သမုဒ္ဒရာ၊ ဝမ်းတထွာသည်
ချိန်ခါမရွေ့၊ ခဏမေ့၍
မပြည့်သောခါ၊သတ္တဝါမှာ
လွန်စွာပင်ပန်းရှာတော့သည်။
လမ်းခဏ၌၊ ကြုံတွေ့ခိုက်တွင်
လှိုက်လှိုက်မအေး၊ သူ့ ဖြစ်ရေးကို
မြော်တွေးပူပြင်း၊ ပြောနေရင်းက…
ငါကား ညတြ၊ မမှတ်ကြနှင့်။
ကျယ်ပြန့်နက်နဲ၊တွေး ငေး ကဲလိုက်
ဖြစ်ဆဲရပ်ရပ်၊ တိတ်နာဂတ်ကို
စာမြတ်ရေးစီ၊ ပေးခဲ့ပြီမို့
ချစ်ကြည်ကိုးစား ရိုသေအားဖြင့်၊
မည်ကား သညာ၊ ခေါ်,ဆရာဟု
လူမှာ တွင်ကျယ်၊ ဂုဏ်မငယ်ခဲ့။
ငါကား ညတြ၊မမှတ်ကြနှင့်။
ခေါ်လည်းဆရာ၊ရိုသေစွာဖြင့်
စုံပါမင်းပွဲ၊တင့်ကဲ ထင်ပေါ်
ဂုဏ်တေဇော်တို့၊ပြောခေါ်မရှား
သူတပါး၏ နှုတ်ဖျားထက်တွင်
လွန်ပေါ်လွင်၏။
သို့ပင်စစ၊ ငါ့ဘဝကား၊
နား မချမ်းသာ၊ သားခမြာက
ပူဆာငိုကြွေး သူ့ “လိုရေး”ကို
မပေးခဲ့နိုင်၊ ငါတွေးမှိုင်၏။
မနက်နှင့်ည၊ ဝမ်းစာဝပြီး
လှပဝတ်ရေး၊ အိမ်ထာင်ကြွေးကို
ဆပ်ပေးပြည့်စုံ၊မကုံလုံ၍
ငါတုံ မရွှင်၊ သေလိုက်ချင်၏။
စားကြွေးသောက်ကြွေး၊ပူကြသေး၍
မပေးနိုင်သာ၊ ငါ့ခမြာလည်း
ဘယ်မှာရွှင်ရွှင် ခေါင်းမစင်ခဲ့။
သို့ဖြင့်သင်ကား၊ဘယ်သူများနည်း
နှုတ်ပါးရွရွ မေးလိုက်ရ၏။
ငါသည်လောက၊ ဆရာပ,ဟု
စစကြုံးဝါး၊ ဟိတ်ဟန်ထွား၏။
မြင့်မားဂုဏ်ရှိန်၊ သုခမိန်ဟု
မြိန်မြိန်ကြီးပြော၊ တွေ့သူပေါ၏။။
ထိုရောသည်နောက်၊ တကောက်ကောက်နှင့်
ရှေ့နောက်ဝဲယာ၊ စာမူပါစ
ပေးပါဗျနှင့်၊ ဝပ်တွရိုသေ
တောင်းကြလေ၏။
ထွေထွေရာရာ၊ပကာသန၊
လွန်ကြွယ်ဝသည်၊ ငါမှ လူစွာ
စာရေးဆရာ… တဲ့။
အော် လှေခွက်ချည်းကျန်
အလံမလှဲ-လူ့ မိုက်ခဲပေတကား…။
“ညိုဝင်း” ၂၉-၄-၅ဝ
(လက်တွေ့ဘဝကို လေ့လာသော ကဗျာတပုဒ်)
ပဒေသာမဂ္ဂဇင်း ၁၉၅၀ ဇွန်လ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment