(မောင်ထင်)
စကားဆိုသည်မှာပါးစပ်မှထွက်လာသောအသံများဖြစ်သည်။ထိုအသံများကို စနစ်တကျ ဖွဲ့စည်းထားသည်။ထိုကြောင့် ထိုအသံများသည် ဆိုလိုရင်းအနက်အဓိပ္ပါယ်ကို ပေးနိုင်သည်။ ထိုသို့ အနက်အဓိပ္ပါယ်ကို ပေးနိုင်သောကြောင့် တဦးက ပြောသောအသံကို ကြားရသူ အခြားတဦးက နားလည်သည်။
ဝူးဝူးဝါးဝါးအသံကို ကြားသောအခါ အနက်အဓိပ္ပါယ်မရှိသောကြောင့် ကြားရသူတို့က အထွေအထူး ဂရုမပြုကြပေ။ညအချိန်မတော် သူခိုးအိမ်ပေါ် တက်သောအခါ အိမ်ရှင်က စူးစူးဝါးဝါးအော်သည်။အော်သံကို တရွာလုံးကြားသော်လည်း ဘာသံမှန်းမသိ။ဘာပြောမှန်းမသိ။ထိုကြောင့် ဘယ်သူကမျှအရေးမယူ။သူခိုးက သူလိုချင်တာယူပြီး အိမ်ပေါ်က ဆင်းသွားသည်။တရွာလုံး ဘာဖြစ်လို့ ဘာဖြစ်မှန်းမသိချေ။
အကယ်၍"သူခိုးဗျို့"ဟု အဓိပ္ပါယ်ရှိသောစကားကို ပေးလိုက်လျှင် ကြားရသူတိုင်း အိမ်ကို သူခိုးတက်တာပဲဟု နားလည်၍ သူခိုးကို လိုက်ကြလိမ့်မည်။
ထို့ကြောင့် အသံ အသံဟု ဆိုတိုင်းလည်း စကားမဟုတ်။စကား စကားဟု ဆိုတိုင်းလည်း အနက်အဓိပ္ပါယ်ရှိသည် မဟုတ်။
စကားဆိုသည်မှာ တဦး၏ တွေးတောဆင်ခြင်ခြင်းကို တဦးအား သိရှိနားလည်အောင် ဆောင်ကြဉ်းပေးသော ဝေါဟာရဖြစ်သည်။ထိုဝေါဟာရတို့ကို ထုံးမှီစံမျှ စနစ်တကျ ဖွဲ့စည်းရသည်။သို့မှသာ တဦး၏ ဆိုလိုရင်းကို တဦးက နားလည်မည်။နားလည်မှသာ အလုပ်ဖြစ်မြောက်အောင်လုပ်နိုင်သည်။ကျွန်ုပ်တို့ မြန်မာ့တိုင်းရင်းသားအများ ပြောဆိုနေကြသော စကားမှာ မြန်မာစကားဖြစ်သည်။မြန်မာစကားကို မြန်မာတိုင်းရင်းသားတို့ နားလည်ကြသည်။အထူးသဖြင့် နေ့စဉ် မြန်မာသုံးစကားကို အခြေခံ၍ မြန်မာတိုင်းရင်းသားတို့ နားလည်ကြသည်။ မြန်မာ့ဇာတိမှာ ကျေးလက်ကို အခြေခံသည်။ အခြေခံဟုဆိုလျှင် ကျေးလက်လူထုကို သတိရသင့်သည်။ထို့ကြောင့် အများနားလည်အောင်ဟု ရည်ရွယ်လျှင် ကျေးလက်လူထု နားလည်အောင် ပြောဆိုကြရပေလိမ့်မည်။
မြို့နေလူထု၌ အတွေ့အကြုံများပြားသည်။ မြို့၏သဘာဝ ဖွံ့ဖြိုးသည်နှင့်အမျှ မြို့သားသည် ဗဟုသုတကြွယ်ဝသည်။ မြို့သားသည် မိမိတိုင်းရင်းဘာသာစကားကို နားလည်သည့်အပြင် မိမိနိုင်ငံ၏ အပမှလာသော ဝတ္ထုပစ္စည်း အခေါ် အဝေါ် တို့ကိုလည်း အထိုက်အလျောက် နားလည်သည်။ထိုမှ
တဆင့်တက်သော် တပါးသော အမျိုးသားတို့၏ အတွေးအခေါ် စဉ်းစားဥာဏ်နှင့်ဆိုင်သော ဝေါဟာရတို့ကိုလည်း နားလည်သည်။ ထို့ကြောင့် ဝိဇ္ဇာသိပ္ပံနှင့်ဆိုင်သော ခေတ်မှီဝေါဟာရတို့၏ အတိမ်အနက်ကို ကောင်းစွာ ပိုင်းခြား၍ သုံးစွဲနိုင်သည်။ မော်တော်ကားဟုခေါ်သော ဝတ္ထုပစ္စည်း၏ အမည်ကိုသာမက နိုင်ငံရေးအတွေးအခေါ်နှင့် စပ်ဆိုင်သော ဒီမိုကရေစီဟူသော ဝေါဟာရကိုပင်လျှင် မြို့ကြီးသားတို့သည် ကောင်းစွာသိ၍ သုံးစွဲနေကြသည်။
သို့သော် အများစုဖြစ်သော ကျေးလက်လူထုကား မြို့ကြီးသားလောက် သိကြမည်မဟုတ်ချေ။
ကျေးလက်လူထု၏ နားလည်မှု နားမလည်မှုအပေါ်၌ တိုင်းပြည်၏ တိုးတက်မှုသည် အနည်းနှင့်အများဆိုသလို တည်ရှိသည်။
မော်တော်ကားသည် အကောင်အထည်နင့်တကွ မြင်ရသော ပစ္စည်းဖြစ်၍ ယင်းဝေါဟာရကို တောသူတောင်သားတို့ အလွယ်တကူ နားလည်ကြသည်။မော်တော်ကားကို မမြင်ဘူးပါဟု ဆိုသည့်တိုင်အောင် တဆင့်စကား တဆင့်နားဖြင့် စိတ်ထဲတွင် မှန်းဆ၍ သိရှိနိုင်ကြသည်။
ဒီမိုကရေစီကား မော်တော်ကားကဲ့သို့ အကောင်အထည်မရှိချေ။ထိုကြောင့် ထိုဝေါဟာရကို ကြားဖူးသည့်တိုင်အောင် အဓိပ္ပါယ်ကို ရုတ်တရက်မသိနိုင်ချေ။ကျေးလက်လူထုသည် မိမိတို့ မမြင်ဖူးသော မော်တော်ကားကို ကျွဲကြီးနှင့်တူသည်ဟု စိတ်ကူးကြည့်လိုက ကြည့်နိုင်ရာသည်။သို့သော် ဒီမိုကရေစီကို ဘာကောင်နှင့်တူသလဲဟု စိတ်တွင် ကြံဆ၍ မရနိုင်ချေ။ဒြပ်မဲ့သော သဘောတရားကို စိတ်ကူးထုတ်၍ ကြည့်ရသည်မှာ များစွာ ပင်ပန်းလှသည်။
သို့သော် စင်စစ် ဒီမိုကရေစီဟူသော ဝေါဟာရသည် မြန်မာ့စကားထဲသို့ ဝင်ရောက်ခြင်းမရှိမှီကပင် ကျေးရွာသားတို့ သည် မိမိတို့ ဘာသာဘာဝအလျှောက် နေထိုင်လုပ်ကိုင် စားသောက်၍ အချင်းချင်း ပေါင်းသင်းဆက်ဆံပြီးလျှင် ရပ်ရေးရွာရေးတို့ကို အညီအညွှတ် စုပေါင်းစီမံခန့်ခွဲသည့်အခါ အဆိုပါ ဒီမိုကရေစီ နည်းနိသျှအတိုင်း လိုက်နာဆောင်ရွက်ခဲ့ကြသည်။ကျေးရွာလူနေမှုစနစ်များ ဓမ္မတာအလျှောက် ဖွံ့ဖြိုးတိုးတက်သောအခါ ရွာသူရွာသားအချင်းချင်း လူ့သိက္ခာနှင့်အညီ စည်းကမ်းတကျ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရသော ကျေးရွာအုပ်ချုပ်ရေး လုပ်ငန်းတို့၌ပင်လျှင် အဆိုပါ သဘောတရားတို့နှင့် ညီညွှတ်အောင် ကျင့်ကြံလုပ်ဆောင်လာကြသည်။
ကျွန်ုပ်တို့သည် ဤအစဉ်အလာအတိုင်း ဖွံ့ဖြိုးတိုးတက်ခဲ့ခြင်းကြောင့် ရှေးမြန်မာဘုရင်တို့၏ လက်ထက်ကပင်လျှင် မိမိတို့၏ တိုင်းနိုင်ငံကို မြန်မာ့မူလဘူတ ဥပဒေ၊ မြန်မာဓမ္မသတ်၊ မြန်မာ့စီရင်အုပ်ချုပ်နည်းနိသျှ၊ မြန်မာ့နိုင်ငံရေးအတွေးအခေါ် စသည်တို့ဖြင့် မြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့ကြသည်။ကျေးရွာပေါင်း တဒါဇင်ကျော်ခန့်ကို စုစည်း၍ ပြည်တည်ထောင်ခဲ့ရာ ယနေ့လက်ရှိ မြန်မာနိုင်ငံ၏ အကျယ်အဝန်းထက် ပို၍ကျယ်ဝန်းသော ဘုရင့်နောင်လက်ထက် မြန်မာနိုင်ငံတော်ကြီးကို အဆင့်ဆင့်ကြီးပွါးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။
ရှေးမြန်မာဘုရင်တို့၏ စီရင်အုပ်ချုပ်ပုံ နည်းနိသျှတို့ကို နှောင်းလူတို့ သုတေသနပြုကြသောအခါ ကံကျွေးချစနစ်၊ ပဒေသရာဇ်စနစ်၊ ဘုရင်စနစ် အစရှိသော ကမ္ဘာ့ယေဘုယျစံတို့ဖြင့် သမိုင်း၏ထုထည်ကို တိုင်းတာကြည့်လေ့ရှိသည်။ ကမ္ဘာ့နိယာမတို့နှင့်တိုင်း၍ စံထိုးကြည့်ရစမြဲ ဖြစ်သော်ငြားလည်း အင်္ဂလန်၊ ဥရောပ၊ ရုရှားတို့၌ ထွန်းကားသော ဘုရင်စနစ် စသည်တို့သည် မြန်မာတို့၏စနစ်နှင့် ထပ်တူထပ်မျှဟု မဆိုနိုင်ချေ။ ဥရောပတိုက်၏ နိုင်ငံရေးအတွေးအခေါ် တို့သည် ပလေတိုး၊ အရစ္စတော့တယ်၊ ဟောဗီ (Hobbe)၊ လော့ခ် (၊ocke)၊ ရုဆိုး (Rousseau)၊ မာ့ခ်စ် (Marx)၊ ဘာထရန်ရပ်ဆယ် (Bertrand Russe၊၊) စသော ဖီဆိုဖာခေါ် ဆရာကြီးများ ရေးသားခဲ့ကြသော ကျမ်းကြီးကျမ်းခိုင်တို့မှ အခြေခံ၍ ဆင်းသက်လာကြသည်။ ကျွန်ုပ်တို့နိုင်ငံ၌ကား ဟိတောပဒေသကျမ်း၊ စာဏကျနီတိ၊ လောကနီတိ၊ ရာဇနီတိ စသော နီတိ အတွေးအခေါ် တို့မှ အခြေခံ၍ မြန်မာ့နိုင်ငံရေး ဒဿနတရားတို့ကား ထွန်းကားခဲ့သည်။ ပညာရှိတို့ ကြံစည်တွေးတောကြပုံမှာ အတူတူပင်ဖြစ်စေကာမူ ကာလဒေသ၊ ပယောဂကြောင့် တရားကိုယ်အနှစ်သာရတို့ကား တူချင်မှတူသည်။ထို့ကြောင့် တွေးခေါ်မြော်မြင်ရေးတို့၌ အသွင်ချင်းတူရုံနှင့်မျှ အနှစ်သာရချင်း အတူတူဟု ကောက်ချက်ချလျှင် မှန်ကန်ပြီဟု မဆိုနိုင်ချေ။
မြန်မာဘုရင်တို့၏ အုပ်ချုပ်ရေးစနစ်ကို လေ့လာသော သုတေသီတို့သည် မင်းကျင့်တရားဆယ်ပါး၊ သင်္ဂဟတရားလေးပါး၊ နာယကဂုဏ်ခြောက်ပါး၊ အပရိဟာနိယတရား ခုနှစ်ပါး အစရှိသော အခြေခံတရားတို့ကို ထုတ်ဖော်လေ့ရှိကြသည်။ထိုတရားအစုတို့သည် နီိတိကျမ်းလာ မြန်မာ့နိုင်ငံရေးအတွေးခေါ်နှင့် လျော်ညီသော မြန်မာ့အုပ်ချုပ်ရေး အမြော်အမြင်တို့ကို လမ်းညွှန်ပေးခဲ့သည်ဖြစ်ရာ ယင်းတရားစုတို့ကို ရှေးမြန်မာတို့၏ အမြင်ဖြင့် ပိုင်းခြားစိတ်ဖြာ သုံးသပ်ကြည့်ရပေလိမ့်မည်။အသေးစိတ်ကိုလေ့လာလျှင် သက်ဦးဆံပိုင်ဟူ၍ လည်းကောင်း၊ ရေမြေ့ရှင်ဟူ၍လည်းကောင်း ဝေဖန်ပြောဆိုကြသော်လည်း ယင်းအယူအဆများထဲတွင် ဘုရင်နှင့် တိုင်းသူပြည်သားတို့ သဘောထား မကွဲမပြားဘဲ တစိတ် တဝမ်းတည်း နိုင်ငံတော်အကျိုးကို သယ်ပိုးဆောင်ရွက်ရသည့် တိုင်ပင်နှီးနှောခြင်းလုပ်ရပ်တို့သည် သူ့ခေတ်နှင့်သူ ထွန်းကားခဲ့ကြောင်း တွေ့ရှိရပေသည်။
မြန်မာတို့၏ ထီးသုဉ်းနန်းသုဉ်းဘဝသို့ ကျရောက်ခဲ့ပြီးနောက် ဇာတိသဘင်လောကကို ပြန်လည်ထူထောင်ခဲ့ကြရာ ကျွန်တော်တို့ငယ်စဉ်က ကြည့်ခဲ့ကြသော ဇာတ်ပွဲတို့တွင် ရှင်ဘုရင်နှင့် ဝန်ကြီးလေးပါးတို့၏ အခန်းကဏ္ဍကို ဇာတ်ဆရာတို့က သရုပ်ဖော်ပေးသည်ဟု ကျွန်ုပ်တို့ နားလည်ခဲ့ကြသည်။ ယင်းဝန်ကြီးလေးပါး သရုပ်ဖော်ပုံကို နစ်နစ်နည်းနည်း လေ့လာကြည့်လျှင် ရှင်ဘုရင် နှင့် တိုင်းသူပြည်သားတို့ကို ကိုယ်စားပြုသော ဝန်ကြီးများသည် ဘုရင်နှင့်ပြည်သူ
တစိတ် တဝမ်းတည်း ဆောင်ရွက်ကြပုံတို့ကို သတိပေးနေသည်ဟု ကျွန်ုပ်တို့ နားလည်သင့်ကြသည်။
အချို့သောဇာတ်ပွဲတို့တွင် ဝန်ကြီးလေးပါး ထွက်သောအခါ မြတ်စွာဘုရားက လိစ္ဆဝီမင်းသားတို့ကို ဟောကြားတော်မူသော မဟာပရိနိဗ္ဗာနသုတ်လာသြဝါဒစကားတို့ကို အဖွင့်ဝဏ္ဍာပြု၍ ဇာတ်စကားပြောဆိုကြသည်ကို ကျွန်တော်တို့ငယ်စဉ်က နားထောင်ခဲ့ကြရဖူး၏။ထိုဇာတ်ကားထဲတွင် လိစ္ဆဝီမင်းသားတို့၏ အညီအညွှတ် တိုင်ပင်ဆွေးနွေး၍ စည်းဝေးကြပုံကို ကျွန်ုပ်တို့ ကြားနာရ၏။မြန်မာ့ဘုရင်အုပ်ချုပ်ရေးစနစ်ကို ရှေးလူကြီးများ ပြောကြသောအခါ ယင်းလိစ္ဆဝီတို့၏ အညီအညွှတ် စည်းဝေးခြင်းကို ညွှန်းဆို၍ပြောလေ့ရှိကြသည်။
ဒီမိုကရေစီဟူသော ဝေါဟာရကို ကျွန်ုပ်တို့သည် အင်္ဂလိပ်ထံမှ ရခဲ့ကြ၏။အင်္ဂလိပ်လက်ထက်၌ ပင်လျှင် ဒီမိုကရေစီကို ဟောပြောရေးသားခဲ့ကြ၏။စင်စစ် ထိုဝေါဟာရသည် ဂရိမြို့တော်နိုင်ငံများ ထူထောင်စက သုံးစွဲခဲ့သောဝေါဟာရဖြစ်သည်။မြို့သူမြို့သား အားလုံးက သူတို့၏ သဘောထားများကို တင်ပြ၍ အချင်းချင်း အယူအဆညီညွှတ်အောင် ညှိုနိုင်းပြီးလျှင် သဘောတူရာ ဆုံးဖြတ်ချက်ကိုရလျှင် ထိုဆုံးဖြတ်ချက်အတိုင်း ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ကြသည်။
ဤတိုင်ပင်ဆွေးနွေးသောနည်းသည် မြန်မာနိုင်ငံရေး အမြော်အမြင်တို့၌ ကျွန်ုပ်တို့ မိဘဘိုးဘွားများ အားကိုးခဲ့သော လိစ္ဆဝီမင်းသားတို့၏နည်းနှင့် သဘောအားဖြင့် ကွာခြားခြင်းမရှိချေ။ဤအချက်ကို ထောက်ရှု့လျှင် ကျွန်ုပ်တို့၏ အုပ်ချုပ်ရေးနည်းနိသျှထဲ၌ ထိုအစဉ်အလာရှိခဲ့သည်ကို ကျွန်ုပ်တို့ သတိရသင့်သည်။
ရှေးမြန်မာမင်းတို့၏လက်ထက်တွင် နေပြည်တော်၏ အုပ်ချုပ်ရေးမှာ ဘုရင်က ဦးစီး၍ ချုပ်ကိုင်သော သဘောတရားများ လွန်စွာ ကြီးထွားနေစေကာမူ ကျေးရွာအုပ်ချုပ်ရေး၌မူကား အခြေခံအားဖြင့် ရွာသူကြီးနှင့် ရွာသားတို့ အညီအညွှတ်တိုင်ပင်၍ ချုပ်ကိုင်သော သဘောတရားများက လွှမ်းမိုးသည်။မင်းနေပြည်တော်၌ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးကိစ္စတို့သည် အလွန်များမြောင် ကျယ်ဝန်းလှသည်။ ဘုရင်မင်းမြတ်၏ထံပါးတွင် လူမှုရေးရာတို့၌ ကျွမ်းကျင်သူ ပညာရှိများ အများအပြားပင်ရှိ၏။ ထို့ကြောင့် ဘုရင်သည် ထိုပညာရှိတို့နှင့် တိုင်ပင်နှီးနှော၍ မိမိသဘောထားကို ပြဋ္ဌာန်းသည်။ကျေးရွာ၌ကား နေပြည်တော်ကဲ့သို့ ရေးရာကိစ္စများသည် ကျယ်ဝန်းလှသည်မဟုတ်သောကြောင့် သူကြီးနှင့် ရွာသားများ စုပေါင်းတိုင်ပင် ဆွေးနွေးရန် အခွင့်အလမ်းများစွာ ရှိသည်။ထိုကြောင့် မင်းနေပြည်တော်၌ ဘုရင်တဦးတည်း ချုပ်ကိုင်ခြင်းသည် ဓမ္မတာဖြစ်သကဲ့သို့ နေပြည်တော်နှင့်ဝေးသော ကျေးရွာတို့၌ သူကြီးနှင့် ရွာသား အညီအညွှတ် သဘောချင်းမျှကြသည်မှာလည်း ဖြစ်မြဲဓမ္မတာပင်တည်း။
မြန်မာမင်းတို့လက်ထက်တွင် အခွန်ဘဏ္ဍာ ခန့်ခွဲခြင်းကိစ္စတို့၌ ကျေးရွာမြို့နယ်များတွင် မြေသမာဓိများဖွဲ့စည်း၍ ဆောင်ရွက်ကြသည်။ဤကဲ့သို့ အများသဘောယူ၍ စီမံခန့်ခွဲခြင်းသည် အုပ်ချုပ်ရေးတို့၌ပင်လျှင် တွင်ကျယ်ခဲ့လေသည်။ ယေဘုယျကို တွက်ဆကြည့်လျှင် အများသဘောဖြင့် စီမံခန့်ခွဲ အုပ်ချုပ်ခြင်းပင်ဖြစ်သည်။
ဗြိတိသျှတို့ မြန်မာနိုင်ငံကို နောက်ဆုံး အပြီးအပိုင် သိမ်းယူလိုက်သောအခါ မြန်မာဘုရင်မင်းမြတ်တို့၏ ကျေးရွာအုပ်ချုပ်ရေးစနစ်သည် ကျန်ရစ်ခဲ့သေးသည်။သို့သော် ထိုခေတ်က ဗြိတိသျှတို့အနေဖြင့် မြန်မာဘုရင်ကို သစ္စာတော်ခံသည်ထက် ဗြိတိသျှကိုသာလျှင် သစ္စာတော်ခံစေရန် လိုလားကြသည်။ဤသည်မှာလည်း ဓမ္မတာပင်ဖြစ်သည်။မြန်မာ့ကျေးရွာအုပ်ချုပ်ရေးစနစ်ကျန်ရစ်သကဲ့သို့ ဗြိတိသျှအုပ်ချုပ်ရေးကို ဆန့်ကျင်သော လုပ်ရပ်တို့လည်းကျန်ရစ်၏။ထိုအခါ ဆာချားလ်စ်ကရော့စသဝိတ် ( Sir Char၊es Crosthwaite) သည် မြန်မာတနိုင်ငံလုံး ဗြတိသျှကို ဦးညွှတ်လာအောင် ဆယ်နှစ်ဆယ်မိုး ငြိမ်ဝပ်ပိပြားအောင် အုပ်ချုပ်ပြီးလျှင် ကျေးရွာလက်စွဲ ဥပဒေ၊ ရွာသူကြီးလက်စွဲဥပဒေ စသည်တို့ကို ပြဋ္ဌာန်းခဲ့သည်။မူလက ရှိနှင့်ပြီးသော မြန်မာ့အုပ်ချုပ်ရေး ဓလေ့ထုံးစံတို့ကိုဖျက်၍ အုပ်ချုပ်ရေးအသစ် တီထွင်ပေးသော သဘောဖြစ်သည်။သို့ရာတွင် ဗြိတိသျှတို့ ပြဋ္ဌာန်းသော ဥပဒေထဲတွင် မြန်မာတို့၏ မြေသမာဓိစနစ်၊ ကျေးရွာအုပ်စု သမာဓိလူကြီးစနစ်၊ဆယ်အိမ်ခေါင်းစနစ်တို့သည် အထိုက်အလျောက် ပါဝင်မြဲ ပါဝင်လျှက် ရှိနေခဲ့သည်။ ယင်းသဘာဝကို အကဲခတ်ကြည့်လျှင် ရွာသူကြီးနှင့် ရွာသားတို့ သဘောထားချင်း ညှိနှိုင်းတိုင်ပင်ဆွေးနွေးသော မြန်မာ့ဓလေ့ကို ဗြိတိသျှတို့က လက်ခံကျင့်သုံးသင့်သလောက် လက်ခံကျင့်သုံးသည်ဟု ယူဆရန်ရှိသည်။
ထိုအစဉ်အလာတို့ကြောင့် အစပထမ၌ မြန်မာ့စနစ်အတိုင်း သူကြီးရာထူးကို သူကြီး၏ သားသမီးတို့က အမွေဆက်ခံ၍ သူကြီးအဖြစ် ဆောင်ရွက်နိုင်သော အခြင်းအရာကို တွေ့ရှိရသည်။
သို့သော် အထက်၌ ပြဆိုသည့်အတိုင်း ဗြိတိသျှတို့သည် မြန်မာမင်းတို့ကို သစ္စာခံသူတို့အား ထုတ်ပယ်၍ သူတို့ကို သစ္စာခံမည့်သူတို့အား သူကြီးရာထူးများကို အပ်နှင်းခဲ့၏။ယင်းသို့ အပ်နှင်းခဲ့သည့်တိုင်အောင် အဖကွယ်လွန်လျှင် အမွေခံထိုက်သော သားသမီးတို့က ရာထူးကို ဆက်ခံနိုင်သည့်အခွင့်အရေးကို မပယ်ဖျက်ခဲ့ချေ။
မြန်မာတို့သည် တစ တစဖြင့် ဗြိတိသျှအုပ်ချုပ်ရေးစနစ်ကို နိုင်နင်းစွာ လိုက်နာသုံးစွဲနိုင်၍ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလည်းခြင်းများကို တောင့်တလာကြသောအခါ ဗြိတိသျှအုပ်ချုပ်ရေးသမားများသည် အရေးပိုင် (ခရိုင်ဝန်) တို့က မိမိတို့ကြိုက်သောသူကို သူကြီးခန့်ထားပိုင်ခွင့်ရှိသည်ကို ပယ်ဖျက်၍ သူကြီးများကို ရွာသားတို့က မဲပေး၍ ရွေးချယ်သောစနစ်ကို ကျင့်သုံးခဲ့ကြသည်။
ဤကဲ့သို့ အပြောင်းအလဲများ ပြုလုပ်နေသော ခေတ်ကာလတွင် ဒီမိုကရေစီနည်းဖြင့် အုပ်ချုပ်သည်ဟူသော စကားကို အများသူငါ သုံးစွဲလာကြသည်။သို့သော် ထိုစနစ်အရ ရွေးချယ်တင်မြှောက်ခြင်းခံရသော လူကြီးမင်းသည်ပင်လျှင် ဒီမိုကရေစီဟူသော ဝေါဟာရကို အဆန်းဟုထင်မှတ်သည်။ယင်းဝေါဟာရ၏ အဓိပ္ပါယ်ကိုပင်လျှင် နားမလည်ခဲ့ချေ။
ငယ်စဉ်က ကျွန်တော်သည် သူကြီးရွေးကောက်ပွဲများကို ကျင်းပသောတာဝန်များကို ထမ်းဆောင်ခဲ့ဖူး၏။ရှေးက သူကြီးရွေးပွဲဆိုသည်ကို မကြားဖူးသော ရွာသားအချို့က"ဘာကြောင့် မဲနှင့်ရွေးနေရတုန်း။အရေးပိုင်ကသူကြိုက်တဲ့လူကို သူခန့်ပြီးမှ ယခု သူကြီးရွေးပွဲတွေနှင့် ရွာသားတွေ အလုပ် ရှုပ်အောင်လုပ်နေတယ်"ဟု ဝေဖန်ပြောဆိုသည်ကို ကြားခဲ့ဖူးပါသည်။
ထိုအခါ ကျေးရွာတွင် စာတတ်ပေတတ် ဗဟုသုတရှိသောပုဂ္ဂိုလ်တဦးက"ဟေ့ …အရင်က သူကြီးကို သူ့သဘောနဲ့သူ ရွေးပြီးခန့်တာ ဗြိတိသျှအလိုတော်ရိတွေ ဖြစ်ကုန်တယ်။ ယခု ငါတို့သဘောနဲ့ ငါတို့ရွေးပြီး သူကြီးခန့်တာကွ၊ ဒါမှ တို့သူကြီးဟေ့"ဟု ရှင်းပြပါသည်။
သူကဆက်၍"ငါ့သဘောခေတ်ကနေပြီး အများသဘောခေတ်ရောက်လာပြီ"ဟုလည်း ရွာသားများကို ဓမ္မကထိကလေသံဖြင့် ပြောလိုက်ပါသည်။
ကျွန်တော်တို့ မြန်မာစကားထဲမှာ နိုင်ငံခြားစကားများ ဝင်ရောက်ကျူးကျော်နေပါသည်။ဝေါဟာရကြွယ်လာသည့်အတွက် ကောင်းတာတွေအများကြီးရှိပါသည်။ သို့သော် ယနေ့တိုင် မကျေညက်သေးသော စကားလုံးအသစ်များကြောင့် ကျွန်ုပ်တို့သည် အရေးကြုံသောအခါ ယောင်လည်လည် ဖြစ်နေရပါသည်။
ရွာသားက အများသဘောဟု ဆိုသောအခါ အဓိပ္ပါယ်ရှင်းနေပါသည်။ဒီမိုကရေစီဟု ပြောသောအခါ ကျွန်တော်သည် ထိုစဉ်အခါက ရွာသားများ သဘောပေါက်အောင် ရှင်းမပြနိုင်ခဲ့ပါ။ထိုခေတ်က ပြည်သူလူထုဟူသောစကားကိုပင် အများက သုံးစွဲနေသည်မဟုတ်သောကြောင့် ကျွန်တော်သည် ပြည်သူ့အုပ်ချုပ်ရေးစနစ်ကို အာပေါက်အောင်ပြောရင်းနှင့် ဗြိတိသျှလက်ထက်တွင် ' ငါသည် ပြည်သူဟုတ်ပါသလော ' ဟူ၍ပင်လျှင် မစဉ်းစားတတ်အောင် ဖြစ်ခဲ့ဖူးပါ၏။
"အများသဘော"ဟုပြောသော ရွာသားသည် ကျွန်တော့်လို တက္ကသိုလ်မရောက်ခဲ့ဖူးပါ။သို့သော် သူက ကျွန်တော့ထက် 'လျင်' ပါသည်။ ။ (မောင်ထင်)
စာကို သူများတွေလို မှားအောင်မပြင်ဘဲ မူရင်းအတိုင်းတင်ပေးထားသူ ကျေးဇူး + ကွန်ဂရက်ကျူလေးရှင်း။
ဒေါက်တာတင့်ဆွေ
၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ
Comments
Post a Comment