကုန်မြို့(၅၂)လမ်းက အိုအေစစ်လေး၌ လေသူရဲ(တဦး)နှင့် မောင်အောင်မွန် ပထမဆုံးဆုံခဲ့ကြသည်။
(၂)
မြန်မာ့အသံ မြန်မာပိုင်းတွင် Full time Radio Broadcaster ဖြစ်နေပြီမို့ ကျနော်နှင့်ရင်းနှီးသူ ဗိုလ်မှူးစောမြင့် (ရေ)၏ မြန်မာ့သတင်းစဉ် (ပြည်တွင်း)သို့ ရောက်သွားလေ့ရှိရာ အထူးအရာရှိ ဗိုလ်ကြီးလှ၀င်း(လေ) အဖြစ် သူနှင့်ဆုံရပြန်၏။ သတင်းစာသင်တန်းအောင်၊ အယ်ဒီတာချုပ်ဖြစ်လာချိန် သူပြောနေကျ စာရေးဆရာချင်း ဆိုသောစကားလိုပင် ဦးသောင်းအား အောင်ဗလအဖြစ်၊ ဦးဘသော်အားမောင်သော်ကအဖြစ် လေသူရဲကခင်မင်ရင်းနှီးသည်။
Japan Radio NHK မှာသွားလုပ်ဖို့ ရွေးချယ်ခံရပြီးမှ ထန်းပင်လိုမြင့်သူအတွက် ကျနော်ဖယ်ပေးရ၍ တိုက်ခန်းရောင်းကာ အကိုကြီး ဦးကြည်လွင်နှင့် သွားနေ၏။ ပဲခူးမှာ သူမယ်ဒလင်တီးရင် ဘေးကနားထောင်၊ သူဘောလုံးကန်ရာ လိုက်ကြည့်သူ ကျနော့်အား ညီငယ်အရင်းလိုချစ်သူ-- ချင်းပြည်နယ် ဒုတိယအတွင်း၀န်ကနေ ရာထူးတက် ရန်ကုန်စည်ပင်သာယာအဖွဲ့ အတွင်းရေးမှူးအဖြစ် ဖိုးစိန်လမ်း၌ နှစ်ထပ်အိမ်ကြီးတွင် မိသားစုနှင့် နေနေသည်။
မင်းက စာရေးဆရာဆိုတော့ ဒီလက်နှိပ်စက်လေး အသုံး၀င်လိမ့်မယ်--ဟုတနေ့ ရုံးကအပြန်တွင် Olympia Portable Tyewriter ကျနော့်အားလက်ဆောင်ပေးသည်။ သားရေးအိတ်နှင့် လက်ဆွဲပေါ့ပေါ့ပါး။
(၃)
လက်နှိပ်စက်ရိုက်ပြီး စာရေးသူ ကျနော်ပထမဆုံး မြင်ဖူးသူသည် အထောက်တော်လှအောင်ဖြစ်၏။ ဘာသာပြန်စာအုပ်တွေကို တဖြောင်းဖြောင်းနှင့်ရိုက်ပြီး တနေ့စာမျက်နှာမည်မျှရကြောင်း ဒိုင်ယာရီထဲရေး၏။ ၃၃ မျက်နှာအထိ ရဖူးကြောင်းပြောပြသည်။ သို့သော် သူသုံးနေသော လက်နှိပ်စက်မှာ ဟောင်းပြီးမကြာခဏ ပျက်ပျက်နေ၍ ခေါ်ခေါ်ပြင်ရသည်။
ခမျာအတော်ပင်ပန်းရှာ၏။
ကျနော်သည် ၀တ္ထုတိုရေးသမား၊ စိတ်ကူးကိုလက်နှင့်သာရေးခဲ့စမြဲမို့ လက်နှိပ်စက်ရိုက်ပြီး မရေးတတ် မရေးနိုင်။ သို့သော် ပင်ကိုရေးမဟုတ်သော ဘာသာပြန်များကို စိတ်ထဲစကားလုံးရွေး ဝါကျဖွဲ့လက်နှိပ်စက်ရိုက်၊ စမ်းကြည့်ရာ အောင်မြင်၍ ၀မ်းသာအားတက်မိပြီ။
သည်လိုနှင့်ပင် The Wind Cannot Read By Richard Mason ကို လက်နှိပ်စက်ရိုက်ပြီး စတင်၍ ဘာသာပြန်သည်။ ကျနော်သည် Touch Method ခေါ် လက်(၁၂) ချောင်းနှင့် ရိုက်တတ်သူမဟုတ်၊ မြန်မာအက္ခရာကို ဟိုရှာဒီရှာနှင့်သာ လက်ညှိုးနှစ်ချောင်းနှင့်သာ ရိုက်ရပါ၏။ သည်ကြားထဲ မှားမည်ကိုလည်း စိုးရိမ်ရသေး။
မည်သို့ဆိုစေ ပထမတမျက်နှာ ပြီးသွားသည်ကိုကြည့်ပြီး ရလိုက်သည့်ပီတိ ခုတိုင်ရင်ထဲနွေးနေဆဲ။
ဘယ်လောက်ကြာသွားသည် ၃၁-၇- ၁၉၈၂ နေ့တွင် အစအဆုံး ဘာသာပြန်ပြီးသွားလေပြီ။ မောင်အောင်မွန်ကို ပင်ကိုရေး စာရေးဆရာ၊ အထူးသဖြင့် ရှုမ၀၊ မြ၀တီ၊ ပေဖူးလွှာ စသည့်မဂ္ဂဇင်းများတွင် ပါသည့်၀တ္ထုတိုရှည်တို့ကိုသာ ဖတ်ဖူးကြသူများအဖို့ ဘာသာပြန်လုံးချင်းက ထူးဆန်းနေမည်လော။ ပြီးတော့ စျေးကွက်အသစ်ထဲ ၀င်ရမည့်မျက်နှာစိမ်း။
ကံကောင်းအဆင်ပြေချင်တော့ ပန်းခြွေတဲ့လေ ဟုအမည်ပေးထားသည့် The Wind Cannot Read By Richard Mason ဘာသာပြန်ကို ဖတ်ကြည့်ပြီး ဘ၀တက္ကသိုလ် ကိုနေ၀င်းက သဘောကျ၍ ၁၉၈၄ ခု၊ မတ်လတွင် ၂ တွဲထုတ်ပေးသည်။
ထို့နောက် The Purple Plain By H.E. Bates ကို လက်နှိပ်စက်ရိုက်ပြီး ဘာသာပြန်၏။ ပြီးသွားတော့ ပေဖူးလွှာမဂ္ဂဇင်းတွင် (၆)လ အခန်းဆက် ထည့်နိုင်ရန် စာမျက်နှာအကန့်အသတ်ကိုက်ညီရေး ကျုံ့သွားအောင် အတိုချုံ့ပေးရသည်။ အယ်ဒီတာချုပ် ဦးမြလှိုင်၊ မှူးသမိန် (ဗိုလ်မှူးကြီးစောမြင့်) တို့နှင့် ၃ ယောက်သားတိုင်ပင် လုပ်ဆောင်ကြပြီး ထိုခရမ်းရောင်လွင်ပြင် ဘာသာပြန်၀တ္ထုကို နောက်ပိုင်း အပြည့်အ၀လုံးချင်းအဖြစ် ထုတ်ခဲ့၏။
မကြာသေးခင်ကပင် ရာပြည့်တိုက်က ဒုတိယအကြိမ်ပှုံနှိပ်ထုတ်ဝေခဲ့သေးသည်။
ကျနော်တို့ခေတ်က မြန်မာပြည်တွင် လူကြိုက်များခဲ့သော ရုပ်ရှင်ဇာတ်ကား၏ မူရင်း၀တ္ထုဖြစ်သော The Teahouse of the August Moon By Vern Sneider ကိုလည်း လပြည့်၀န်းသည့်ဖန်ရည်ဆောင် ဟူ၍ ဘာသာပြန်ကာ ဂီတပဒေသာ မဂ္ဂဇင်းတွင် (၈) လအခန်းဆက် ဖော်ပြခဲ့၏။ ယခုလုံးချင်းအဖြစ် ပြန်ထုတ်နိုင်ဖို့ ကြားတလ ရှာမရနိုင်သေး၍ အခက်ကြုံနေသည်။
ကျနော်အများဆုံး လက်နှိပ်စက်ရိုက်ပြီး ရဖူးသည်ကား တနေ့ (၁၁) မျက်နှာ ၃ကြိမ်ထက်မပို၊ မည်သို့ဆိုစေ စာအုပ်ကြီး ၃ အုပ်ကို လက်နှိပ်စက်ရိုက်ပြီး ဘာသာပြန်နိုင်ခဲ့၍ ကျေနပ်ပါ၏။
(၄)
ကျနော်အိမ်ထောင်ကျပြီး ပုသိမ်လမ်း၌နေစဉ် ဖျာပုံလမ်း၌နေသူ ကိုမြသန်း (တင့်) နှင့်မိသားစုချင်းပါ ခင်မင်ရင်းနှီးသည်။ သူ့မိသားစုတွင် ကလေးငယ်မရှိသေး၍ ကျနော့်သားပေါက်စကို ဝိုင်းချစ်ကြ၏။ မြသန်းတင့်နှင့် မောင်အောင်မွန် ထမင်းစားချိန်နှင့်ကြုံလျှင် လက်ဆေးကာ ၀င်စားဖြစ်သည်အထိ ရင်းနှီး၏။ သူ့ညီများကိုအကြောင်းပြု၍ ပွင့်လင်းစွာ ပြောကြဆိုကြ၊ သို့သော် စည်းကမ်းနှင့် Off the record, for your ears only မို့ ထိန်းသိမ်းရသည်။
ကျနော် မြန်မာ့အသံက ထွက်ဖို့ပြင်ဆင်ရင်း စာပေဗိမာန်နောက်ဘက် ဘိုကလေးကျောင်းလမ်းသို့ ပြောင်း၏။
ထိုလမ်းတိုလေးသည် အလောင်းစည်သူကျောင်းဟု လူအများနောက်ခေါ်ကြသော စမ်းချောင်း အထက(၁)နှင့်ကပ်လျက် ဘုန်းကြီးကျောင်း ၃ ကျောင်းနှင့် မျက်နှာချင်းဆိုင်ဖြစ်သည်။ လမ်းထိပ်တွင် လူစည်ကားသော လက်ဖက်ရည်ဆိုင်ရှိ၏။ ကုက္ကိုပင်ကြီးများ ပိတောက်ပင်ကြီးများနှင့် အရိပ်ကောင်း အေးဆေးငြိမ်သက်စမြဲ။
ကျနော့်အားခင်မင်သူများကမူ ဘယ်နေရာပြောင်းပြောင်း၊ လိုက်ရှာကာ ရောက်လာတတ်သည်။ အထူးသဖြင့် ကျနော်နှင့်စကားပြောချင်ကြသည့် မြသန်းတင့်၊ အောင်သင်း၊ အထောက်တော်လှအောင်တို့ ပုံမှန်လောက်ရောက်လလေ့ရှိသည်။
ထူးထူးခြား မြသန်းတင့်ကမူ အသုဘပို့အပြီး ယပ်တောင်လေးကိုင်ကာ ရောက်လာတတ်၏။ ကျနော့်ဇနီး၏ မြင်းခွါရွက်သုပ်ကို ခံတွင်းတွေ့၊ မွန်းလွဲပိုင်း အပူချိန်အပြင်းဆုံးအချိန် အသုဘပို့အပြီး အရိပ်လည်းခိုရင်း ဖြစ်သလားမသိ။ အဖန်ရည်သောက် အေးအေးလူလူ စကားပြောကြ၊ ညနေဘက်ကျမှ နှစ်ယောက်သား ဖျာပုံလမ်းသို့ လမ်းလျှောက်ကြသည်။
ကိုမြသန်း (တင့်) ရောက်လာတိုင်း ကျနော်၏ လက်နှိပ်စက်ရိုက်ပြီး ဘာသာပြန်လက်စ စာရွက်များ ယူကြည့်ဖတ်ကြည့်လေ့ရှိ၏။
(၅)
ကျနော်ပုသိမ်လမ်း၌ နေစဉ်တုန်းက တခါတလေ သူ့သားအပါကိုပါခေါ်လာကာ ရေဒီယိုဂရမ်ကြီးနှင့် သီချင်းလာနားထောင်လေ့ရှိသော စာရေးဆရာ လေသူရဲ (တဦး) သည် ဘိုကလေးကျောင်းလမ်းသို့ ပြောင်းသွားသည့်တိုင် စုံစမ်းကာရောက်လာတတ်၏။ အခြေအနေကားပြောင်းလဲနေပြီ၊ ၅၂ လမ်းတုန်းကနှင့် မတူ--နည်းနည်းလေးမှမတူတော့။ ယခုအခါ အိမ်သာကိုပင် အိမ်ရှင်နှင့်တွဲသုံးရသည့်ဘ၀။
သို့သော် ရောက်လာကြသူတို့၏ ခင်မင်မှုကမူ နွေးထွေးလှလေစွ။
လေသူရဲ (တဦး) သည် ကျနော့်နှင့်စကားပြောချင်ပုံရ၏။ မကြာခဏဆိုသလို သူ့ဇနီးဆရာ၀န်မ ဆေးခန်းဖွင့်ထားရာ သာကေတသို့လိုက်ပို့ရင်း စကပြောဖို့ ကျနော့်အားခေါ်သွားလေ့ရှိသည်။ စာအကြောင်း ပေအကြောင်း စာပေလောကအကြောင်း စာရေးဆရာတို့အကြောင်း သူ့အမြင် ကိုယ့်အမြင်။ ကျနော်တို့ နှစ်ယောက်စလုံးသိသော နှစ်ယောက်စလုံး ခင်မင်သော စာရေးဆရာများကလည်း အများသား။
အဲဒီထဲ မြသန်းတင့်လည်းပါသည်။
ပြေး ရှောင် ပုန်းနှင့် နောက်ဆုံး ကိုကိုးကျွန်းရောက်သွားသော မြသန်းတင့် စာမရေးနိုင်ခြင်းသည် တိုင်းပြည်အတွက် များစွာနစ်နာသည်ဟု ကျနော်တို့နှစ်ယောက် ကောက်ချက်ချ၏။ မြသန်းတင့်လက်ရေးသည် ရှင်းလင်းလှပပါ၏၊ သို့သော်သူကား ကဗျာဆရာမုဟုတ်၊ စာအုပ်များစွာ ဘာသာပြန် ရေးသားသောသူမို့ မျက်စိကလည်း အင်မတန်အားနည်းနေပြီဖြစ်၍ လက်နှင့်ရေးလို့တော့ စာအုပ်တွေထွက်လာမည်မထင်ဟု ကျနော့်အမြင် ပြောဖြစ်ခဲ့သည်။
(၆)
ဘိုကလေးကျောင်းလမ်းထိပ်၌ သူ့မော်တော်ကားရပ်ခဲ့ကာ လေသူရဲ (တဦး) ရောက်လာ၏။ လက်နှိပ်စက်ရိုက် ဘာသာပြန်နေသော ကျနော့်အား သူ့မှာလည်း ဤ Olympia Portable Tyewriter မျိုးတလုံးရှိသော်လည်း သိပ်မရိုက်ဖြစ်ဟုပြောသည်။ ထုံးစံအတိုင်း စကားပြောကြပြီး သူအပြန်ကျနော့်အား ဖျာပုံလမ်းသို့ ၀င်ပို့ပေးပါဟု ဆိုကာ သူ့ကားနှင့် လိုက်ပါသွားရင်း ဟိုရောက်တော့သူလည်းဆင်း၏။
မြသန်းတင့် အိမ်မှာရှိနေ၍ သုံးယောက်သား စကားကောင်းနေကြချိန်--၊
လေသူရဲ (တဦး)က ရုတ်တရက် ကျနော့်မှာ Olympia Portable Tyewriter တလုံးရောင်းဖို့ရှိတယ် ဟုပြော၏။ ခေတ်ကောင်းစဉ်က မြန်မာပြည်တွင် မြသန်းတင့်လို စာရေးဆရာအဖို့ ၀တ္ထုတပုဒ်စာမူခနှင့်ပင် ထိုသို့သော လက်နှိပ်စက်၀ယ်နိုင်ပါသည်။ ဟင်းရွက်ကန်စွန်းလို့ လူတကာ၀ယ်လို့လည်းရပါသည်။
သို့သော်လည်း မဆလ ခေတ်တွင်မူ-- ဘားလမ်းက လက်နှိပ်စက်ရိုက်နေသူများပင် မထင်တော့သော သို့မဟုတ် ပျောက်နေသော စာလုံးကိုလက်ရေးနှင့် ဖြည့်နေရသောအချိန်ပါ။ မြန်မာတပြည်လုံးတွင် လက်ချိုး၍ ရေတွက်ရလောက်အောင် နည်းပါးသော Olympia Portable Tyewriter ၏ ကာလပေါက်စျေးကို ခန့်မှန်းမရ။ အတန်ကြာချိန်ဆနေပြီးမှ--- မြသန်းတင့်က ကျနော်--ကျနော် အမြတ်ဘယ်လောက်ပေးရမလဲဗျာဟုမေး၏။
မြသန်းတင့်စာအုပ်တွေ ထွက်ရေးအတွက် ကျနော်ဘယ်လိုလုပ် အမြတ်ယူရမှာလဲ--ဟူ၍ လေသူရဲ (တဦး)ကဖြေလိုက်သည်။
(၇)
နှစ်တွေများစွာ ကြာခဲ့ပါပြီ။ မြသန်းတင့်ကွယ်လွန်ချိန် ကျနော့်မိသားစုသာ လိုက်ပို့နိုင်ပြီး ကျနော်ကမူ VOA မြန်မာပိုင်းက အမှတ်တရဂုဏ်ပြု အသံလွှင့်နိုင်ခဲ့၏။ လေသူရဲ (တဦး)၏ အသံလည်း ခုမှပြန်ကြားရ၏။ မြသန်းတင့်၏ စာအုပ်တွေများစွာ ထွက်ရေး၌ ထိုလက်နှိပ်စက် မည်မှအရေးပါသနည်း၊ ကျနော်မသိ။
လေသူရဲ (တဦး) ပြောနေကျ စာရေးဆရာချင်း ကျေးဇူးတင်စကား ပြောဖို့မလိုဆိုသည်ထက် ကျနော်ဘယ်လိုလုပ် အမြတ်ယူရမှာလဲ--ဟူသော အသံလေးသာ ကျနော့်ရင်ထဲပဲ့တင်သံထပ်နေသည်ဟု တွေးမိကြောင်းပါ။
၂၀၁၇ ခု၊ စက်တင်ဘာလ (၁၃) ရက်နေ့။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment